#WorldHealth

Published 23 November 2021

ကမ္ဘာတစ်ဝန်းမှ သောင်းပေါင်းများစွာသော အမျိုးသမီးတွေဟာ ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံပြီးနောက် ဓမ္မတာရာသီပြောင်းလဲမှုများ ကြုံတွေ့ရကြောင်း သတင်းပေးပို့ထားကြတာကြောင့် ဆရာဝန်တွေနဲ့ သိပ္ပံပညာရှင်တွေအဖို့ စဉ်းစားစရာတွေဖြစ်လာပါတယ်။

စစ်တမ်းကောက်ယူချက်တွေအရ ဓမ္မတာဆင်းပုံ၊ အချိန်ကာလနဲ့ နာကျင်ခံစားရမှုတွေမှာပါ ပြောင်းလဲမှုတွေဖြစ်ခဲ့ကြောင်း တွေ့ရှိရပေမယ့် ကာကွယ်ဆေးကြောင့် ဒီလိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတယ်ဆိုတာကို သေသေချာချာ မထောက်ပြနိုင်သေးဘူးလို့ ဆရာဝန်အများစုက ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီလိုပြောင်းလဲခြင်းတွေက ခဏတာသာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်းကြောင့် သန္ဓေမျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အထောက်အထားမျိုးလည်း မတွေ့ရပါဘူးလို့ ပြောထားကြပါတယ်။

"အဲဒီလို ပတ်သက်မှုရှိတယ်ဆိုတာတော့ ဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမဲ့ သက်သေတော့ မပြနိုင်သေးပါဘူး"လို့ မီးယပ်အထူးကု ဒေါက်တာအစ်တ်မာနက်ဇာက ဆိုပါတယ်။ ဓမ္မတာမမှန်တာက အမျိုးသမီးတွေ ဖြစ်နေကျပဲလို့ နက်ဇာကဆိုပါတယ်။ အမျိုးသမီးတွေဟာ သွေးမဆုံးခင်ဘဝတလျှောက်လုံးမှာ ဓမ္မတာမမှန်တာတွေ ကြုံတွေ့ရနိုင်ပါတယ်။

ဘက်တီးရီးယားတို့ ဗိုင်းရပ်တို့အပြင် စိတ်ဖိစီးမှုတွေကြောင့်လည်း ဖြစ်တတ်ပြီး ဘာအကြောင်းကြောင့်မှ မဟုတ်ဘဲနဲ့လည်း ဖြစ်တတ်ကြောင်း ပြောသွားပါတယ်။ ပုံမှန်အတိုင်း ကျန်းကျန်းမာမာရှိပြီး ကာကွယ်ဆေးမထိုးထားတဲ့ အမျိုးသမီး ၁၆ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းကြားတွေမှာ ဓမ္မတာမမှန်ခြင်းတွေ ဖြစ်ပေါ်နိုင်ကြောင်း ထောက်ပြထားပါတယ်။

ကိုဗစ်ရောဂါကူးစက်ဖူးတဲ့ အလားတူအမျိုးသမီး အရေအတွက်ဟာလည်း ဓမ္မတာပြောင်းလဲမှုကြုံတွေ့ကြရပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့ အမျိုးသမီးအနည်းငယ်ဟာလည်း ထိုနည်းတူကြုံတွေ့ကြရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ကောက်ယူထားတဲ့ အချက်အလက်တွေအရ ကာကွယ်ဆေးထိုးထားသည်ဖြစ်စေ မထိုးထားသည်ဖြစ်စေ ဒီလိုပြောင်းလဲမှုဖြစ်ပေါ်လာတာနဲ့ ပတ်သက်မှုနည်းပါးကြောင်း ကမ္ဘာတစ်ဝန်းမှ တာဝန်ရှိသူအားလုံးက ထောက်ပြထားပြီး အစ္စရေးလ်တို့ကလည်း အလားတူဖြစ်တယ်လို့ ကူးစက်ရောဂါရှာဖွေရေးဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနမှ ဒါရိုက်တာဖြစ်သူ ဒေါက်တာ အမ်မလီ ယာအင်းနစ်က ဆိုပါတယ်။

သွေးဆုံးပြီးသားအမျိုးသမီးတွေမှာ ဓမ္မတာသွေးအများအပြားဆင်းခြင်း၊ ဓမ္မတာပြောင်းလဲခြင်းတို့ဖြစ်ပေါ်လာကြောင်း ဝန်ကြီးဌာနကို အကြောင်းကြားမှုတွေရှိတယ်လို့ အင်းနစ်ကပြောပါတယ်။

အမျိုးသမီးလူဦးရေ ၂ သန်း ပထမအကြိမ်ကာကွယ်ဆေးထိုးအပြီးမှာ အယောက် ၁၃၀၀ မှာ ထိုပြောင်းလဲခြင်းတွေဖြစ်ပေါ်ခဲ့ပြီး အမျိုးသမီးဦးရေ ၁ သန်းဒုတိယအကြိမ် ဆေးထိုးအပြီးမှာ အယောက် ၂၀၀၀ ဓမ္မတာပြောင်းလဲခြင်းတွေ ဖြစ်ပေါ်ခဲ့တယ်လို့  နောက်ဆုံးရအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

"ဓမ္မတာမမှန်ခြင်း အချိန်ကြာလာတာမျိုး၊ အလွန်မတန်သွေးစီးဆင်းခြင်းမျိုး ဖြစ်လာပြီဆိုရင်တော့ တခြားရောဂါလက္ခဏာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးပုံမှန်မဟုတ်တဲ့ အခြေအနေကြုံတွေ့လာရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်"လို့  အင်းနစ်ကဆိုပါတယ်။

Source: The Jerusalem Post.