#WorldNews

Published - 10 November 2021

အမျိုးသမီးငယ်များ ပညာသင်ယူခွင့်ရရှိရေးနဲ့ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ရပ်တည်ပြခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မာလာလာယူဆက်ဖ်ဇိုင်ဟာ လက်ထပ်ခဲ့ပြီဖြစ်တယ်လို့ အင်္ဂါနေ့မှာ တွစ်တာပေါ်ကနေ ပြောကြားသွားခဲ့ပါတယ်။

မာလာလာ အသက် ၁၅ နှစ်အရွယ်တုန်းက ၂၀၁၂ ခုနှစ်အတွင်း ဇာတိမြေပါကစ္စတန်နိုင်ငံမှာ တာလီဘန်အကြမ်းဖက်တစ်ယောက်ရဲ့ သေနတ်ပစ်သတ်ခြင်းကို ခံခဲ့ရပေမယ့် အသက်ရှင်ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။ အခုအခါ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့မာလာလာဟာ ဗြိတိန်မှာနေထိုင်လျက်ရှိပြီး သူတို့ရဲ့လက်ထပ်ပွဲကို ဘာမင်ဂမ်မြို့ကအိမ်မှာပဲ မိသားစုဝင်တွေနဲ့အတူ ပြုလုပ်ခဲ့ပါတယ်။

မာလာလာက သူ့ခင်ပွန်းဖြစ်သူနာမည်ကို 'အက်ဆာ'လို့သာ ဖော်ပြထားပါတယ်။ "ဒီနေ့ကတော့ ဘဝမှာအရမ်းအဖိုးတန်တဲ့နေ့ပါ။ အက်ဆာနဲ့ကျွန်မတို့ တသက်လုံးလက်တွဲသွားမှာဖြစ်ပါတယ်"လို့ ဓာတ်ပုံ ၄ ပုံနဲ့အတူ တွစ်တာမှာ ရေးသားထားပါတယ်။

မာလာလာက သူ့ခင်ပွန်းဖြစ်သူနဲ့ပတ်သက်ပြီး နာမည်ကလွဲလို့ တခြားဘာမှမပြောသွားပါဘူး။ အင်တာနက်ပေါ်မှလူတွေကတော့ သူဟာ ပါကစ္စတန်ခရစ်ကတ်အဖွဲ့ရဲ့ ဖွံဖြိုးတိုးတက်ရေး အထွေထွေမန်နေဂျာ အက်ဆာမာလစ်ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ရိုက်တာသတင်းဌာနကတော့ ဒါကိုအတည်မပြုထားသေးပါဘူး။

အမျိုးသမီးထုအခွင့်အရေးရရှိရေးအတွက် ရဲရဲဝံ့ဝံ့ပြောဆိုရဲတဲ့သတ္တိကြောင့် ကမ္ဘာတဝန်းနဲ့ အနောက်တိုင်းနိုင်ငံတွေမှာ မာလာလာကို သဘောကျလေးစားကြပါတယ်။

ပါကစ္စတန်မှာတော့ သူ့ရဲ့ဖော်ထုတ်ပြောဆိုမှုတွေကြောင့် လူအများကြားသဘောထား ကွဲလွဲမှုတွေဖြစ်နေခဲ့ပါတယ်။မာလာလာက ဒီတသက်လက်ထပ်ဖြစ်မလားဆိုတာ မသေချာခဲ့ဘူးလို့ ယခုနှစ်ဇူလိုင်လတုန်းက ဗြိတိန် Vogue မဂ္ဂဇင်းကို ပြောခဲ့ပါသေးတယ်။

"လူတွေက ဘာလို့လက်ထပ်မင်္ဂလာပွဲတွေ လုပ်လဲဆိုတာ ကျွန်မအခုထိနားမလည်နိုင်ပါဘူး။ တစ်ယောက်ယောက်ကို လက်တွဲတော့မယ်ဆိုရင် ဘာလိုလက်ထပ်စာချုပ်တွေမှာ လက်မှတ်ထိုးနေရတာလဲ။ ဒီအတိုင်းလက်တွဲဖော်အဖြစ် နေသွားလို့မရဘူးလား"လို့ မှတ်ချက်ပြုပြောသွားပါတယ်။ အဲဒီမှတ်ချက်စကားကြောင့် ပါကစ္စတန်က လူမှုကွန်ရက်တွေဟာ ဝေဖန်မှုတွေထွက်ပေါ်လာပါတယ်။

Source: Reuters