#WorldPolitics

Published - 13 November 2021

ကမ္ဘောဒီးယားနိုင်ငံက သူတို့ရဲ့ရေတပ်စခန်းစီမံကိန်းနဲ့ပတ်သက်ပြီး အထက်ပိုင်းစစ်ရေးအရာရှိ ၂ ဦးကို အမေရိကန်က အရေးယူပိတ်ဆို့မှုအပေါ်မှာ ဒေါသတကြီး အပြစ်တင်ရှုတ်ချသွားပြီး ဒါဟာ အမေရိကန်တို့က အာဏာပါဝါပြချင်တဲ့သဘောဖြစ်ကာ စိတ်ပျက်စရာလုပ်ရပ်ဖြစ်တယ်လို့ သောကြာနေ့က ပြောသွားပါတယ်။

အမေရိကန်ဘဏ္ဍာရေးအစိုးရအဖွဲ့က ဒီအပတ်အတွင်း Ream ရေတပ်စခန်းစီမံကိန်းမှာ အကျင့်ပျက်ခြစားမှုရှိတယ်လို့ စွပ်စွဲပြောဆိုလိုက်တဲ့ ကာကွယ်ဝန်ကြီးဌာနမှအရာရှိ Chau Phirun နဲ့ ရေတပ်ဗိုလ်မှူး Tea Vinh တို့ကို အမေရိကန်ပိုင်ပစ္စည်းသုံးစွဲမှုမှ ရပ်ဆိုင်းခိုင်းလိုက်ပြီး အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါအရာရှိ ၂ ယောက်နဲ့ အခြားကမ္ဘောဒီးယားအရာရှိတွေဟာ စီမံကိန်းကုန်ကျစရိတ်တွေကို ဖောင်းပွလာစေပြီး ထွက်လာတဲ့အပိုငွေတွေကို သူတို့အိတ်ကပ်ထဲထည့်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြတယ်ဆိုပြီး ဝါရှင်တန်က စွပ်စွဲပြောဆိုခဲ့တာဖြစ်ပါတယ်။

"နိုင်ငံတွေအကြားရှိ ဆက်ဆံရေးအခြေအနေတွေကြောင့် ကမ္ဘောဒီးယားအရာရှိတွေအပေါ် အခြေအမြစ်မရှိဘဲ စွပ်စွဲပြောဆိုခဲ့တဲ့ အမေရိကန်ရဲ့လုပ်ရပ်နဲ့ စိတ်တိုင်းကျခြယ်လှယ်စီရင်မှုကို ပြင်းပြင်းထန်ထန်ရှုချပါတယ်"လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

"အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံရဲ့ အထင်ကရပုဂ္ဂိုလ်တွေအပေါ် အမေရိကန်တို့ရဲ့ တဖက်သတ်ဆန်ဆန် အရေးယူပိတ်ဆို့ခြင်းကြောင့် အခြားနိုင်ငံတွေရဲ့ လွတ်လပ်ခွင့်ကို မထီမဲ့မြင်ပြုရာကျပြီး ပြည်တွင်းရေးကိစ္စတွေမှာ ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွက်ဖက်ရာကျပါတယ်"ဆိုပြီး ဖော်ပြထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အခုလိုအရေးယူပိတ်ဆို့ခြင်းဟာ နှစ်နိုင်ငံကြားပူးပေါင်းဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။ ထိုင်းပင်လယ်ကွေ့က ရေတပ်စခန်းဟာ အမေရိကန်နဲ့ ကမ္ဘောဒီးယားတို့ ပူးပေါင်းဆောင်ရွက်နေကြတဲ့ စီမံကိန်းဖြစ်ပြီး ထိုစီမံကိန်းမှာ တရုတ်တို့ကဝင်ရောက်ပတ်သက်နေတယ်လို့ ဝါရှင်တန်က သံသယရှိလာတာကြောင့် နှစ်နိုင်ငံအကြား ပြဿနာတွေ ကြုံတွေ့နေရပါတယ်။

အဲဒီစခန်းမှာ အမေရိကန်တို့နဲ့စပ်တူငွေကြေး အကုန်အကျခံကာတည်ဆောက်ထားတဲ့ အဆောက်အအုံတွေနဲ့ အမေရိကန်စစ်ရေးလေ့ကျင့်ရာနေရာတွေကို ကမ္ဘောဒီးယားတို့က ဖျက်ချနေခဲ့တာဖြစ်ပါတယ်။ တရုတ်တို့နဲ့သဘောတူညီမှုရယူပြီး ဆောက်လုပ်နေတယ်လို့ ယူဆရတဲ့ အဆောက်အအုံသစ် ၂ ခုကိုလည်း ဩဂုတ်တုန်းက ဂြိုလ်တုမှဓာတ်ပုံရိုက်ကူးရရှိခဲ့ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen ကတော့ သူ့နိုင်ငံရဲ့ရေတပ်စခန်းမှာ တရုတ်စစ်တပ်ကိုလက်ခံထားရှိတယ်ဆိုတာကို ထပ်ခါထပ်ခါငြင်းချက်ထုတ်ထားပါတယ်

အမေရိကန်အထက်အရာရှိတွေက ကမ္ဘောဒီးယားအနေနဲ့ တရုတ်စစ်တပ်ကိုလက်ခံထားရှိတယ်ဆိုပါက ဝါရှင်တန်နဲ့ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်လို့ သတိပေးထားပါတယ်။ တရုတ်တို့ဟာ အခုနောက်ပိုင်း တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်တွေမှာ နယ်မြေတိုးချဲ့ဖို့ ဆက်တိုက်ပြုလုပ်လာတာကြောင့် အာရှနိုင်ငံအများစုနဲ့ အခြေအနေတင်းမာမှုတွေ မြင့်တက်နေပြီး ကမ္ဘောဒီးယား တစ်နိုင်ငံတည်းကသာ တရုတ်ဘက်တော်သားအဖြစ် သိသိသာသာ မြင်တွေ့နေရပါတယ်။

Source: CNA