#WorldBusiness

Published 12 November 2021

တရုတ်နိုင်ငံက လူလွတ်များနေ့အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဈေးရောင်းပွဲတော်မှာ ဒေါ်လာ ၁၃၉.၁ ဘီလီယံဖိုး ဝယ်ယူသုံးစွဲခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ငွေကြေးသုံးစွဲမှုနည်းပါးပေမယ့် မနှစ်ကဈေးပွဲတော်ထက် သုံးစွဲမှုပိုများခဲ့တာဖြစ်ပါတယ်။

အလီဘာဘာကုမ္ပဏီက နိုဝင်ဘာ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပွဲတော်အတွင်းသုံးစွဲခဲ့တဲ့ပမာဏကို ရေတွက်ရာမှာ ယွမ် ၅၄၀.၃ ဘီလီယံ(ဒေါ်လာ ၈၄.၅ ဘီလီယံ) ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ၉၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၄ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ ဆိုပါတယ်။

အလီဘာဘာရဲ့ စီးပွားရေးပြိုင်ဘက်ဖြစ်တဲ့ JD.com ဟာ အောက်တိုဘာ ၃၁ ရက်နေ့မှ နိုဝင်ဘာ ၁၁ ရက်နေ့အထိ ယွမ် ၃၄၉.၁ ဘီလီယံ(ဒေါ်လာ ၅၄.၆ ဘီလီယံ) ရရှိခဲ့ပြီး ၂၀၂၀ ကထက် ၂၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

ဈေးကွက်စီးပွားရေးကျဆင်းမှုနဲ့ နည်းပညာဆိုင်ရာလုပ်ငန်းတွေကို ကန့်သတ်ထိန်းချုပ်မှုတွေက အွန်လိုင်းမှရောင်းဝယ်ဖောက်ကားနေကြတဲ့ အအောင်မြင်ဆုံးပွဲတော်ကို ဈေးကွက်ထိခိုက်မှုဖြစ်စေခဲ့ပါတယ်။
လူလွတ်များနေ့ဟာ နှစ်တစ်နှစ်ရဲ့ အွန်လိုင်းရောင်းဝယ်မှုအများဆုံး ပြုလုပ်ကြတဲ့ပွဲတော်အဖြစ် သတ်မှတ်နိုင်ပါတယ်။

အရင်နှစ်တွေတုန်းက ဒီပွဲတော်မှာ ရောင်းချကြမယ့် ကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေက အကြီးအကျယ် ကြိုတင်ကြော်ငြာခြင်းတွေပြုလုပ်လေ့ရှိပြီး ဝယ်ယူသုံးစွဲမယ့်သူတွေ ဈေးသက်သက်သာသာဖြင့် ဝယ်ယူချင်လာအောင် အသက်သာဆုံးလျှော့ဈေးတွေနဲ့ ဆွဲဆောင်ကြော်ငြာကြတာဖြစ်ပါတယ်။

ဒါပေမဲ့ အရင်က '၁၁.၁၁'လို့ခေါ်ခဲ့တဲ့ လျှော့ဈေးအစီအစဉ်တွေ ရှိပေမယ့် စီးပွားရေးအခြေအနေ ကျဆင်းလာမှုနဲ့အတူ အရောင်းအဝယ်တွေ ပါးသွားမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကတည်းက အွန်လိုင်းမှာ ရောင်းဝယ်ဖောက်ကားတဲ့ပွဲတော်ကို စတင်မိတ်ဆက်ခဲ့တဲ့ အလီဘာဘာဟာ ဒီနှစ်မှာတော့ ဒီပွဲတော်ကရတဲ့ တကယ့်ရောင်းအားပမာဏကို လူအများမြင်သာအောင် ချပြခြင်းမရှိပါဘူး။

အလီဘာဘာက ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ ရောင်းအားပမာဏတွေကို ဂုဏ်ယူစွာနဲ့ ချပြဖူးခဲ့ပြီး ဒီနှစ်မှာတော့ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။

တရုတ်နိုင်ငံမှတာဝန်ရှိသူတွေက နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ အလီဘာဘာနဲ့ အစားအစာပို့ဆောင်ရေးလုပ်ငန်း Meituan တို့လို ကုမ္ပဏီတွေကို စီးပွားရေးပြိုင်ဘက်မပီသတဲ့ အပြုအမူတွေကြောင့် ဖိနှိပ်ကန့်သတ်ခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းက အလီဘာဘာကို စီးပွားရေးဈေးကွက်မျှတစွာပြိုင်ဆိုင်ခြင်း ဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး ဒေါ်လာ ၂.၈ ဘီလီယံ ဒဏ်ကြေးရိုက်ခဲ့ပါတယ်။

လူလွတ်များနေ့မတိုင်ခင်က အလီဘာဘာ၊ JD.com နဲ့ Meituan ကုမ္ပဏီတွေကို ပွဲတော်အတွင်း ဝယ်ယူသုံးစွဲသူတွေထံ ကြော်ငြာစာတွေ အလွန်အကြူးမပေးပို့ဖို့ မှာကြားထားပါတယ်။
ပြီးခဲ့တဲ့အပတ်က အလီဘာဘာ၊ Meituan တို့အပါအဝင် အွန်လိုင်းစီးပွားရေးလုပ်ငန်း ၁၆ ခုကို တာဝန်ရှိသူတွေက ဖိတ်ကြားခဲ့ပြီး ဈေးကွက်မမျှမတ မဖြစ်စေဖို့ သတိပေးခဲ့ပါတယ်။

ဝယ်ယူသုံးစွဲသူတွေက အရင်လူလွတ်များနေ့ပွဲတော်တွေမှာ လူသုံးကုန်ပစ္စည်းတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူစုဆောင်းလေ့ရှိပေမယ့် အခုကတော့ သုံးစွဲတဲ့ပုံစံတွေ ပြောင်းလဲလာပြီဖြစ်ပါတယ်။
ကပ်ရောဂါကြောင့် ဝယ်လိုအားကျဆင်းလျက်ရှိပြီး အားလုံးကလည်း မသေချာမရေရာဖြစ်နေခဲ့ကြပါတယ်။

"၂၀၂၁ ကတော့ ကပ်ရောဂါတွေကြောင့် စီးပွားရေးကျဆင်းလာပြီး လူတွေလည်း ပျာယာခတ်ကုန်ကြပါတယ်။ ငွေကို လက်ထဲဆောင်ထားရင်ကောင်းမယ်လို့ ထင်လာကြတယ်။ လူတွေက ချက်ကျလက်ကျစဉ်းစားပြီး သုံးစွဲလာကြတယ်"လို့ ဘေကျင်းက နေထိုင်သူတစ်ဦးကဆိုပါတယ်။

အခြားတစ်ယောက်ကတော့ "ကျွန်တော်ကတော့ ငွေအနည်းလောက်ကို အချိန်ကုန်ခံ အားကုန်ခံပြီး စုဆောင်းမယ့်အစား တကယ်လိုအပ်တာလေးတွေကိုပဲ ဝယ်လိုက်တယ်။ နောက်လာမယ့်ပွဲတော်တွေမှာ လျှော့ဈေးတွေ ဒီထက်ပိုပြီးလျှော့ချပေးနိုင်ဖို့ မျှော်လင့်တယ်"လို့ ပြောသွားပါတယ်။
Source: AP News