#WorldPolitics

Published - 20 November 2021

နောက်လာမယ့်ဖေဖော်ဝါရီလမှာ ပြုလုပ်သွားမယ့် ဘေဂျင်းအိုလံပစ်ပြိုင်ပွဲကို အမေရိကန်က သံတမန်ရေးရာအရ သပိတ်မှောက်သွားဖို့ စဉ်းစားထားကြောင်း သမ္မတဂျိုးဘိုင်ဒန်က ကြာသပတေးနေ့ကပြောလိုက်ပြီး သူနဲ့တခြားအမေရိကန်အစိုးရမှ ကိုယ်စားလှယ်တွေ ဘယ်သူမှတက်ရောက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီသပိတ်မှောက်မှုဟာ ရှင်ကျန်ဒေသအနောက်ဘက်မှာ အွီဂွာမွတ်ဆလင်တွေကို တရုတ်တို့က လူ့အခွင့်အရေးချိုးဖောက်ခဲ့ကြောင်း ယူဆရပြီး ဝါရှင်တန်က ဒါဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်တယ်လို့ ဆိုလိုက်ပါတယ်။

သပိတ်မှောက်ခြင်းဟာ ပြိုင်ပွဲဝင်မယ့် အမေရိကန်အားကစားသမားတွေနဲ့တော့ မသက်ဆိုင်ပါဘူး။သပိတ်မှောက်ဖို့အကြောင်းကို သတင်းထောက်တွေက မေးမြန်းရာမှာ ဘိုင်ဒန်က သပိတ်မှောက်ဖို့စဉ်းစားနေကြောင်း ဆိုပါတယ်။

အိမ်ဖြူတော်မှ သတင်းစာရှင်းလင်းပွဲတာဝန်ခံဖြစ်သူ ယန်ဆာကီကတော့ အစိုးရအဖွဲ့က သံတမန်အရသပိတ်မှောက်မယ်ဆိုတာ ဘာကိုပြောချင်တာလဲဆိုတာကို တိတိကျကျရှင်းပြဖို့ ငြင်းဆန်သွားပါတယ်။

ဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီဂျင်ပင်းတို့ အွန်လိုင်းအစည်းအဝေးတွေ့ဆုံခဲ့ပြီး ကုန်သွယ်မှုကစလို့ လူ့အခွင့်အရေးတွေ ထိုင်ဝမ်ကိစ္စတွေအထိ နှစ်နိုင်ငံအကြား တင်းမာမှုတွေကို စေ့စပ်ဖြေရှင်းခဲ့ကြပြီး ရက်ပိုင်းအကြာမှာပဲ ဘိုင်ဒန်က အခုလိုမှတ်ချက်ပြုပြောကြားသွားပါတယ်။

တရုတ်တို့က အမေရိကန်အား အိုလံပစ်ပြိုင်ပွဲကို နိုင်ငံရေးထဲဆွဲမထည့်ဖို့ တိုက်တွန်းလိုက်ပြီး ရှင်ကျန်ကကိစ္စက ပြည်တွင်းရေးတစ်ခုသာဖြစ်ကြောင်း ဆိုပါတယ်။

"အားကစားကို နိုင်ငံရေးထဲဆွဲထည့်တာက အိုလံပစ်ပြိုင်ပွဲအပေါ် ထိခိုက်စေပါတယ်"လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျောင်လီကျန်က သတင်းထောက်တွေကို ပြောခဲ့ပြီး တရုတ်နိုင်ငံမှာ ဘေးကင်းစိတ်ချရပြီး အံ့ဩဖွယ်ရာပြိုင်ပွဲဖြစ်မြောက်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အစည်းအဝေးမှာ ရှီက ဘိုင်ဒန်ကို အိုလံပစ်ဖွင့်ပွဲလာရောက်ဖို့ ဖိတ်ခေါ်လိမ့်မယ်လို့ ထင်ထားခဲ့ကြပေမယ့် သူတိုနှစ်ယောက်က ဘေဂျင်းအိုလံပစ်ပြိုင်ပွဲအကြောင်း ထည့်သွင်းမဆွေးနွေးခဲ့ကြဘူးလို့ အမေရိကန်အရာရှိတွေက ဆိုပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ဂျပန်မြို့တော်က နွေရာသီအိုလံပစ်ပိတ်ပွဲအပြီး နှစ်ဝက်အကြာမှ ပြုလုပ်မယ့် ဘေဂျင်းအိုလံပစ်နဲ့ပတ်သက်ပြီး ဂျပန်အစိုးရက ဘယ်လိုမှတ်ချက်ပြုသွားမလဲဆိုတာကို မပြောသွားပါဘူး။

"နိုင်ငံတိုင်းမှာ သူ့ကိုယ်ပိုင်သတ်မှတ်ချက် လုပ်ပိုင်ခွင့်တွေရှိပါတယ်။ ဂျပန်ကလည်း ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် စဉ်းစားသုံးသပ်သွားမှာပါ"လို့ ကီရှီဒါက သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

သံတမန်အရသပိတ်မှောက်သွားဖို့ ဘိုင်ဒန်ဆီကို အကြံပြုချက်လျှောက်ထားလိုက်ပြီး ဒီလမကုန်ခင်မှာ အသိအမှတ်ပြုသွားဖို့ မျှော်လင့်ကြောင်း ဝါရှင်တန်က အင်္ဂါနေ့မှာ သတင်းတင်ပို့ထားပါတယ်။

ဘိုင်ဒန်တို့အစိုးရအဖွဲအနေနဲ့ မဟာမိတ်နိုင်ငံတွေကို အသိပေးသွားမှာဖြစ်ပေမယ့် အမေရိကန်အတိုင်း သပိတ်မှောက်မှာလား မမှောက်ဘူးလားဆိုတာကိုတော့ ကိုယ်တိုင်ဆုံးဖြတ်စေမှာဖြစ်တယ်လို့ သတင်းစာမှာဖော်ပြထားပါတယ်။

မေလမှာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့မှ နန်စီပယ်လိုစီက အွီဂွာမွတ်ဆလင်တွေကို တရုတ်တို့က လူမျိုးသုဉ်းသတ်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းကို ဝိုင်းဝန်းစဉ်းစားကြဖို့ တောင်းဆိုထားပါတယ်။
Source: Kyodo News.