#WorldHealth

Published -  22 October 2021

နိုဝင်ဘာ ၁ ရက်ကစပြီး ကိုဗစ်ရောဂါပြင်းထန်မှုနည်းပါးတဲ့ နိုင်ငံ ၄၅ နိုင်ငံမှ ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးပြီးသား ခရီးသွားဧည့်သည်များအနေနဲ့ ထိုင်းနိုင်ငံကို လေကြောင်းလိုင်းဖြင့်လာရောက်ရာမှာ စမ်းသပ်စစ်ဆေးချက်ပြုလုပ်လို့ ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရှိပါက ကွာရန်တင်းဝင်စရာမလိုဘဲ ထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

ဒီကြေညာချက်ကို ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက အောက်တိုဘာ ၂၁ ရက်နေ့က ဖေ့စ်ဘွတ်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

"ကျွန်တော်တို့ မြန်မြန်ဆောင်ရွက်မှ ရပါမယ်။ ဘာလို့လဲဆိုတော့ အားလုံးအဆင်ပြေတဲ့အချိန်ကို စောင့်နေရင် နောက်ကျကုန်လိမ့်မယ်"လို့ ပရာယွတ်က ပြောပါတယ်။

အစကတော့ ကိုဗစ်ရောဂါအန္တရာယ်နည်းပါးတဲ့ နိုင်ငံ ၁၀ နိုင်ငံမှ ကာကွယ်ဆေးအပြည့်ထိုးပြီးသား ခရီးသွားတွေကိုသာ ကွာရန်တင်းဝင်စရာမလိုဘဲ ထိုင်းနိုင်ငံက ဝင်ခွင့်ပေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောပြချက်အရ လာရောက်မယ့် ခရီးသွားတွေဟာ သတ်မှတ်ထားတဲ့ နိုင်ငံ‌ဒေသတွေမှာ အနည်းဆုံး ၂၁ ရက် ဆက်တိုက်နေထိုင်ထားသူဖြစ်ကာ ထိုင်းနိုင်ငံကို မလာခင် ၇၂ နာရီအတွင်း RT-PCR test စစ်ဆေးထားရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို ရောက်တဲ့အခါမှာလည်း RT-PCR test စစ်ဆေးရမှာဖြစ်ပြီး ရောဂါပိုးမရှိကြောင်း စစ်ဆေးချက်မထွက်ခင် သတ်မှတ်ခွင့်ပြုထားတဲ့ ဟိုတယ်တွေမှာ စောင့်ဆိုင်းနေရမှာ ဖြစ်ပါတယ်။

ကျန်းမာရေးအာမခံအနေနဲ့ အမေရိကန်ဒေါ်လာ ၅ သောင်းကိုလည်း မဖြစ်မနေ ထားရှိရမှာဖြစ်ပါတယ်။ နိုင်ငံ ၄၅ နိုင်ငံထဲမှာပါဝင်တဲ့ နိုင်ငံအချို့ကတော့ ဩစတြေးလျ၊ ဘရူနိုင်း၊ က‌မ္ဘောဒီးယား၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အစ္စရေးလ်၊ ဂျပန်၊ မလေးရှား၊ နော်ဝေ၊ ကာတာ၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ ယူကေ၊ အမေရိကန်တို့ ပါဝင်ပါတယ်။

အခြားနိုင်ငံအများအပြားကလည်း နိုင်ငံဝင်ခွင့်ပြုပြီး နိုင်ငံတကာခရီးသွားတွေ သက်တောင့်သက်သာ အဆင်ပြေပြေလာရောက်နိုင်ဖို့ ကြေညာထားကြတာကြောင့် အစီအစဉ်တွေ ပြောင်းလိုက်ရတာဖြစ်ကြောင်း ဝန်ကြီးချုပ်ကဆိုပါတယ်။

"ကျွန်တော်တို မြန်မြန်လေး ပြင်ဆင်ထားဖို့လိုပါတယ်။ ကာကွယ်ဆေးတွေကိုလည်း ပိုမိုအရှိန်မြှင့်ထိုးနှံဖို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကို တောင်းဆိုထားပါတယ်" လို့ ပရာယွတ်က ပြောလိုက်ပါတယ်။

ခရီးသွားဧည့်သည်တွေ ဝင်ရောက်ခွင့်ပြုလိုက်တာဟာ ရောဂါကူးစက်ပျံ့ပွားနိုင်တဲ့ အန္တရာယ်ရှိပေမယ့်လည်း ဒီလိုပဲစွန့်စားရမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ဝန်ခံပြောကြားသွားပါတယ်။

အရင်ကထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အရ သတ်မှတ်နိုင်ငံ ၄၅ နိုင်ငံမှာမပါဝင်တဲ့ နိုင်ငံတွေက ခရီးသွားတွေကတော့ ကွာရန်တင်းဝင်ရမှာဖြစ်ပြီး ဘန်ကောက်လိုမျိုး လူနေထူထပ်တဲ့နေရာ‌တွေမှာ စားသောက်ဆိုင်ထိုင်တာတွေကို တားမြစ်ထားမှာဖြစ်ပါတယ်။

Source CNA