#WorldPolitics

Published 19 October 2021

တရုတ်နဲ့ရုရှားတို့မှ စစ်သင်္ဘော ၁၀ စင်းဟာ ဂျပန်ကျွန်းစုကြီးနဲ့ ဟိုကိုင်ဒိုကျွန်းမြောက်ဘက်တို့ကို ပိုင်းခြားထားတဲ့ ရေလက်ကြားကနေ တနင်္လာနေ့က ဖြတ်သန်းသွားခဲ့ပြီး သူတိုရဲ့လှုပ်ရှားမှုကို သေချာစောင့်ကြည့်နေရတယ်လို့ ဂျပန်အစိုးရက ပြောသွားပါတယ်။

တရုတ်နဲ့ရုရှားစစ်သင်္ဘောတွေပူးပေါင်းပြီး ဂျပန်ပင်လယ်နဲ့ ပစိဖိတ်သမုဒ္ဒရာကို ပိုင်းခြားထားတဲ့ ဆူဂါရူရေလက်ကြားကနေဖြတ်သန်းသွားလာတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဂျပန်ကအတည်ပြုလိုက်ပါတယ်။

ဒီရေလက်ကြားဟာ နိုင်ငံတကာပိုင်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။
အရှေ့တရုတ်ပင်လယ်က ကျွန်းစုငယ်လေးတွေ ပိုင်ဆိုင်ခွင့်နဲ့ပတ်သက်ပြီး ဂျပန်နဲ့တရုတ်တို့ ကာလကြာရှည်စွာ အငြင်းပွားနေကြရပါတယ်။

တိုကျိုဟာ မော်စကိုနဲ့လည်း နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အငြင်းပွားနေကြရပါတယ်။
"တရုတ်နဲ့ရုရှား စစ်သင်္ဘောတွေ ဂျပန်နားမှာသွားလာလှုပ်ရှားနေတာကို အစိုးရက သေချာစောင့်ကြည့်နေရပါတယ်" လို့ လက်ထောက်အစိုးရအကြံပေးအကြီးအကဲ ယိုရှီဟီကို အစ်ဆိုဆာကီက အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

"ဂျပန်လေပိုင်နက်နဲ့ ရေပိုင်နက်တွေမှာ စောင့်ကြည့်ရေးလုပ်ငန်းတွေကို အတတ်နိုင်ဆုံးဆက်လက်လုပ်ဆောင်သွားမှာပါ"သင်္ဘောတွေဖြတ်သန်းသွားလာမှုက ဘာစည်းမျဉ်းစည်းကမ်းမှ ချိုးဖောက်တာမဟုတ်သလို ဂျပန်ရေပိုင်နက်အတွင်းမှာလည်း ပစ်ခတ်မှုတွေ မရှိခဲ့ဘူးလို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

ရုရှားနဲ့တရုတ်တို့ ဂျပန်ပင်လယ်ပြင်မှာ ပူးပေါင်းစစ်ရေးလေ့ကျင့်နေတာဟာ အောက်တိုဘာ ၁၄ ရက်မှ ၁၇ ရက်နေ့အတွင်း နှစ်နိုင်ငံရေတပ် ပူးပေါင်းမှုရဲ့ တစိတ်တဒေသဖြစ်ပြီး ရုရှားပစိဖိတ်ရေတပ်မှ စစ်သင်္ဘောတွေနဲ့ အကူသင်္ဘောတွေလည်း ပါဝင်ခဲ့ပါတယ်။

မော်စကိုနဲ့ ဘေဂျင်းတို့ဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးအဆင်မပြေတာကြောင့် နှစ်နိုင်ငံကြား သံတမန်ရေးရာနဲ့ စစ်ရေးတို့မှာ အခုတလော ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။
Source Reuters