#WorldHealth
 
Published 22 October 2021
 
ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ လူတွေက ရောဂါကူးစက်မှုကြောင့် သေဆုံးနိုင်ချေအလွန်နည်းပါးပြီး အသက်အရွယ်အလွန်အိုမင်းသူတွေနဲ့ ကာကွယ်ဆေးမထိုးခင်ကတည်းက ရောဂါခံစားနေရသူတွေသာ သေဆုံးနိုင်ချေရှိနိုင်တယ်လို့ အီတလီက လေ့လာချက်တစ်ရပ်မှာ ဗုဒ္ဓဟူးနေ့က ဖော်ပြထားပါတယ်။
 
ကိုဗစ်ရောဂါကြောင့် သေဆုံးမှုတွေအကြောင်း ဖော်ပြထားတဲ့ အမျိုးသားကျန်းမာရေးအဖွဲ့အစည်း ISS ရဲ့ လေ့လာသုံးသပ်ချက်အရ ကာကွယ်ဆေးထိုးနှံအပြီး သေဆုံးသူတွေရဲ့ ပျှမ်းပျအသက်က ၈၅ နှစ်ရှိပြီး သူတို့တွေမှာ ရောဂါအခံ ၅ မျိုးလောက် ရှိနေကြပါတယ်။
 
ကာကွယ်ဆေးမထိုးထားတဲ့ သေဆုံးသူတွေကတော့ ပျှမ်းပျအသက် ၇၈ နှစ်ရှိနေပြီး ရောဂါအခံ ၄ မျိုးလောက် ရှိကြပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့ သေဆုံးသူအများစုမှာ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ စိတ်မနှံ့တဲ့ရောဂါနဲ့ ကင်ဆာရောဂါတွေ ရှိတတ်ကြပါတယ်။
 
ဒီနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ အောက်တိုဘာ ၅ ရက်နေ့အထိ စမ်းသပ်ထားတဲ့ လေ့လာချက်တွေအရ ကာကွယ်ဆေးမထိုးဘဲသေဆုံးသူ ၆၇၁ ဦးရှိပြီး ကာကွယ်ဆေးထိုးပြီးသားသေဆုံးသူ ၁၇၁ ဦးရှိပါတယ်။
 
လေ့လာသုံးသပ်နေတဲ့ကာလအတွင်း အီတလီမှာ ကိုဗစ်ကြောင့်သေဆုံးသူစုစုပေါင်း ၃၈,၀၉၆ ဦးရှိပါတယ်။ ထိုထဲမှ ၃၃,၆၂၀ ဦးက ကာကွယ်ဆေးမထိုးရသေးပါဘူး။
 
၂,၁၃၀ ဦးက ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးသားဖြစ်ပြီး ၁,၄၄၀ ဦးက ကာကွယ်ဆေးအပြည့်ထိုးပြီးသား ဖြစ်ပါတယ်။
 
အီတလီမှာ ကာကွယ်ဆေးထိုးပြီးသားဖြစ်ရမယ့် လူဦးရေသတ်မှတ်ချက်ဖြစ်တဲ့ ၈၀ ရာခိုင်နှုန်းကို ဒီလအစောပိုင်းက ပြည့်မီသွားပြီဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်ဟာ ဗိုင်းရပ်စ်ပိုးကို ထိရောက်စွာကာကွယ်နိုင်ဖို့ အစိုးရက သတ်မှတ်ထားတဲ့ ပမာဏဖြစ်ပါတယ်။
 
ဒီစံချိန်သတ်မှတ်ချက်ကို ရောက်ရှိခဲ့ပေမယ့် အောက်တိုဘာ ၁၅ ရက်နေ့ကစပြီး အစိုးရက ဝန်ထမ်းလုပ်သားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကိုဗစ်ရောဂါကင်းစင်ကြောင်း ထောက်ခံစာတွေကို ပြုလုပ်ခိုင်းတာဖြစ်ပါတယ်။
 
ဒီကိစ္စကြောင့် တစ်ခါတရံ ရောမမြို့တော်အပါအဝင် မြို့ပေါင်းများစွာမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေကြပါတယ်။
 
Source Reuters
 
#Yangon_Media_Group