#WorldHealth

Published - 23 November 2021

ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့လူတွေမှာ ကိုဗစ်ရောဂါဖြစ်ပွားခံစားရမှု နည်းပါးပေမယ့် မစိုးရိမ်ရတဲ့သဘောတော့ မဟုတ်ဘူးလို့ တွေ့ရှိချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ အမေရိကန်ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းက ကာကွယ်ဆေးထိုးပြီး ရောဂါကူးစက်ခံရသူ ၁၆၀၃၅ဦး၊ ကာကွယ်ဆေးမထိုးထားသူ ၄၈၅၃၆ ဦးနဲ့ ရောဂါကူးစက်ခြင်းမရှိသူ ၃.၆ သန်းတိုကို စစ်ဆေးစမ်းသပ်ခဲ့ကြပါတယ်။

ရောဂါကူးစက်ခံရအပြီး ၆ လအကြာမှာ ကာကွယ်ဆေးထိုးပြီး ရောဂါကူးစက်ခံရသူတွေဟာ ကာကွယ်ဆေးမထိုးထားတဲ့ ရောဂါကူးစက်ခံရသူတွေထက် သေဆုံးမှုနှုန်းနဲ့ ရေရှည်ကျန်းမာရေးပြဿနာဖြစ်ပေါ်နိုင်မှု ပိုနည်းပါးကြောင်း တွေ့ရှိရပါတယ်။ ဒါပေမဲ့ ကိုဗစ်ရောဂါ လုံးဝမကူးစက်ဖူးတဲ့ သူတွေနဲ့ယှဉ်ကြည့်ရင်တော့ ကာကွယ်ဆေးထိုးပြီး ရောဂါကူးစက်ခံရသူတွေမှာ သေဆုံးနိုင်ချေ ၅၃ ရာခိုင်နှုန်းနဲ့ အဆုတ်အင်္ဂါနဲ့ပတ်သက်တဲ့ ရောဂါတစ်မျိုးမျိုး ဖြစ်ပေါ်လာနိုင်ချေ ၅၉ ရာခိုင်နှုန်း ပိုများကြောင်း တွေ့ရှိရပါတယ်။

ကာကွယ်ဆေးထိုးပြီး ရောဂါကူးစက်သူတွေမှာ ဆေးရုံတက်ကုသရမှုနည်းပါးပေမယ့် အသက်သေဆုံးနိုင်ချေနဲ့ ရေရှည်ကျန်းမာရေးထိခိုက်နိုင်ချေတွေကိုတော့ လျစ်လျူရှုထားလို့ မရကြောင်း သုတေသနအဖွဲ့က တနင်္လာနေ့မှာ ဖော်ပြထားပါတယ်။

"ကိုဗစ်ကာကွယ်ဆေးထိုးပြီးသားသူတွေ ရောဂါကူးစက်ရာမှ အသက်သေဆုံးနိုင်မှုနဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်ပေါ်နိုင်တာကြောင့် ဖိအားတွေဖြစ်လာပါတယ်"လို့ သုတေသီတွေက ဆိုပါတယ်။

#YangonMediaGroup