#WorldEducation

Published - 17 November 2021

ယခုနှစ်အမေရိကက ကောလိပ်တွေမှာ ပညာသင်ကြားဖို့အတွက် နိုင်ငံတကာမှ ကျောင်းသားကျောင်းသူတော်တော်များများ ရောက်ရှိလာကြပြီဖြစ်ပါတယ်။

ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ပညာရေးစနစ်ကို ထိခိုက်စေခဲ့ပြီး ပြီးခဲ့တဲ့နှစ်က လာရောက်ပညာသင်ကြားတဲ့ စာသင်သားအရေအတွက် စံချိန်တင်လျော့နည်းခဲ့မှုကိုတော့ ပြန်လည်ကုစားနိုင်ဖို့ လိုအပ်နေသေးကြောင်း စစ်တမ်းတစ်ခုမှာဖော်ပြထားပါတယ်။

ဒီနှစ်ဆောင်းဦးမှာ အမေရိကန်ကောလိပ်တွေနဲ့ တက္ကသိုလ်တွေမှာ နိုင်ငံတကာမှ လာရောက်ပညာသင်ယူ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ နိုင်ငံတကာပညာရေးအဖွဲ့အစည်းက တနင်္လာနေ့မှာ စစ်တမ်းတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ ၁၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ပညာရေးအဖွဲ့အစည်း အချက်အလက်တွေစတင်ထုတ်ပြန်ခဲ့တဲ့ ၁၉၄၈ ခုနှစ်အချိန်ကစပြီး အလျော့နည်းဆုံးဖြစ်ခဲ့ပါတယ်။

အခုလို ပညာလာရောက်သင်ယူသူများပြားလာခြင်းဟာ နွေရာသီနောက်ပိုင်း ဒယ်လ်တာမျိုးဗီဇကွဲပျံ့နှံချိန်မှာ ကောလိပ်တွေရဲ့ခန့်မှန်းချက်တွေထက်စာရင် သာလွန်နေပါသေးတယ်။

ဗီဇာထုတ်ပေးဖို့ကိစ္စတွေ ပုံနေပြီး အချို့ကျောင်းသားတွေက ကပ်ရောဂါကာလအတွင်း ပညာသင်ယူဖို့ စိတ်မပါတာကိုလည်း တွေ့နေရပါတယ်။

ဒီနှစ်မှာ ပညာလာရောက်သင်ယူသူ အရေအတွက်များလာခြင်းက ပညာရေးစနစ်ပြန်လည်ထူထောင်ဖို့ ပထမဆုံးခြေလှမ်းအဖြစ် တက္ကသိုလ်တွေနဲ့ အမေရိကန်အရာရှိတွေက မျှော်လင့်နေကြပါတယ်။

နိုင်ငံတကာမှာ ခရီးသွားလာသူတွေ အလွန်များပြားလာတာကြောင့် ကောလိပ်တွေအနေနဲ့ ကပ်ရောဂါမတိုင်ခင်ကာလထက် ကျောင်းသားဦးရေပိုများလာနိုင်တယ်လို့လည်း အကောင်းဘက်ကမြင်ကြည့်လို့ရပါတယ်။

"ကပ်ရောဂါအကျော်မှာ ပညာလာရောက်သင်ယူသူ မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီနှစ်မှာ ကျောင်းသားဦးရေများပြားလာတာဟာ နိုင်ငံတကာမှကျောင်းသားတွေဟာ အမေရိကန်ရဲ့ပညာသင်ကြားရေးကို တန်ဖိုးထားပြီး အမေရိကန်မှာ ဆက်လက်ပညာဆည်းပူးချင်တဲ့ သဘောဖြစ်ပါတယ်"လို့ နိုင်ငံတော်ယာယီလက်ထောက်ဝန်ကြီး မက်သရူးလူဆန်ဟော့ပ်က သတင်းထောက်တွေကို ပြောသွားပါတယ်။

အမေရိကန်ကောလိပ် ၇၀ ရာခိုင်နှုန်းက ဒီဆောင်းဦးအချိန်မှာ နိုင်ငံတကာမှလာရောက်တဲ့ ကျောင်းသားဦးရေမြင့်တက်လာပြီး ၂၀ ရာခိုင်နှုန်းသောကောလိပ်တွေကတော့ ကျောင်းသားဦးရေလျော့နည်းလာကာ ၁၀ ရာခိုင်နှုန်းကောလိပ်တွေကတော့ နဂိုအတိုင်းဆက်ရှိနေခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒီအချက်အလက်တွေဟာ အမေရိကန်ရှိ ကျောင်းပေါင်း ၈၀၀ မှ ကြိုတင်စစ်တမ်းကောက်ယူထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကမှာ လာရောက်ပညာသင်ယူချင်ပေမယ့်လည်း ကပ်ရောဂါဖြစ်ပွားပြီး အစီအစဉ်တွေပျက်ခဲ့ရတာကြောင့် အခုနှစ်မှာ ကျောင်းသားဦးရေတိုးများလာတာလည်း ဖြစ်နိုင်ပါတယ်။

ယခုနှစ်မှ စာရင်းသွင်းကျောင်းအပ်တဲ့ ကျောင်းသားဦးရေဟာ ၆၈ ရာခိုင်နှုန်းများလာပြီး ပြီးခဲ့တဲ့နှစ်ကတော့ ၄၆ ရာခိုင်နှုန်းလျော့နည်းခဲ့ရပါတယ်။

ဩဂုတ်လအတွင်း အိန္ဒိယရှိ အမေရိကန်သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ ကိုဗစ်ရောဂါကြောင့် ၂ လလောက်နောက်ကျပြီးမှ ဗီဇာထုတ်ပေးပေမယ့်လည်း ကျောင်းသားဦးရေ ၅၅၀၀၀ အထိ ဗီဇာထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်က သံရုံးတွေမှာတော့ ကျောင်းသားဗီဇာ ၈၅၀၀၀ ခန့် ထုတ်ပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။
"အခုဆိုရင် ပညာလာရောက်သင်ယူသူဦးရေက အရင်အတိုင်းပြန်ဖြစ်လာပါပြီ"လို့ တက္ကသိုလ် ဘွဲကြိုလျှောက်ထားရေးမှ ဒါရိုက်တာအန်ဒီဘော့စ်က ဆိုပါတယ်။
Source: AP News