Published 20 Sept 2021

မိုဒါနားဟာ ဖိုက်ဇာထက် ဆေးရုံတက်ရမှာကို ရေရှည်ကာကွယ်နိုင်စွမ်း ပိုများတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေး(စီဒီစီ)က နောက်ဆုံးလေ့လာချက်မှာဖော်ပြထားပါတယ်။ အဲဒီလေ့လာချက်ကို စက်တင်ဘာ ၁၇ရက်က ထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။

စီဒီစီရဲ့ သုတေသနမှူးတွေဟာ ၂၀၂၁ခုနှစ် မတ်၁၁ရက်ကနေ ဩဂုတ်၁၅ ရက်အထိ ကိုဗစ်-၁၉ ရောဂါပြင်းထန်ပြီး ဆေးရုံတက်ခဲ့ကြရသူ လူကြီးတွေ ၃၆၈၉ ဦးကို လေ့လာဆန်းစစ်မှုပြုခဲ့ကြပါတယ်။ ဒယ်လ်တာမျိုးဗီဇကွဲအစပျိုးတဲ့ အချိန်နှင့် ကြီးစိုးမင်းမူနေတဲ့အချိန်ကာလတွေ ဖြစ်ပါတယ်။

အဲဒီအထဲမှာ ၁၂.၉ရာခိုင်နှုန်းဟာ မိုဒါနားကာကွယ်ဆေးအပြည့်ထိုးပြီးသူတွေဖြစ်ပြီး ၂၀ရာခိုင်နှုန်းက ဖိုက်ဇာထိုးထားသူတွေနှင့် ၃.၁ ရာခိုင်နှဒန်းက ဂျွန်ဆင်အင်န် ဂျွန်ဆင်ထိုးထားသူတွေလို့ဆိုပါတယ်။

ကာလတစ်လျောက်လုံးမှာ မိုဒါနာကာကွယ်ဆေးက ဆေးရုံတက်ရမှာကို ၉၃ ရာခိုင်နှုန်းကာကွယ်ပေးပြီး ဖိုက်ဇာက ၈၈ ရာခိုင်နှုန်းနှင့်ဂျေအင်န်ဂျေက ၆၈ ရာခိုင်နှုန်းတို့ အသီးသီးဖြစ်ကြပါတယ်။

ဆေးရုံတက်ရမှုမှ ကာကွယ်နိုင်စွမ်းမှာ ဖိုက်ဇာက ခပ်မြန်မြန်ကျဆင်းတာတွေ့ရပါတယ်။ ကာကွယ်ဆေးထိုးပြီး ၁၄ရက်ကနေ ရက်ပေါင်း၁၂၀ အတွင်းမှာ ၉၁ ရာခိုင်နှုန်းရှိရာကနေ ရက်ပေါင်း ၁၂၀ ကျော်သွားတဲ့အခါ ၇၇ ရာခိုင်နှုန်းကျဆင်းသွားတာ တွေ့ရပါတယ်။

ယင်းနှင့်မတူပဲ မိုဒါနားကတော့ ၁၄ရက်နေ ၁၂၀အတွင်း ၉၃ ရာခိုင်နှုန်းရှိရာကနေ ရက်၁၂၀ကျော်တဲ့အခါ ၉၂ ရာခိုင်နှုန်း ပဲ ကျဆင်းသွားတာ တွေ့ရပါတယ်။

အဲဒီသုတေသနဆောင်ရွက်မှုထဲမှာ စေတနာဖြင့်ပါဝင်ပေးသူ ၁၀၀ဦးဆီက ကာကွယ်ဆေးကြောင့် ရရှိတဲ့ ခုခံအား အမျိုးမျိုးရဲ့ အနိမ့်အမြင့်တွေကိုလည်း သီးခြားလေ့လာခဲ့ပါသေးတယ်။

ဗိုင်းရပ်စ်ရဲ့ အဓိကအပိုင်းဖြစ်တဲ့ စပိုက်ပရိုတိန်းအပေါ် မိုဒါနားဟာ ဖိုက်ဇာနှင့် ဂျေအင်န်ဂျေနှင့် ယှဉ်ရင် ခုခံအားပိုမြင့်မားတာ တွေ့ရပါတယ်။ စပိုက်ပရိုတိန်းဟာ ဆဲလ်တွေအထဲ ဝင်လေ့ရှိတဲ့ ပရိုတိန်းဖြစ်ပါတယ်။

ယခင်စီဒီစီရဲ့ လေ့လာချက််များအပါအဝင် ယခုတွေ့ရှိမှုက မိုဒါနားဟာ ဖိုက်ဇာထက်သာလွန်နေတာတွေ့ရပါတယ်။
ဘာကြောင့်ဖြစ်ရတယ်ဆိုတာ သိပ်ရှင်းရှင်းလင်းလင်းမရှိပေမယ့် ဆေးပမာဏာကြောင့် ဖြစ်နိုင်ပါတယ်။ ၁၀၀မီလီဂရမ်နှင့် ၃၀ မီလီဂရမ်ကွာခြားမှုကြောင့် ဖြစ်နိုင်တာပါ။

နောက်တစ်ခုက တစ်ကြိမ်နှင့်တစ်ကြိမ် အကြား ကာလမတူညီတာလည်း ဖြစ်နိုင်ပါတယ်။ ဖိုက်ဇာက သုံပတ်ခွာထားပြီး မိုဒါနားက လေးပတ်ခွာထားပါတယ်။

အက်ဖ်ဒီအေဟာ လွတ်လပ်တဲ့ ဦးဆောင်ပညာရှင်ကြီးတွေနှင့် သောကြာနေ့က အစည်းအဝေးလုပ်ပြီး အများပြည်သူကို တတိယမြောက်ဖိုက်ဇာဆေးထိုးပေးသင့်မသင့် ဆွေးနွေးခဲ့ကြပါတယ်။

Source The Straits Times