#WorldHealth


Published -20 October 2021

ပြင်သစ်နိုင်ငံ ဗယ်လ်နီဗာကုမ္ပဏီက သူတို့စမ်းသပ်ထုတ်လုပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေးဟာ အက်စ်ထရာဇန်နီကာထက် မသာရင်တောင် အနည်းဆုံးတန်းတူလောက်ရှိပြီး ဘေးထွက်ဆိုးကျိုးအလွန်နည်းပါးတယ်လို့ တနင်္လာနေ့ကဆိုပါတယ်။

ဗယ်လ်နီဗာ (Valneva) ကာကွယ်ဆေးကို ကာကွယ်ဆေးစမ်းသပ်တွေက စမ်းသပ်စစ်ဆေးနေကြပြီး ထုတ်လုပ်ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။

mRNA ကာကွယ်ဆေးတွေထက် ပိုမိုရိုးရှင်းတဲ့နည်းပညာကို အသုံးပြုထားတာကြောင့် ကာကွယ်ဆေးထိုးဖို့တွန့်ဆုတ်နေတဲ့ ဥရောပသားတွေအတွက် ယုံကြည်စိတ်ချရတဲ့ ကာကွယ်ဆေးဖြစ်လာနိုင်ပါတယ်။

"ပြည်တွင်းရော နိုင်ငံတကာမှာပါ ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေကို ထိုးပေးဖို့က တကယ်အရေးကြီးပြီး ဒါကိုဦးစားပေးလုပ်ရမယ်" လို့ စမ်းသပ်မှုကိုဦးဆောင်ပြုလုပ်နေတဲ့ အဒမ်ဖင်းက သတင်းထောက်တွေကို ပြောသွားပါတယ်။

ဗယ်လ်နီဗာရဲ့ VLA2001 ကာကွယ်ဆေးဟာ ကိုယ်ခန္ဓာခုခံအားကို သိသာစွာမြှင့်တင်ပေးပြီး ကိုဗစ်ရောဂါပိုးဝင်ရောက်လာတဲ့အခါ antibody ခုခံအားဖြင့် ကာကွယ်ပေးနိုင်စွမ်းက အက်စ်ထရာဇန်နီကာကာကွယ်ဆေးထက် မလျော့ဘူးလို့ ဆိုပါတယ်။

"ကာကွယ်ဆေးနှစ်မျိုးစလုံးက ရောဂါပြင်းထန်မှုကို ထိရောက်စွာကာကွယ်ပေးနိုင်ပါတယ်။ စမ်းသပ်ချက်တွေမှာလည်း ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ကုသမှုမရှိဘူး"လို့ ဖင်းကမှတ်ချက်ပြုပြောသွားပါတယ်။

လတ်တလောဆေးရုံတက်ကုသမှုနဲ့ သေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ ဒယ်လ်တာမျိုးဗီဇကွဲ ကူးစက်ပျံ့နှံနေချိန်မှာ ဗယ်လ်နီဗာကို စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

၂၈ ရက်ခြားပြီး နှစ်ကြိမ်ထိုးရတဲ့ ဗယ်လ်နီဗာကာကွယ်ဆေးဟာ လက်နာကျင်ခြင်း ဖျားနာခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးများ သိသိသာသာနည်းပါးကြောင်း လေ့လာတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။

ဗယ်လ်နီဗာကုမ္ပဏီက ၂၀၂၁ ခုနှစ်အကုန်မှာ ဗြိတိန်တာဝန်ရှိသူများထံမှ ခွင့်ပြုချက်ရဖို့ရည်မှန်းထားပြီး နောက်နှစ်မတ်လအကုန်မှာ ဥရောပသမဂ္ဂထံမှ ခွင့်ပြုချက်ရဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

ကုမ္ပဏီက သူတိုရဲ့ကာကွယ်ဆေးတွေကို စကော့တလန်နိုင်ငံမှာ ဆက်လက်ထုတ်လုပ်သွားဖို့ စီစဉ်ထားပါတယ်။

Source The Jerusalem Post