စင်္ကာပူအစိုးရက ပြည်တွင်းရေးကိစ္စတွေမှာ နိုင်ငံခြားဝင်ရောက်စွက်ဖက်မှု တားဆီးရေးဆိုင်ရာ ဥပဒေကြမ်းတစ်ခုကို တနင်္လာနေ့ စက်တင်ဘာ ၁၃ရက်က ပါလီမန်ကို တင်လိုက်ပါတယ်။ အာဏာပိုင်တွေဟာ အဲဒီဥပဒေအရ ရန်လိုတဲ့ သတင်းအချက်အလက်လှုံ့ဆော်မှုတွေကို ဖြုတ်ချနိုင်တဲ့ အခွင့်အာဏာကို ရရှိကြမှာဖြစ်ပါတယ်။

နိုင်ငံခြားစွက်ဖက်မှု(တန်ပြန်)ဥပဒေကြမ်းဟာ စင်္ကာပူနိုင်ငံကို ချက်ခြင်းလက်ငင်းနှင့် သိသိသာသာ အန္တရာယ်ဖြစ်စေတဲ့ အကြမ်းဖက်မှုကို လှုံ့ဆော်နှိုးဆွတာ၊အုပ်စုတွေကြား ရန်တိုက်ပေးတာတွေစတဲ့ အကြောင်းအရာတွေကို ဦးတည်ရည်ရွယ်ထားတာဖြစ်တယ်လို့ စင်္ကာပူပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ဆိုရှယ်မီဒီယာကုမ္ပဏီတွေက တောင်းဆိုတာကို မလုပ်ဖူးဆိုရင် အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်တဲ့ အိုင်အက်စ်ပီတွေကို ပြည်တွင်းမှာပဲ အဲဒီအန္တရာယ်ပြုနေတဲ့ အကြောင်းအရာတွေကို ပိတ်ပစ်ဖို့ အမိန့်ပေးမှာ ဖြစ်ပါတယ်။
အဲဒီအပြင် ဒီလိုမျိုးသတင်းအချက်အလက်တွေကို ဖြန့်ပေးနေတဲ့ အပလီကေးရှင်းတွေကို ဒေါင်းလုပ်လုပ်ကြတာကိုလည်း ပိတ်ပစ်ဖို့ ဥပဒေကြမ်းမှာ အဆိုပြုထားပါတယ်။
“ပြီးခဲ့တဲ့နှစ်များအတွင်း အခြားနိုင်ငံတွေကို ရန်လိုတဲ့ သတင်းအချက်အလက်လှုံ့ဆော်မှုတွေကို ဆိုရှယ်မီဒီယာတွေနှင့် အိုင်တီနည်းပညာတွေကို သုံးပြီးလုပ်ဆောင်နေကြတာတွေ အများကြီးတွေ့ခဲ့ရတယ်” လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲသလို ခိုးကြောင်းခိုးဝှက် ချိတ်ဆက်ဆောင်ရွက်မှုနှင့် ခေတ်မီဆန်းပြားတဲ့ လုပ်ဆောင်မှုတွေဟာ လူထုသဘောထားကို ကြိုးကိုင်ခြယ်လှယ်တာ၊ဒီမိုကရေစီအဖွဲ့အစည်းတွေကို ဖြိုဖျက်ပစ်တာ၊လူ့အဖွဲ့အစည်းကို နှစ်ခြမ်းခွဲပစ်တာနှင့် ရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးဖို့လုပ်တာတွေအတွက် ရည်ရွယ်တာတွေဖြစ်တယ်လို့ စင်္ကာပူ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီဥပဒေဟာ နိုင်ငံရေးအမြင်ထုတ်ဖော်ပြောတဲ့ စင်္ကာပူနိုင်ငံသားတွေဟာ သူတိုအနေနှင့် နိုင်ငံခြားသူလျှိုမဖြစ်နေသ၍ အကျုံးမဝင်ဘူးလို့ ပြောပါတယ်။
ပြီးတာ့ စင်္ကာပူနိုင်ငံရေးကို ပွင့်လင်းပြီးထင်သာမြင်သာရှိပြီး အကျိုးအကြောင်းဆီလျော်တာမျိုးဆိုရင် စင်္ကာပူနှင့် စင်္ကပူအစိုးရကို ဝေဖန်အပြစ်တင်တာမျိုးဖြစ်နေစေဦးတော့ အဲသလိုလုပ်ဆောင်တဲ့ နိုင်ငံခြားသားတစ်ဦးဦးနှင့် နိုင်ငံခြားထုတ်ဝေရေးလုပ်ငန်းတွေနှင့်လည်း အကျုံးမဝင်ဘူးလို့ ဆိုပါတယ်။
ဒီနောက်ဆုံး ဥပဒေကြမ်းဟာ သူတို့ရဲ့ထုတ်ကုန်တွေနှင့် ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ဘယ်လိုအဓိပ္ပါယ် သက်ရောက်မလဲဆိုတာကို သူတို့ အနီးကပ်လေ့လာနေတယ်လို့ ဂူးဂဲလ်က ရိုက်တာသတင်းဌာန ကိုပြောပါတယ်။ သူတို့အနေနှင့်လည်း အသုံးပြုသူတွေကို အကာအကွယ်ပေးပြီး သူတို့ရဲ့ ပလက်ဖောင်းကို လေးစားတန်ဖိုးထားရှိမှုကို ဆက်လက်ကတိပြုပါတယ်လို့ပြောပါတယ်။ အချိတ်အဆက်ရှိရှိနှင့် ဩဇာလွှမ်းမိုးအောင် လုပ်ဆောင်မှုတွေကိုလည်း သူတို့ ချေမှုန်းနေပါတယ်လို့လည်း ထည့်သွင်းပြောကြားပါတယ်။

Source Reuters