#WorldPolitics

Published -19  October 2021

ဩစတြေးလျနိုင်ငံက နျူကလီးယားဓာတ်အားပေး ရေငုပ်သင်္ဘောများ ဝယ်ယူမယ့်အစီအစဉ်ကို မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က လုံးဝလက်မခံနိုင်ကြောင်း၊ နျူကလီးယားလက်နက်များ ပါဝင်မှာမဟုတ်ပေမယ့်လည်း ဒီကိစ္စကြောင့် စိုးရိမ်နေရကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့မှာ ပြောသွားပါတယ်။

ဩစတြေးလျ၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ ပြီးခဲ့တဲ့လက ၃ နိုင်ငံကြားလုံခြုံရေးဆိုင်ရာ သဘောတူညီချက်ပြုလုပ်ခဲ့တဲ့ AUKUS အစီအစဉ်ကြောင့် ဒီအရှေ့တောင်အာရှနိုင်ငံ ၂ နိုင်ငံတိုဟာ စိုးရိမ်ပူပန်နေရတယ်လို့ မလေးရှားဆက်သွယ်ရေးဝန်ကြီးဆိုင်ဖူဒင်အက်ဗ်ဒူလာက ဆိုပါတယ်။

"ကျွန်တော်တို့အနီးအနားက နိုင်ငံတစ်နိုင်ငံအနေနဲ့ နျူကလီးယားဓာတ်အားပေး ရေငုပ်သင်္ဘောတွေ ဝယ်ယူမယ်ဆိုတာ တကယ့်ပြဿနာဖြစ်လာပါတယ်" လို့ ဆိုင်ဖူဒင်က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီနဲ့ ဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

"အဲဒီနိုင်ငံက နျူကလီးယားလက်နက်တွေ မထုတ်လုပ်နိုင်ပေမယ့် ကျွန်တော်တိုအတွက်တော့ စိုးရိမ်ပူပန်နေရတယ်" လို့ ဆိုပါတယ်။

AUKUS သဘောတူညီချက်ကြောင့် ဒေသတွင်း လက်နက်အားပြိုင်မှုတွေဖြစ်လာမှာ စိုးရိမ်မိတယ်လို့ အင်ဒိုနီးရှားက ပြီးခဲ့တဲ့လတုန်းက ပြောသွားပါတယ်။

အမေရိကန်ကာကွယ်ရေးနဲ့ ပူးပေါင်းမဟာမိတ်ဖွဲ့ထားတဲ့ ဖိလစ်ပိုင်က AUKUS အစီအစဉ်ကို ထောက်ခံလိုက်ပြီး ဒါဟာ အခုနောက်ပိုင်းတော်တော်လေး မောက်မာနေတဲ့တရုတ်ကို တုံပြန်ဖို့ အစီအစဉ်ကောင်းဖြစ်တယ်လို့ ဆိုပါတယ်။

Source Strait Times