Published 22 Nov 2021

ဘက်တီနာလာမန်းဟာ ဗင်တီလေတာလို့ခေါ်တဲ့ အသက်ရှုစက်တပ်ထားရတာ ရက်သတ္တပတ်ပေါင်းများစွာရှိခဲ့ပါပြီ။ ဒါပေမယ့် သူ့ကို မေ့မျောနေရာကနေ နိုးထဖို့ ဆရာဝန်တွေက လှုပ်နိုးပေမယ့် သူမက ဘာမျှမတုန့်ပြန်ပါဘူး။ အဲဒါကြောင့် သူမရဲ့မိသားစုဝင်တွေက သူမကို အသက်ကယ်ပေးနေတဲ့ ကိရိယာတွေကို ဖြုတ်ပေးလိုက်ဖို့ နောက်ဆုံမတော့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ကြရပါတယ်။

မိသားစုဝင်တွေဟာ သူမရဲ့ ဈာပနအတွက် လိုအပ်တာတွေ စီစဉ်ကြပါတယ်။ ခေါင်းတလားတွေနှင့်မြေပုံမှတ်တိုင်တွေကို လည်းရွေးချယ်နေကြပါတယ်။ သူမကို နောက်ဆုံးနှုတ်ဆက်ဖို့ပြင်ဆင်နေကြတာပါလို့ သားဖြစ်သူ အင်ဒရူးလာမန်းက စီအင်န်အင်န်ကို ပြောပါတယ်။

သူမကိုတပ်ဆင်ထားတဲ့ အသက်ကယ်ကိရိယာတွေဖြုတ်ပစ်မယ့် နေ့အရောက်မှာ သူမဆေးရုံတက်ရာ ပေါ့တ်လန်းက မိန်း ဆေးရုံက သားဖြစ်သူလာမန်းကို ဖုန်းဆက်လာပါတယ်။

“ အခုချက်ခြင်းဆေးရုံကကိုလာစေချင်တယ်” လို့ဆေးရုံကပြောပါတယ်။ သူက ဘာဖြစ်လို့လဲဗျာလို့ စိတ်ပူပူနှင့်ပြန်မေးမိပါတယ်။

“ဘာမှမဖြစ်ဘူး။မဖြစ်ဘူး။ရှင့်အမေ ပြန်နိုးလာပြီ”

သတင်းလည်းကြားလိုက်ရော သူဖုန်းကိုလွှတ်ချလိုက်မိတယ်လို့ လာမန်းကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကပ်ဘေးစကတည်းက လူပေါင်း ခုနှစ်သိန်းခြောက်သောင်းရှစ်ထောင်ကျော် သေဆုံးခဲ့ရပြီး ဖြစ်တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ အချက်အလက်တွေအရသိရပါတယ်။ အမေရိကန်လူဦးရေရဲ့ ၅၈.၉ ရာခိုင်နှုန်းဟာ ကာကွယ်ဆေးအပြည့်ထိုးပြီးသူတွေဖြစ်တယ်လို့လည်း စီဒီစီကပြောပါတယ်။

 ဖေဖော်ဝါရီတုန်းက အသက်၇၀ပြည့်ခဲ့တဲ့ သူ့မိခင်ဆီမှာ ဆီးချိုအပါအဝင် ရောဂါအခံတွေအများကြီးရှိတယ်။ နှလုံးသွေးကြောပိတ်တာတစ်ကြိမ်ဖြစ်ခဲ့တယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်က ခွဲစိတ်ကုသမှုလေးကြိမ်လုပ်ခဲ့ရတယ်လို့ သားဖြစ်သူ လာမန်းက ပြောပါတယ်။

စက်တင်ဘာလဆန်းပိုင်းမှာ သူမဟာ ကိုဗစ်ရောဂါလက္ခဏာတွေစတင်ပြခဲ့ပါတယ်။ အဲဒါကြောင့် စက်တင်ဘာ ၁၂ရက်မှာ ဆေးရုံတက်ရပြီး ၂၁ရက်နေ့အရောက်မှာ အသက်ရှုစက်စတပ်ရတယ်လို့ သားဖြစ်သူကပြောပါတယ်။

သူမဟာ ကာကွယ်ဆေးတော့မထိုးရသေးပေမယ့် ဆေးထိုးမယ်လုပ်နေတုန်းမှာ ကိုဗစ်ကူးစက်ခံရတာဖြစ်တယ်လို့ဆိုပါတယ်။

သူမအခြေအနေဟာ တဖြည်းဖြည်းချင်းယိုယွင်းလာနေပြီး မျှော်လင့်ချက်မရှိတော့ဘူးလို့ မိသားစုတွေကို ဆရာဝန်တွေက ပြောခဲ့ပါတယ်။

“ဆရာဝန်တွေက အမေ့ရဲ့အဆုတ်ဟာ  ပြန်ပြုပြင်လို့မရအောင် ပျက်စီးနေပြီလို့ပြောတယ်”

 သူမပြန်ပြီးနိုးထလာတဲ့အချိန်အထိက သုံးပတ်လောက်ကြာခဲ့ပါတယ်။ သူမဟာ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဆေးရုံရဲ့ ပြောရေးဆိုခွင့်ရအမျိုးသမီးက စီအင်န်အင်န်ကိုပြောပါတယ်။ပုဂ္ဂိုလ်ရေးလုံခြုံမှုဥပဒေအရ သူမနှင့်ပတ်သက်တဲ့ နောက်ထပ် သတင်းအချက်အလက်တွေကိုလည်း ထပ်မပေးပါဘူး။

သူ့မိခင်ဟာ ခန္ဓာကိုယ်တွင်းအစိတ်အပိုင်းတွေ ဘာတစ်ခုမှ မထိခိုက်ခဲ့ဘူးလို့ လာမန်းကပြောပါတယ်။ သူမအခုလို ရုတ်တရက်ကြီးပြန်ကောင်းသွားတာကို ဘယ်သူမှ နားမလည်နိုင်ကြပါဘူး။

“အမေက ဘာသာတရားကိုင်းရှိုင်းတယ်။ အဲဒါကြောင့် ဘုရားကျောင်းက မိတ်ဆွေတွေ အများကြီးရှိတယ်။ အမေ့အတွက် သူတို့က ဝိုင်းပြီးဆုတောင်းပေးနေကြတာ” လို့ လာမန်းကပြောပါတယ်။

“ အဲဒါကြောင့် ဒါကို ဆေးဘက်ဆိုင်ရာရှုထောင့်ကနေရှင်းပြလို့ မရနိုင်ဘူး။ ဘာသာရေးရှုထောင့်က   ဆို ဖြစ်ကောင်းဖြစ်နိုင်တယ်။ကျွန်တော်က အဲသလောက်ဘာသာတရားကိုင်းရှိုင်းတဲ့သူမဟုတ်ဘူး။ ဒါပေမယ့် တစ်ခုခုကတော့ အမေ့ကို ကူညီပေးလိုက်တယ်လို့ ကျွန်တော်ယုံကြည်လာမိတယ်” လို့ သူကဆက်ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က သူ့အမေနှင့် နာရီကြကြာ စကားပြောရပြီး ခေါင်းတွေလက်တွေလှုပ်လာနိုင်တယ်။ အသက်ရှုစက်မလိုဘဲ အောက်ဆီဂျင်ပေးထားပြီး  အသက်ရှုလို့ရနေတယ်လို့ သူကဆိုပါတယ်။

သူဘယ်ရောက်နေတယ်၊သူ့ကိုယ်သူဘယ်သူဆိုတာ အမေကချက်ခြင်းသိနေတယ်လို့ လာမန်းကပြောပါတယ်။ ဆရာဝန်တွေရဲ့ အဆိုအရ မေ့မျောရာက ပြန်သတိရလာသူတွေဟာ အစပိုင်းမှာ စိတ်ရှုပ်ထွေးမှုတွေရှိတတ်တယ်လို့သိရပါတယ်။ ဒါပေမယ့် သူ့အမေဟာ အဲဒါတွေ ဘာမှမတွေ့ကြုံလိုက်ရပါဘူး။

သူမဟာ စိတ်ချရတဲ့အခြေအနေတော့မဟုတ်သေးဘဲ အချိန်မရွေးနောက်ပြန်လှည့်သွားနိုင်လို့ ကျန်းမာရေးဝန်ထမ်းတွေက စောင့်ကြည့်နေဆဲဖြစ်ပါတယ်။

လန်မန်းနှင့်သူ့မိခင်တို့ဟာ ဖလော်ရီဒါမှာ နေထိုင်ကြပေမယ့် ကင်ဆာအဆင့်(၄)ရောက်နေတဲ့ ဖခင်ကြီးကို စောင့်ရှောက်ဖို့ မိန်း ကိုရောက်နေကြတာပါ။ သူ့ဖခင်ကင်ဆာဝေဒနာသည်ဟာလည်း ကိုဗစ်ကူးစက်ခံရပေမယ့် ပြန်ကောင်းသွားခဲ့ပါတယ်။ လာမန်းနှင့်သူ့ဇနီးတို့လည်း ကိုဗစ်ကူးစက်ခံခဲ့ရတာပါ။သူကလာမယ့်ရက်သတ္တပတ်အနည်းငယ်တွင်း ကာကွယ်ဆေးထိုးတော့မယ်လို့ ပြောပါတယ်။

သူမမေ့မျောနေတုန်းက ဘုရားသခင်ထံဆုတောင်းနေခဲ့တယ်။ သူမဆီလာတဲ့သူတွေပြောတာတွေကို သူမအကုန်သိနေခဲ့တယ်လို့ မိခင်ဖြစ်သူက လာမန်းက ပြောပါတယ်။

“ ဒီမှာ ကျွန်တော့်အတွက်အားတက်မှုဖြစ်စေတဲ့ စကားလုံးတွေက  မျှော်လင့်ချက်ကို အရှုံးမပေးလိုက်ပါနှင့်။ ဒီလို အခြေအနေမျိုးရှိနေတဲ့ မိသားစုဝင်တွေဆီ ကိုယ်ရောက်သွားရင် သူတို့ကိုစကားပြောပေးပါ။ကိုယ်ဘာပြောတယ်ဆိုတာ သူတို့သိနေတယ်” လို့ လာမန်းကပြောပါတယ်။

“အမေက အံမခန်းစရာတစ်ဦးပဲ” လို့ လာမန်းကပြောပါတယ်။

 

Source CNN