Published 16 Sept 2021

 
ကလေးများကို ကိုဗစ်ကူးစက်တာဟာ ဒယ်လ်တာကြောင့် တကမ္ဘာလုံးမှာ မြင့်တက်နေပါတယ်။ ဆေးရုံတက်ရတာ၊ ရောဂါပြင်းထန်တာ၊ ကာလရှည်ရောဂါလက္ခဏာတွေခံစားရတာတွေနှင့်ပတ်သက်တဲ့ စိတ်ပူစရာတွေရှိလာနေပါတယ်။ ပြီးတော့ ကျောင်းတွေရဲ့ ဘေးကင်းရှင်းရေးအပေါ်လည်း မေးခွန်ထုတ်စရာတွေဖြစ်လာနေပါတယ်။
၁။ ကိုဗစ်ဟာ ကလေးတွေအပေါ် ဘယ်လောက်အထိဖြစ်လေ့ဖြစ်ထရှိနေသလဲ
အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကပ်ဘေးစတင်ကတည်းကနေ စက်တင်ဘာ လဆန်းပိုင်းအထိ ကလေးသူငယ်တွေနှင့် မြီးကောင်ပေါက်တွေ ၅.၃သန်းဟာ ကိုဗစ်ကူးစက်ခံထားရပါတယ်လို့ အမေရိကန်ကလေးဆေးပညာအကယ်ဒမီရဲ့အဆိုအရ သိရပါတယ်။ ဒါဟာ ကူးစက်မှုအားလုံးရဲ့ ၁၅.၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ အမေရိကန်မှာ လူဦးရေရဲ့ ၂၂.၂ ရာခိုင်နှုန်းဟာ အသက်၁၈နှစ်နှင့်အောက်ဖြစ်ကြပါတယ်။
နွေရာသီခပ်စောစောကာလမှာ ကူးစက်မှုကျဆင်းသွားပေမယ့် စက်တင်ဘာ ၉ရက်အဆုံးသတ်တဲ့ အပတ်မှာ ၂၈.၉ ရာခိုင်နှုန်ုး အထိမြင့်တက်လာခဲ့ပြီး ကူးစက်မှုတွေက နှစ်သိန်းလေးသောင်းသုံးထောင်ကျော်အထိ ရှိခဲ့ပါတယ်။ ဒယ်လ်တာပျံ့နှံမှုနှင့် တိုက်ဆိုင်စွာ ကိုဗစ်ကြောင့် ကလေးတွေနှင့် မြီးကောင်ပေါက်တွေ ဆေးရုံတက်ရတာလည်း တိုးလာပါတယ်။ဒါပေမယ့် ပြင်းထန်တဲ့ရောဂါဖြစ်သူတွေ အချိုးအစားကတော့ အတော်နည်းပါးနေပါသေးတယ်။
၂။ ဘာကြောင့် ကလေးတွေ ပိုပြီးကူးစက်နေရသလဲ
ဒယ်လတာဟာ ၂၀၁၉ခုနှစ်နှောင်းပိုင်းပေါ်လာတဲ့ မူရင်းမျိုးထက် အနည်းဆုံးနှစ်ဆလောက် ပိုပြီးကူးစက်စေပါတယ်။ အသက်အုပ်စုအားလုံးမှာ ဖြစ်နေတာပါ။ ဒယ်လ်တာဟာ အခြားအုပ်စုတွေထက် ကလေးတွေကို ပိုပစ်မှတ်ထားကူးစက်နေတဲ့ အထောက်အထားမရှိပါ။ ဒါပေမယ့် ကာကွယ်ဆေးထိုးနှုန်းဟာ အသက်ပိုကြီးတဲ့သူတွေမှာ ပိုမြင့်မားနေပြီး မြီးကောင်ပေါက်တွေကို အခုနောက်ပိုင်းမှ ကာကွယ်ဆေးထိုးပေးကြဖို့လုပ်နေတာပါ။ ဒါပေမယ့် အသက်၁၂နှစ်အောက် ကလေးတွေအတွက် အခုထိ ကာကွယ်ဆေးထိုးခွင့် အတည်မပြုပေးကြသေးပါဘူး။ ကာကွယ်ဆေးထိုးနှုန်းနိမ့်ပါးနေတဲ့ ပြည်နယ်တွေမှာ ကလေးတွေ ဆေးရုံတက်ရနှုန်းနှင့် အရေးပေါ်ဌာနပြရတဲ့နှုန်းတွေကပိုမြင့်နေတယ်လို့ အမေရိကန်စီဒီစီက ပြောပါတယ်။
၃။ ကလေးတွေအတွက် ဒယ်လ်တာကူးစက်မှုက ဘယ်လောက်ပြင်းထန်သလဲ
ကလေးအများစုမှာတော့ ကိုဗစ်ကူးစက်မှုကြောင့် ရောဂါက အပျော့စားပဲဖြစ်နေပါတယ်။ ဒယ်လ်တာက အဲဒါကို အပြောင်းအလဲလုပ်တဲ့ အချက်အလက်လည်း မရှိသေးပါဘူး။ ကိုဗစ်ကူးစက်မှုကြောင့် ရောဂါပြင်းထန်တာတွေဟာ ကလေးတွေမှာ ဖြစ်တောင့်ဖြစ်ခဲပါ။ ဆေးရုံတက်ရတာနှင့် သေဆုံးတာဆို ပိုတောင်ဖြစ်ခဲနေပါသေးတယ်။ အမေရိကန် ပြည်ထောင်စု ပြည်နယ်တွေက ရရှိတဲ့ အချက်အလက်တွေအရ ကပ်ဘေးစကတည်းက ဆေးရုံတက်ရတဲ့ကိုဗစ်လူနာတွေရဲ့ ၁.၆ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းအထိ ဟာ ကလေးတွေဖြစ်ပါတယ်။ ဆေးရုံတက်ရတာက စုစုပေါင်းကိုဗစ်လူနာတွေရဲ့ ၀.၁ ရာခိုင်နှုန်းကနေ ၁.၉ ရာခိုင်နှုန်းအထိပဲရှိပါတယ်လို့ သိရပါတယ်။ကလေးတွေဟာ အခြားရောဂါတွေနှင့် ဆေးရုံတက်ရတာမျိုး တွေရှိတတ်ပြီး တိုက်ဆိုင်စွာပဲ ပိုးစစ်ကြည့်တော့ ကိုဗစ်ရှိနေတာမျိုးပါ။အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကြောင့် သေဆုံးရသူတွေ အားလုံးရဲ့ ၀.၃ ရာခိုင်နှုန်းလောက်ပဲ ကလေးတွေဖြစ်ပါတယ်။ ကလေးအချို့မှတော့ ကိုဗစ်ရှိပြီးနောက် ရှားရှားပါးပါးဖြစ်တတ်တဲ့ ဒါပေမယ့်စိုးရိမ်ရတဲ့ Multisystem Inflammatory Syndrome ရောဂါလက္ခဏာစုဖြစ်တာရှိခဲ့ပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာတေ့ ယခုတိုင်မသိသေးပါ။
၄။ ကလေးတွေ ဘာကြောင့် ရောဂါပြင်းထန်မှုဖြစ်နိုင်ချေ နည်းပါးရတာလဲ
ကလေးတွေဆီမှာ ပိုပြီးသန်စွမ်းတဲ့ မွေးရာပါ ခုခံအားစနစ်ရှိပါတယ်။ ခန္ဓာကိုယ်ရဲ့ ရောဂါကို သဘာဝအတိုင်းနှင့် ချက်ခြင်းတုန့်ပြန်နိုင်စွမ်းက အရွယ်ရောက်ပြီးသူတွေထက် ပိုများပါတယ်။ ပုံမှန်အားဖြင့် ကူးစက်မှုက အဆုတ်ထဲထိ ရောက်သွားပြီး အသက်ကြီးရင့်သူတွေမှာ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်သည်အထိ ဖြစ်သွားတဲ့ အဆုတ်ရောင်ရောဂါနှင့် ရောင်ရမ်းနာတွေမဖြစ်ပွားခင် ကလေးတွေဟာ ပုံမှန်အားဖြင့် ကူးစက်မှုကို‌ အောင်မြင်စွာ တွန်းလှန်နိုင်လေ့ရှိပါတယ်။ အဲဒီအပြင် ကလေးတွေ ပုံမှန်ကာကွယ်ဆေးတွေထိုးထားရတာကလည်း သဘာဝခုခံအားကို တိုးမြှင့် နိုင်စေတာလည်းဖြစ်နိုင်ချေရှိပါတယ်။
၅။ ကလေးတွေ ဒယ်လ်တာကို ပိုဖြန့်နိုင်ကြသလား
ဒယ်လ်တာဟာ ပိုပြီးကူးစက်မြန်တာကြောင့် ကလေးတွေအချင်းချင်း၊အရွယ်ရောက်သူအချင်းချင်း၊ကလေးတွေနှင့် အရွယ်ရောက်သူအကြားတွေ မှာလည်း ပိုပြီးကူးစက်ပျံ့နှံ့နိုင်ပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေနှင့် မြီးကောင်ပေါက်တွေကတော့ ကိုဗစ်ဖြန့်တာမှာ လူဦးရေအရပြောရရင် အချိုးအစားနည်းပါးကြပါတယ်။
၆။ ကျောင်းတွေမှာရော
 
အမေရိကန်မှာ ကျောင်းသူကျောင်းသားတွေ အတန်းပြန်တက်လာကြတဲ့အလျောက် အမေရိကန်စီဒီစီက ကလေးသူငယ့်ပြုစုရေးဌာနတွေနှင့်ကျောင်းတွေမှာ ကာကွယ်ရေးဆိုင်ရာစည်းကမ်းတွေ ထုတ်ပြန်ထားပါတယ်။ ကျောင်းသူ ကျောင်းသားတွေနှင့် ဝန်ထမ်းတွေ mask တပ်ကြဖို့၊ ဗိုင်းရပ်ကူးစက်မှု လျော့ချနိုင်ဖို့ လိုအပ်တဲ့ လေဝင်လေထွက်တွေထားရှိဖို့ စတဲ့အချက်တွေပါ။ ကွန်ပျူတာသုံးတွက်ချက်ပြတဲ့ လေ့လာမှုတစ်ခုအရ လူတိုင်းမျက်နှာနှင့်နှာခေါင်းစည်း တပ်ကြတာဟာ ကူးစက်နိုင်ချေရှိတဲ့ ကျောင်းသူကျောင်းသားတွေအတွက် ကူးစက်မှုကို ၂၆ ရာခိုင်နှုန်းကနေ ၇၈ ရာခိုင်နှုန်းအထိ လျှော့ချပစ် နိုင်တယ်လို့သိရပါတယ်။ နှစ်ပတ်တစ်ကြိမ်စစ်တာပါရင် နောက်ထပ် ၅၀ရာခိုင်နှုန်းလျှော့ချနိုင်ပါတယ်။
၇။ ကလေးတွေ ကာကွယ်ဆေးထိုးသင့်သလား
ကလေးတွေကာကွယ်ဆေးထိုးသင့်မသင့်ဆိုတာ အရွယ်ရောက်သူတွေလောက် ရှင်းလင်းပြတ်သားမှုမရှိသေးပါဘူး။ ကာကွယ်ဆေးတွေက အမေရိကန်နှင့် အခြားနေရာတွေမှာ အသက်၁၂နှစ်နှင့်အထက်လူကြီးတွေကို အရေးပေါ်ထိုးခွင့်ပြုထားတာပါ။ ငယ်ရွယ်သူတွေအတွက် အာနိသင်နှင့် ဘေးကင်းမှုနှင့်ပတ်သက်တဲ့ လေ့လာမှုတွေက ပြုလုပ်နေဆဲဖြစ်ပါတယ်။ ရောဂါအခံရှိကြတဲ့ ကလေးသူငယ်တွေဟာ ကိုဗစ်ကြောင့် ရောဂါတွေဖြစ်လာနိုင်တဲ့ အန္တရာယ်ကတော့မြင့်မားနေပါတယ်။ ကိုဗစ်ကြောင့်ဖြစ်လာနိုင်တဲ့ အန္တရာယ်နှင့် ကာကွယ်ဆေးထိုးမှုကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကိုတော့ ချိန်ဆဖို့လိုနေပါတယ်။ လူထုအတွင်းကူးစက်မှုလျော့ချရေးနှင့် ကျောင်းတွေပိတ်တာ ရှောင်ရှားနိုင်ရေး ဆိုတာတွေလည်း ထည့်တွက်ရမှာပါ။ အသက်၅နှစ်နှင့် ၁၅နှစ်အကြားကလေးတွေ ကာကွယ်ဆေး မထိုးဘဲနှင့် ရောဂါပြီးတဲ့လူထုကြီး Herd Immunity ဖြစ်လာနိုင်ခြေမရှိသေးဘူးလို့ ဩစတြေလျက သုတေသနပညာရှင်တွေက ကွန်ပျူတာနှင့်သရုပ်ပြတွက်ချက်ထားကြပါတယ်။
၈။ ကလေးတွေ ကာလရှည်ကိုဗစ်ဖြစ်နိုင်သလား
အီရန်က သုတေသနပြုချက်တစ်ခုမှာတော့ ကလေးတွေဟာ လူကြီးတွလောက် အန္တရာယ်မများပေမယ့် ကာလရှည်ကိုဗစ် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကလေးတွေဆီမှာ အမြဲလိုလိုရှိနေတတ်တဲ့ ရောဂါလက္ခဏာစုတွေဖြစ်နိုင်ချေကို လေလာဆန်းစစ် မှုတွေ အများအပြားလုပ်ခဲ့ပေမယ့် အဓိပ္ပါယ်ကောက်ယူဖို့ ခက်နေပါသေးတယ်။

Source: Bloomberg