Published 26 Sept 2021

ရက်ပေါင်းတစ်ထောင်ကျော် ဘေဂျင်းက ထိန်းသိမ်းထားခဲ့တဲ့ ကနေဒါနိုင်ငံသားနှစ်ဦးဟာ တရုတ်လေပိုင်နက်က ထွက်ခွာ လာခဲ့ပြီး စနေနေ့ မနက်စောစောပိုင်းမှာ ကနေဒါကိုပြန်ရောက်လာတော့မယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒေါ က သတင်းထောက်တွေကိုပြောကြားလိုက်ပါတယ်။

ကနေဒါနိုင်ငံသားနှစ်ဦးဖြစ်တဲ့ မိုက်ကယ်လ်ကော့ဗ်ရစ်နှင့် မိုက်ကယ်လ်စပက်ဗာတို့ကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလမှာ တရုတ် အာဏာပိုင်တွေကထိန်းသိမ်းခဲ့ပါတယ်။ ကနေဒါနိုင်ငံ ဗန်ကူးဗားရဲတပ်ဖွဲ့က ဟွာဝေးနည်းပညာကုမ္ပဏီလိမိတက်ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် မင်ဝန်ကျိုးကို အမေရိကန်ရဲ့ ဝရမ်းနှင့် ဖမ်းဆီးခဲ့ပြီးမကြာခင်မှာ သူတို့နှစ်ဦးလည်း တရုတ်မှာ အဖမ်းခံခဲ့ကြရတာပါ။

အမေရိကန်နှင့်အပေးအယူလုပ်ပြီးတဲ့နောက် မင်ဝန်ကျိုးဟာ တရုတ်ကို လေယာဉ်နဲ့ပြန်သွားပြီလို့ ထရူးဒေါမပြောခင်မှာ ကနေဒါမီဒီယာတွေက သတင်းဖော်ပြခဲ့ကြပါတယ်။

“ လွန်ခဲ့တဲ့ဆယ်မိနှစ်က မိုက်ကယ်လ်ကော့ဗ်ရစ်နှင့် မိုက်ကယ်လ်စပက်ဗာတို့ တရုတ်လေပိုင်နက်ကထွက်ပြီး အိမ်ပြန်လာ ကြပါပြီ” လို့ ထရူးဒေါက မီဒီယာတွေကို အကျဉ်းရုံးပြောပြခဲ့ပါတယ်။

“ ဒီလူနှစ်ယောက်ဟာ မယုံကြည်နိုင်လောက်တဲ့ ခက်ခဲတဲ့ အခြေအနေတွေကို ကျော်ဖြတ်ခဲ့ရတယ်။ ဒါပေမယ့် ဒါဟာ စိတ်တက်ကြွစေပါတယ်။ သူတို့မိသားစုတွေရှိရာ အိမ်ကိုပြန်လာကြတာ သတင်းကောင်းပါ” လို့ သူကပြောပါတယ်။

ဒီအမှုနှစ်ခုဟာ တစ်ခုနှင့်တစ်ခုချိတ်တွဲထားခြင်းမရှိပါဘူးလို့ တရုတ်က တောက်လျောက်ကိုပြောခဲ့ပါတယ်။ ထရူးဒေါရဲ့ လစ်ဘရယ်အစိုးရက တရုတ်ဟာ ဓားစာခံဒီပလိုမေစီနှင့် စေ့စပ်ဆွေးနွေးတာဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။  

“ ကနေဒါနှင့်ကနေဒါနိုင်ငံသားနှစ်ဦးဘက်က အစဉ်မပြတ် ရပ်တည်ပေးခဲ့ကြတဲ့ကျွန်တော်တို့ရဲ့နိုင်ငံတကာအသိုက်အဝန်းရဲ့ ကမ္ဘာတစ်လွှားက မဟာမိတ်တွေ၊လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူတင်ပါတယ်” လို့ ကနေဒါဝန်ကြီးချုပ်က ပြောပါတယ်။

Source Reuters