Published 16 Sept 2021

 
အိတ်ချ်အိုင်ဗွီကို ကုသရာမှာ ယခင်ကသုံးခဲ့တဲ့ ဆေးတစ်မျိုးဟာ ကိုရိုနာဗိုင်းရပ်စ်အပေါ်မှာ တိုက်ဖျက်နိုင်စွမ်းရှိပြီး ရက်အနည်းငယ်အတွင်း လူနာတွေကို ဗိုင်းရပ်စ်ကင်းရှင်းစွာနှင့် အိမ်ပြန်ပို့နိုင်ခဲ့တယ်လို့ အစ္စရေးသိပ္ပံပညာရှင်တစ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။
နယ်သာလန်မှာ ရုံးချုပ်ထားရှိပြီး အစ္စရေးမှာ သုတေသနနှင့်ဖွံ့ဖြိုးရေးရုံးဖွင်းထားကာ အစ္စရေးလူမျိုး စီအီးအိုဦးဆောင်တဲ့ Code Pharma ကုမ္ပဏီဟာ မကြာသေးခင်က ကော့ဒီဗီယာ Codivir ဆေးဝါးကို ကိုရိုနာဗိုင်းရပ်စ်ကုသရေးအတွက် ပထမအဆင့် စမ်းသပ်မှုပြီးစီးခဲ့ပါတယ်။ စက်တင်ဘာ ၁၃ရက်က အစ္စရေးသုတေသနအဖွဲ့ဟာ ဒုတိယအဆင့်စမ်းသပ်ခြင်း ကို ထောက်ခံပြီး ဘာဇီလိုင်းဆေးဝါးဌာနမှာ အဲဒီစမ်းသပ်ခြင်းပြုလုပ်ဖို့ ဟဲလ်စင်ကီကော်မတီရဲ့ ခွင့်ပြုချက်အတွက် လျှောက်ထားလိုက်ပါတယ်။
လူနာ၁၅၀ခန့်နှင့်စမ်းသပ်မယ့် ဒုတိယအဆင့်ကို လာမယ့်လ စတင်ဆောင်ရွက်ဖို့ မျှော်လင့်ထားပါတယ်။ စပိန်၊ဘရာဇီးနှင့် တောင်အာဖရိကနိုင်ငံတွေမှာလည်း စမ်းသပ်သွားမှာဖြစ်ပါတယ်။ Code Pharma ရဲ့ စီအီးအို ဇိုင်ယွန်အေနီက သုံးလကနေ ခြောက်လအတွင်း စမ်းသပ်မှုပြီးအောင် ဆောင်ရွက်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။ အဲဒါပြီးတာနဲ့ အရေးပေါ်သုံးအတွက် လျှောက်ထားမှာဖြစ်ပါတယ်။
“ကော့ဒီဗီယာဟာ အလွန်အန္တရာယ်ကင်းတဲ့ ပရိုဖိုင်းနှင့် အထင်ကြီးလောက်တဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအာနိသင်ရှိပါတယ်။ ဓာတ်ခွဲခန်းနှင့် ဆေးခန်းမှာလူတွေနှင့်စမ်းသပ်တဲ့ ပထမအဆင့်နှစ်ခုစလုံးမှာပေါ့” လို့ သူကပြောပါတယ်။ကော့ဒ်ဒီဗီယာဆေး ကိုသုံးပြီး double-blind studies ပုံစံနှင့်လေ့လာတဲ့ အဖြေရလဒ်တွေကို ကျွန်တော်တို့ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေပါတယ်။ အစောပိုင်းကိုဗစ်လူနာတွေအတွက် ဗိုင်းရပ်စ်တိုက်ဖျက်ကုသရေးကုထုံးနယ်ပယ်မှာ အောင်မြင်မှုတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်” လို့ ဘာဇီလိုင်း ကူးစက်ရောဂါဌာနခွဲ ညွှန်ကြားရေးမှူး ပါမောက္ခ ရှလိုမိုမာယန်က ပြောပါတယ်။
ပထမအဆင့်စမ်းသပ်မှုကို ဘရာဇီး ဆော်ပေါ်လိုက ကာဆာဒီဆောဒေ ဗာယာခရုစ် ဆေးရုံမှာပြီးစီးခဲ့တာပါ။ အပျော့စားကနေ အလယ်အလတ်ရောဂါအဆင့်ရှိတဲ့ အသက်၁၈နှစ်နှင့် ၆၀ အကြား လူနာ၁၂ဦးနှင့်စမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်။
သူတို့ကိုဆေးတိုက်ပေးပြီးနောက် နှစ်ရက်ခြားတစ်ခါ ပုံမှန်ပီစီအာရ်စစ်ဆေးတိုင်းတာပါတယ်။ တစ်ရက်ကို လူနာတစ်ဦးဟာ အရေပြားအောက်မှာ အင်ဆူလင်ထိုးသလို ဆေးနှစ်ကြိမ် ထိုးရပြီး ၁၀ရက်ကြာထိုးရတာပါ။
အဲဒီထဲက လူနာငါးဦးရဲ့ ဗိုင်းရပ်စ်ပမာဏာဟာ ကုသနေစဉ်အတွင်း သိသိသာသာကျဆင်းသွားတာတွေ့ရတယ်လို့ မာယန်က ပြောပါတယ်။ ကုသမှုစတင်ပြီး သုံးရက်အကြာမှာ လူနာအားလုံးရဲ့ ဗိုင်းရပ်စ်ပွားတာကို ကော့ဒ်ဒီဗီယာက ကောင်းကောင်း ဖိနှိ့ပ်နိုင်တာကိုတွေ့ရပါတယ်လို့ပြောပါတယ်။
အဲဒီအပြင် ဆေးရဲ့ ဘေးကင်းမှုကလည်း အတော်စိတ်ချရပါတယ်၊ ဘေးထွက်ဆိုးကျိုးမရှိပါဘူးလို့ စီအီးအို အေနီက ပြောပါတယ်။ ဆေးထိုးထားတဲ့ လူနာတွေဆီမှာ ဘာဘေးထွက်ဆိုးကျိုးမှ ပြသတာမတွေ့ရဘူးလို့ သူကပြောပါတယ်။

တွေ့ရှိရတဲ့ ရလဒ်တွေကို ပညာရှင်အချင်းချင်းပြန်သုံးသပ်တဲ့ ဂျာနယ်ဆီတင်သွင်းမှာဖြစ်ပါတယ်။ ကော့ဒ်ဗီယာကို အိတ်ချ်အိုင်ဗီ-၁ ရဲ့ အင်တီဂရေ့စ်အင်ဇိုင်းကနေ ထုတ်ယူတဲ့ ၁၆ အမီနိုအက်ဆစ် ပက်တိုက်ဒ်ကိုအခြေခံထုတ်လုပ်တာ ဖြစ်တယ်လို့သိရပါတယ်။ စတင်တွေ့ရှိတာကတော့ ဟေဘရူးတက္ကသိုလ်က သုတေသနပညာရှင်တွေဖြစ်ပြီး သူတို့ဟာ ကုမ္ပဏီမှာ ဆက်လက်ပါဝင်ပတ်သက်နေကြတာဖြစ်ပါတယ်။

Source: JPost