Published 19 Sept 2021 

ကလေးငယ်တွေနှင့် ဆယ်ကျော်သက်အရွယ်တွေမှာ ဖြစ်တဲ့ ကိုဗစ်-၁၉ ကာလရှည် ရောဂါလက္ခဏာ ခံစားနေရတာတွေဟာ ၁၂ပတ်ထက် ကျော်ပြီးရှိဖို့ ခဲယဉ်းတယ်လို့ နိုင်ငံတကာလေ့လာမှုအသစ်တစ်ခုအရ သိရတယ်လို့ ယူပီအိုင်သတင်းဌာနက ရေးသားပါတယ်။

ကူးစက်မှုမြင့်မားနေတဲ့ ဒယ်လ်တာမျိုးဗီဇကွဲနှင့် ထိတွေ့မိတဲ့အခါ ကလေးတွေဟာ အခြားမျိုးဗီဇကွဲတွေနှင့်ယှဉ်ရင် ပိုပြီး ရောဂါပြင်းထန်ခံစားရတာမျိုးလည်း မတွေ့ခဲ့ဘူးလို့ သူတို့ကပြောပါတယ်။ ကလေးတွေရဲ့ ကူးစက်မှုအများဆုံးက ရောဂါလက္ခဏာပြသခြင်းမရှိတာနှင့် အပျော့စားပြသတာတွေပဲဖြစ်တယ်လို့ ဆိုပါတယ်။

အခုတွေ့ရှိမှုတွေရှိနေပေမယ့် သုတေသနလုပ်ဆောင်ရာမှာ ပြသနာတွေရှိနေတာကိုလည်း ရှာဖွေဖော်ထုတ်ခဲ့ပါသေးတယ်။ အဝလွန်ရောဂါ၊ နာတာရှည်ကျောက်ကပ်ရောဂါ၊နှလုံးရောဂါနှင့် ခုံခအားစနစ်မူမမှန်ဖြစ်တာတွေစတဲ့ ရောဂါအခံတွေရှိနေတဲ့ လူငယ်တွေကတော့ ရောဂါအခံမရှိတဲ့ ကလေးတွေထက် ရောဂါပြင်းထန်စေဖို့ ၂၅ဆရှိတယ်လို့ ဆိုပါတယ်။

ရောဂါအခံရှိတဲ့ကလေးတွေရဲ့ ၅ ရာခိုင်နှုန်းမှာ ရောဂါပြင်းထန်လာပြီး အခြားသူတွေကတော့ ရောဂါပြင်းထန်တာ တစ်ရာခိုင်နှုန်းအောက်ပဲ ရှိတယ်လို့ သုတေသနက တွေ့ရှိခဲ့ပါတယ်။

ကူးစက်မှုမြင့်မားတဲ့ ဒယ်လ်တာပေါ်ပေါက်လာပြီးတဲ့နောက် မြီးကောင်ပေါက်တွေနှင့်ကလေးတွေဆီက ကိုဗစ်-၁၉ရဲ့ ဝန်ပိနေတာကို ဖော်ပြဖို့ အချက်အလက်တွေ ထပ်လိုတယ်။ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ဆေးတွေက အခူလူကြီးတွေကို ဦးစားပေးထားလို့ဖြစ်တယ် လို့ ဩစတြေလျနိုင်ငံ၊မဲလ်ဘုန်းက မားဒေါ့ ကလေးသူငယ်သုတေသနအင်စတီကျူက အင်ဒရူးစတီယာက ပြောပါတယ်။

ကာလရှည်ကိုဗစ် ရောဂါလက္ခဏာတွေကို ကလေးတွေအပေါ် ရောဂါရဲ့သွယ်ဝိုက်သက်ရောက်မှုကနေ ခွဲထုတ်ပစ်ဖို့ ခက်ခဲပါတယ်။ ဥပမာ ကျောင်းတွေပိတ်ထားတာ၊ သူငယ်ချင်းတွေနှင့် မပျော်ရတာ ဒါမှမဟုတ် အားကစားတို့၊ဝါသနာ ပါတဲ့ အလုပ်တွေ လုပ်လို့မရတာမျိုးတွေဖြစ်တယ်လို့ ဆွစ်ဇာလန်နိုင်ငံ ဖရီဘောက်တက္ကသလို်က ဒေါက်တာပီထရာဇီမာမန်းက ပြောပါတယ်။

ကိုဗစ်ကူးစက်ခံရတဲ့ကလေးတွေဟာ ရောဂါလက္ခဏာမပြတာနှင့်ရောဂါအပျော့စားဖြစ်လေ့ရှိတာ၊ ဆေးရုံတက်ရနှုန်း နည်းတာတွေရှိတတ်ပေမယ့် ကာလရှည်ကိုဗစ်ရောဂါလက္ခဏာရဲ့ အန္တရာယ်နှင့်ပုံစံကိုတော့ ကောင်းကောင်းနားလည်လို့ မရကြသေးဘူးလို့ သုတေသနမှာ တွဲဖက်ပါဝင်သူ အမ်စီအာရ်အိုင်က နီဂျဲလ်ကာတစ်က ပြောပါတယ်။

ဒီလေ့လာမှုမှာတော့ သုတေသနပညာရှင်တွေံဟာ ထုတ်ဝေပြီးသုတေသန၁၃ခုကိုလေ့လာခဲ့ပါတယ်။ အဲဒီအထဲမှာ ကလေးငယ်နှင့်ဆယ်‌ကျော်သက်ရွယ် စုစုပေါင်း ၁၉၄၀၀ ကျော်ပါဝင်ခဲ့တာဖြစ်ပါတယ်။

လေးပတ်ကနေ ၁၂ပတ်အတွင်း ကာလရှည်ကိုဗစ်ရောဂါလက္ခဏာခံစာနေရတာတွေက ခေါင်းကိုက်တာ၊မောပန်းတာ၊ စိတ်အနှောက်အယှက်ဖြစ်တာ၊ အာရုံစိုက်ရတာနှင့် ဗိုက်အောင့်တာတို့ဖြစ်ကြတယ်လို့ လေ့လာသူတွေက တွေ့ရှိခဲ့ကြပါတယ်။

၁၂ပတ်ကျော်တဲ့အထိ ရောဂါလက္ခဏာခံစားရတဲ့ အထောက်အထားက အနည်းအကျဉ်းပဲရှိတယ်လို့ ကာတစ်က ဆက်ပြောပါတယ်။ အဲဒါကြောင့် ရေရှည်ရောဂါလက္ခဏာမှာ လူငယ်တွေဟာ လူကြီးတွေလောက် ပြသနာမရှိနိုင်ဘူးလို့ သူက ပြောပါတယ်။

သူတို့တွေ့ရှိချက်ကို the Pediatric Infectious Disease Journal မှာ ဒီတစ်ပတ်အွန်လိုင်းတင်ဖော်ပြထားပါတယ်။

Source: STT