#WorldNews

Published _  20 October 2021

ကနေရီကျွန်းတွေမှာရှိတဲ့ မီးတောင်တစ်ခုပေါက်ကွဲမှုကြောင့် ပိတ်မိနေခဲ့တဲ့ ခွေးလေး၃ ကောင်ကို ကယ်ဆယ်ဖို့ စပိန်ဒရုန်းအဖွဲ့အစည်းတစ်ခုက ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်ပါတယ်။

အားအင်ပြတ်လပ်မှုကြောင့် ပိန်လှီနေတဲ့ခွေးလေးတွေကို အဝေးထိန်းစနစ်ဖြင့် ပိုက်ကွန်အုပ်ဖမ်းပြီးတော့ ချော်ရည်တွေပေါ်ကနေ ပျံသန်းခေါ်ထုတ်သွားမှာ ဖြစ်ပါတယ်။

လာပါလ်မာကျွန်းပေါ်ရှိ မီးတောင်ပြာတွေ ဖုံးနေတဲ့ခြံဝင်းအလွတ်တစ်ခုမှာ ထိုခွေးလေး ၃ ကောင်က ကူကယ်ရာမဲ့နေခဲ့ကာ ရက်သတ္တပတ်ချီပြီး ကြာရှိနေပြီဖြစ်ပါတယ်။

ခွေးလေးတွေကို ဒရုန်းကနေ အစာထုပ်တွေ ချကျွေးထားပါသေးတယ်။ ဒါပေမဲ့ သူတို့ကိုဘယ်လိုကယ်ထုတ်ရမလဲဆိုတာကိုတော့ ဘယ်သူမှ စဉ်းစားမရဖြစ်ခဲ့ပါသေးတယ်။ ချော်ရည်ကထွက်တဲ့ အပူရှိန်က ရဟတ်ယာဉ်ဒလတ်ကို ပျက်စီးစေနိုင်တာကြောင့် အဲဒီနေရာကို ရဟတ်ယာဉ်တွေပျံသန်းခွင့် မပြုထားပါဘူး။

ကယ်တင်မယ့်အစီအစဉ်ကို တင်ပြပြီးတဲ့အခါမှာတော့ ခွေးလေးတွေကို ကယ်ဆယ်ဖို့ အာဏာပိုင်တွေက ခွင့်ပြုလိုက်ပြီလို့ ဖော်ပြထားပါတယ်။

အေရိုကမ်မရာဒရုန်းကုမ္ပဏီရဲ့ ဥက္ကဌ ဂျေမီပါရဲရားက ကယ်ဆယ်မယ့်အကြောင်းကို အခုလိုပြောသွားပါတယ်။ "၅၀ ကီလိုဂရမ်အလေးချိန်ရှိတဲ့ ဒရုန်းမှာ ပိုက်ကွန်ကျယ်ကျယ်တစ်ခုတပ်ဆင်ကာ ခွေးတွေကိုအုပ်မိအောင် ပြုလုပ်ပါမယ်။ တစ်ကောင်ပြီးတစ်ကောင် ဖမ်းပြီးတော့ ချော်ရည်ပေါ် ၄၅၀ မီတာအကွာကနေ ပျံသန်းပြီး ဘေးကင်းရာကို ခေါ်ဆောင်သွားမှာပါ"

"တိရိစ္ဆာန်တွေကို ဒရုန်းဖြင့်ဖမ်းဆီးကယ်ဆယ်ရမှာက ဒါပထမဆုံးအကြိမ်ပါပဲ။ ခွေးလေးတွေအတွက် ဒါနောက်ဆုံးမျှော်လင့်ချက်ဆိုရင် လုပ်ရမှာပဲလေ"ခွေးကိုပိုက်ကွန်ထဲ မျှားခေါ်ဖိုအချိန် ၄ မိနစ်သာရမှာဖြစ်ပြီး ပျံသန်းထွက်ခွာဖို့ နောက်ထပ် ၄ မိနစ်အချိန်ရမှာဖြစ်ပါတယ်။

"ချော်ရည်တွေပေါ် ပျံသန်းရင်း ဘက်ထရီအားကုန်သွားလို့ မဖြစ်ပါဘူး" လို့ ပါရဲရားကဆိုပါတယ်။ စမ်းသပ်ပျံသန်းမှုတွေ ပြုလုပ်နေပေမယ့်လည်း ကယ်ဆယ်ရေးအောင်မြင်ဖို့ကတော့ ခွေးလေးတွေ ဒရုန်းကိုမြင်တဲ့အခါ တုံပြန်တဲ့အပေါ်ပဲမူတည်တယ်လို့ ဆိုပါတယ်။

"ဒီရက်တွေအတွင်း သူတို့တွေ အစာနည်းနည်းပဲစားရပါတယ်။ ဒရုန်းကိုမြင်တဲ့အခါ သူတိုလာချင်ရင်လည်း လာမယ်။ ဒရုန်းကိုမြင်ပြီး ကြောက်သွားတာလည်း ဖြစ်နိုင်တယ်။ ခွေးလေးတွေတုံ့ပြန်မှုအပေါ်ကိုပဲ မူတည်နေပါတယ်"

Source Reuters