Published 19 Sept 2021
ဗီယက်နမ်က ကျူးဘားနိုင်ငံထုတ် အက်(ဘ)ဒါလား ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုဖို့ အတည်ပြုလိုက်ပါတယ်လို့ စက်တင်ဘာ ၁၈ရက်နေ့မှာ ဗီယက်နမ်အစိုးရက ကြေညာသွားပါတယ်။
 
အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ ဗီယက်နမ်ဟာ အဆိုးရွားဆုံး ကိုဗစ် ကူးစက်မှုနှင့် စစ်ခင်းနေရချိန်မှာ အခုလို ကျူးဘားကာကွယ်ဆေးကို အတည်ပြုလိုက်တာဖြစ်ပါတယ်။
အက်(ဘ)ဒါလာဟာ ဗီယက်နမ်မှာ ခွင့်ပြုထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေထဲမှာ ယခု ရှစ်ခုမြောက် ကာကွယ်ဆေးဖြစ်ပါတယ်။ ဗီယက်နမ်ဟာ ဒေသထဲမှာ ကာကွယ်ဆေးထိုးနှုန်းအနိမ့်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပြီး လူဦးရေ၉၈သန်းမှာ ၆.၃ ရာခိုင်နှုန်းသာ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးကြပါသေးတယ်။
 
ဗီယက်နမ်သမ္မတ ငုယင်စွမ်းဖုဟာ ကျူးဘားနိုင်ငံ ဟာဗားနားကို တရားဝင်ခရီးသွားရောက်ဖို့ ဟနွိင်းကနေ ထွက်ခွာခဲ့ပြီး နာရီပိုင်းမှာ အခုကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
 
ဗီယက်နမ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၆၆၇၆၅၀ ဦးရှိပြီး ၁၆၆၃၇ ဦးသေဆုံးခဲ့ပါတယ်။အများစုကတော့ ပြီးခဲ့တဲ့ ဧပြီကစပြီး ဒယ်လ်တာကူးစက်မှုတွေကြောင့်ဖြစ်ပါတယ်။
 
“ နိုင်ငံရဲ့ ကိုဗစ်-၁၉တိုက်ဖျက်ရေး အရေးတကြီးလိုအပ်ချက်အပေါ် အခြေခံပြီး ကျန်းမာရေးဝန်ကြီးဌာနဟာ အက်(ဘ)ဒါလာ ကာကွယ်ဆေးကို အတည်ပြုလိုက်ပါတယ်” လို့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
 
ကျန်းမာရေးဝန်ကြီးဌာနက ကျူးဘားနိုင်ငံက ဗီယက်နမ်ကို အက်(ဘ)ဒါလာ ကာကွယ်ဆေး အမြောက်အမြားပေးပို့မှာ ဖြစ်ပြီး ဒီနှစ်အကုန်မှာ နည်းပညာလွှဲပြောင်းပေးမယ်လို့ ပြီးခဲ့တဲ့ လတုန်းက ပြောထားပါတယ်။
 
ဗီယက်နမ်နှင့်ကျူးဘားဟာ ကမ္ဘာပေါ်က လက်ကျန်ကွန်မြူနစ်နိုင်ငံ (၅)နိုင်ငံထဲက နှစ်နိုင်ငံဖြစ်ပါတယ်။ ကျန်နိုင်ငံတွေကတော့ တရုတ်၊လာအိုနှင့် မြောက်ကိုရီးယားတို့ ဖြစ်ကြပါတယ်။
 
ဇူလိုင်လတုန်းက ကျူဘားနှင့်ပတ်သက်လို့ ရန်လိုတဲ့မူဝါဒကို အဆုံးသတ်ပေးဖို့နှင့် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေအပြီး အမေရိကန်ရဲ့ ကာလရှည်ကြာနေတဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုတွေကို ပြန်ရုပ်သိမ်းပေးဖို့ အမေရိကန်ပြည်ထောင်စုကို ဗီယက်နမ်က တိုက်တွန်းပြောဆိုထားပါတယ်။
Source Reuters