#WorldPolitics

Published -  22 November 2021

ဆူဒန်နိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမငြိမ်မသက်ဖြစ်ခဲ့ပြီး ရက်သတ္တပတ်များစွာကြာပြီးတဲ့နောက်မှာတော့ ဝန်ကြီးချုပ်အက်ဘ်ဒဲလာဟမ်ဒေါ့ကို ရာထူးနေရာပြန်လည်အပ်နှင်းလိုက်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးသမားတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ဆူဒန်စစ်တပ်က တနင်္ဂနွေနေ့က ကတိပေးလိုက်ပါတယ်။

ဒါပေမဲ့လည်း ဆန္ဒပြလူအုပ်ကြီးက လမ်းပေါ်ထွက်ကာ စစ်တပ်နဲ့ပတ်သက်တဲ့ကိစ္စမှန်သမျှကို ကန့်ကွက်သွားဖို့ အော်ဟစ်နေခဲ့ကြပါတယ်။
၂၀၁၉ ခုနှစ်တော်လှန်ရေးမှာ သက်ဦးဆံပိုင်အုပ်ချုပ်ခဲ့တဲ့ အိုမာအယ်လ်ဘာရှီယာကို တွန်းလှန်ခဲ့ကြပြီးနောက် ဟမ်ဒေါ့ကိုပထမဆုံးအနေနဲ့ ရာထူးခန့်အပ်ခဲ့ပါတယ်။
အခုအကူးအပြောင်းကာလအတွင်း ဟမ်ဒေါ့ကို အရပ်သားအုပ်ချုပ်ရေးမှာ ဦးဆောင်လုပ်ကိုင်ဖို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ် အက်ဘ်ဒယ်ဖက်တာအယ်လ်ဘာဟန်က သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။

ဘာရှီယာကို တွန်းလှန်ခဲ့ကြပြီးကတည်းက အရပ်သားအုပ်ချုပ်ခွင့်အပြည့်အဝလိုချင်နေတဲ့ ဒီမိုကရေစီလိုလားသူတွေကတော့ ထိုသဘောတူညီချက်ကို ဆန့်ကျင်ခဲ့ကြပြီး အောက်တိုဘာ ၂၅ ရက်နေ့ အာဏာစသိမ်းကတည်းက ဆန္ဒပြသူဒါဇင်နဲ့ချီပြီး သေဆုံးခဲ့တာကြောင့် မကျေမနပ်ဖြစ်နေကြပါတယ်။

ဆန္ဒပြစဉ်က သူရဲကောင်းဖြစ်ခဲ့တဲ့ ဟမ်ဒေါ့ဟာ အခုတော့ဗီလိန်ဖြစ်နေရပါပြီ။
သဘောတူညီချက် ထွက်ရှိလာပြီးနောက်မှာတော့ "ဟမ်ဒေါ့က တော်လှန်ရေးကို မျက်ကွယ်ပြုသွားပြီ"လို့ ဆန္ဒပြကြွေးကြော်နေကြပါတယ်။

ဆန္ဒပြမှုကိုဦးဆောင်နေတဲ့ ဆူဒန်ကျွမ်းကျင်ပညာရှင်များအဖွဲ့အစည်း(SPA)က ဟမ်ဒေါ့ကို သစ္စာဖောက်လို့ ပြောကြားလိုက်ပါတယ်။
မြိုတော်ခါတွန်း၊ အွမ်ဒါမန်နဲ့ ဘာရီမြို့တွေမှာ သောင်းပေါင်းများစွာသော ပြည်သူတွေက သတ်မှတ်ထားတဲ့နေရာတွေမှာ စုရုံးခဲ့ကြပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူအုပ်ကြီးကိုဖြိုခွဲဖို့ ကျည်ဆံတွေနဲ့ မျက်ရည်ယိုဗုံးတွေ အသုံးပြုခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတွေကဆိုပြီး အွမ်ဒါမန်မြို့မှာ အသက် ၁၆ နှစ်အရွယ်ဆန္ဒပြသူတစ်ဦးဟာ ကျည်ဆံထိမှန်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဆူဒန်ဗဟိုဆရာဝန်ကော်မတီက ဆိုပါတယ်။

"ဟမ်ဒေါ့ကိုတော့ စိတ်ပျက်သွားပြီ။ ကျွန်တော်တို့ကတော့ လမ်းပေါ်ထွက်ဆန္ဒပြဖို့ပဲရှိပါတယ်"လို့ ခါတွန်းမှ အသက် ၂၆ နှစ်ရှိ ဆန္ဒပြသူတစ်ဦးကဆိုပါတယ်။
အမေရိကန်၊ ဗြိတိန်၊ နော်ဝေ၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂ၊ ကနေဒါနဲ့ ဆွစ်ဇာလန်နိုင်ငံတို့က ဟမ်ဒေါ့ကိုပြန်လည်နေရာချထားမှုအပေါ် လက်ခံကြိုဆိုလိုက်ပြီး အခြားနိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းနေကြပါတယ်။

အနောက်တိုင်းနိုင်ငံတွေက ပြီးခဲ့တဲ့လက ဆူဒန်မှာအာဏာသိမ်းမှုအပေါ်ကို ရှုတ်ချဝေဖန်လိုက်ပြီး ဆူဒန်နိုင်ငံအပေါ် စီးပွားရေးထောက်ပံ့မှုတွေကို ရပ်ဆိုင်းထားလိုက်ပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် စစ်တပ်ကို လူအများအပြား ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး စစ်တပ်ရဲ့အကြမ်းဖက်ဖြိုခွဲမှုကြောင့် အရပ်သား ၁၄ ယောက်သေဆုံးခဲ့ကြောင်း ဆန္ဒပြမှုကိုအားပေးထောက်ခံတဲ့ ဆေးအဖွဲ့ကဆိုလိုက်ပါတယ်။

နောက်ထပ်သေဆုံးမှုတွေ မဖြစ်အောင် သဘောတူညီချက်ကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း ဟမ်ဒေါ့ကဆိုပါတယ်။
"ဆူဒန်ပြည်သူတွေရဲ့ အသက်သွေးက တန်ဖိုးရှိပါတယ်။ နောက်ထပ်သွေးထွက်သံယိုမဖြစ်စေဘဲနဲ့ လူငယ်တွေရဲ့အင်အားကို နိုင်ငံတိုးတက်ရေးအတွက် အသုံးချဖိုလိုအပ်ပါတယ်"လို့ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲမှာ ဟမ်ဒေါ့က ပြောကြားခဲ့ပါတယ်။

Source: Reuters