#WorldBusiness

Published 20 October 2021

အလီဘာဘာဟိုးလ်ဒင်းအုပ်စုရဲ့တွဲဖက်တည်ထောင်သူ ဂျက်မားဟာ သူ့ရဲ့ နည်းပညာအင်ပါယာကြီးကို အစိုးရက ဖြိုခွင်းပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ဥရောပကို စတင်ခရီးထွက်လာကြောင်း ဟောင်ကောင်မီဒီယာတွေရဲ့ သတင်းကို ကိုးကားပြီး ဘလွမ်းဘတ်စီးပွားရေးသတင်းဌာနက ရေးသားလိုက်ပါတယ်။

အသက်၅၇နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကုဋေကြွယ်သူဋ္ဌေးကြီးဂျက်မားဟာ ဟောင်ကောင်မှာခရီးတစ်ထောက်နားပြီး ယခု စပိန်နိုင်ငံမှာရောက်ရှိနေပါတယ်လို့ အလီဘာဘာပိုင်ဆိုင်တဲ့ တောင်တရုတ်နံနက်ခင်းသတင်းစာကြီးက သတင်းရေးသား လိုက်ပါတယ်။ မားဟာ နိုင်ငံရပ်ခြားမှာ စီးပွားရေးလုပ်ငန်းဆိုင်ရာ အစည်းအဝေးတွေဆက်တိုက်ရှိနေပြီး စပိန်နိုင်ငံက စိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းပညာလုပ်ငန်းတွေကို လှည့်လည်လေ့လာဖို့ရှိတယ်လို့လည်း သတင်းစာကရေးသားပါတယ်။

မားဘယ်မှာရှိနေတယ်ဆိုတာကိုပြောကြားဖို့ သူ့ရဲ့ဖောင်ဒေးရှင်းကိုမေးမြန်းရမှာ အလီဘာဘာရဲ့ပြောရေးဆိုခွင့်ရသူက ငြင်းဆိုပါတယ်။ ဖောင်ဒေးရှင်းက အီးမေးလ်နှင့်မေးမြန်းတာကိုလည်း မတုန့်ပြန်သေးပဲရှိနေပါတယ်။

ပြီးခဲ့တဲ့တစ်နှစ်က ဘေဂျင်းဟာ ပုဂ္ဂလိက ကဏ္ဍကို ပြုပြင်ပြောင်းလဲမှု ပြင်းပြင်းထန်ထန်လုပ်ခဲ့ပါတယ်။ ဂျက်မားတည်ထောင်ထားတဲ့ အလီဘာဘာနှင့်ပေါင်းစည်းထားတဲ့ Ant Group Co ရဲ့အများပိုင်အစီအစဉ်ကိုလည်း ရပ်တန့်စေခဲ့ပါတယ်။ အဲဒီနောက် ဈေးကွက်အာဏာကို မတော်မလျော်အသုံးပြုတယ်ဆိုပြီးတော့ အလီဘာဘာကိုလည်း လက်ဝါးကြီးအုပ်မှုစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ပုံမှန်အားဖြင့် လူသူအရှေ့နေလို့ရှိတဲ့ ဂျက်မားဟာလည်း မြင်ကွင်းတွေကနေ လနှင့်ချီပြီး ကွယ်ပျောက်သွားခဲ့တာဖြစ်ပါတယ်။

အလီဘာဘာဟာ ဈေးကွက်လက်ဝါးကြီးအုပ်မှုကြောင့် ဒဏ်ကြေး ဒေါ်လာ ၂.၈ဘီလျံဆောင်ရတဲ့အပြင် အလေ့အထတွေကိုလည်း ပြုပြင်ပြောင်းလဲဖို့ ကတိပေးခဲ့ရပါတယ်။

အဆိုးရွားဆုံးသော နှိမ်နှင်းမှုတွေပြီးဆုံးပြီလို့ ရင်းနှီးမြှပ်နှံသူတွေက အသေအချာလောင်းလိုက်တဲ့အတွက်  သူ့ရဲ့ ရှယ်ယာတွေပြန်မတ်လာပါတယ်။ဗုဒ္ဓဟူးနေ့က ၉.၂ရာခိုင်နှုန်းတက်လာပြီး ဒီလစောစောပိုင်းနှင့်ယှဉ်ရင် ၃၀ရာခိုင်နှုန်းကျော်ခုန်တက်လာတာဖြစ်ပါတယ်။

Source: Bloomberg