#WorldHealth

Published 30 Sept 2021

အမျိုးသား ဓာတ်မတည့်ရောဂါ နှင့် ကူးစက်ရောဂါ ဌာန ညွှန်ကြားရေးမှူး အန်သိုနီဖော်ချီက အမ်အာရ်အင်န်အေ ကာကွယ်ဆေးများတွင် အားမြှင့်ကာကွယ်ဆေးတစ်ကြိမ်ဟာ သင့်လျော်မှန်ကန်ပြီး ပြည့်စုံတဲ့ စည်းမျဉ်းကျင့်သုံးမှုရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လာလိမ့်မယ်လို့ သူယုံကြည်တယ်လို့ပြောလိုက်ပါတယ်။

“ အဆုံးစွန်အထိ ကျွန်တော်ယုံကြည်တာကတော့ အမ်အာရ်အင်န်အေကာကွယ်ဆေးအတွက် အကောင်းဆုံးစည်းမျဉ်းကတော့ တတိယမြောက်အားမြှင့်ဆေးကိုပါ ပါဝင်စေတာဖြစ်တယ်” လို့ အတ္တလန်တစ်ပွဲတာ်မှာ သူကပြောကြားခဲ့ပါတယ်။

လူတွေက နှစ်တိုင်း အားမြှင့်ဆေးထိုးဖို့လိုမလို သေသေချာချာမသိသေးပေမယ့် တတိယမြောက် ကာကွယ်ဆေးတွေက တော့ အရေးပါတယ်လို့ သူကပြောပါတယ်။

ကာကွယ်ဆေးတွေက အောင်မြင်နေတဲ့အခါမှာ ခုခံအားတွေက ကျဆင်းလာတဲ့အလျောက် အားမြှင့်ဆေးက အရေးကြီးပါတယ် လို့ ဖော်ချီကပြောပါတယ်။ breakthrough infection (ကာကွယ်ဆေးထိုးပြီးသားကူးစက်မှု)ဆိုတာကတော့ အကြောင်းမလှတဲ့ ဝေါဟာရတစ်ခုပါလို့ သူကပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစကာလုဲံးရဲ့ သဘောက ကာကွယ်ဆေးတွေ ကျရှုံးတယ်ဆိုတဲ့ သဘောမျိုးဖြစ်နေတယ်လို့ သူကပြောပါတယ်။

“ ကာကွယ်ဆေးက ခင်ဗျားကို ဖျားနာတာကနေ ကာကွယ်ပေးတယ်၊ အလုပ်ချိန်ဆုံးရှုံးတာကိုကာကွယ်ပေးတယ်၊ ဆေးရုံ တက်ရတာကို ကာကွယ်ပေးတယ်၊ သေငယ်ဇောဖြစ်မှာကို ကာကွယ်ပေးတယ်ဆိုကတည်းက ဆေးထိုးထားပြီးလျက် ကူးစက်မှုရှိနေလင့်ကစား ဒါဟာ တကယ့်ကို အောင်မြင်တဲ့ ကာကွယ်ဆေးတွေဖြစ်တယ်” လို့ သူကဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ကိုရိုနာဗိုင်းရပ်စ်ကို ရပ်တန့်နိုင်ဖို့ အခြားနည်းလမ်းတွေထက် ကာကွယ်ဆေးထိုးတာကိုသိပ်ပြီး အာရုံစိုက်လွန်းနေသလားလို့ သူ့ကိုမေးကြတဲ့အခါ ဖော်ချီက အိမ်မှာနေပြီ ပိုးစစ်တာ လွယ်လွယ်လုပ်လို့ရနေပြီလို့ ပြန်ဖြေပါတယ်။

သူက.. “ကျွန်တော်တို့မှာ အင်မတန်မှ အာနိသင်မြင့်မားပြီး ဘေးကင်းတဲ့ ကာကွယ်ဆေးတွေရှိနေပြီဆိုပြီး အပြင်းအထန် ပိုးစစ်တာကနေ ခွာမသွားသင့်ဘူး။ ပိုးစစ်တာဟာ သိပ်အရေးကြီးတယ်။ အထူးသဖြင့် ကာကွယ်ဆေးထိုးထားလည်း ခင်ဗျားမှာ ဗိုင်းရပ်စ်ရှိနေနိုင်လို့ပဲ” လို့ သူကပြောပါတယ်။

Source Washington Post