Published 15 Sept 2021

ကိုဗစ်-၁၉ ကာကွယ်ဆေးတွေက သက်ရောက်မှုကောင်းကောင်းရှိတဲ့အတွက် လူအများစုအတွက် အားမြှင့်ဆေးထပ်ထိုးဖို့ မလိုအပ်ဘူးလို့ ကမ္ဘာတစ်လွှားက သိပ္ပံပညာရှင်တွေရဲ့ ဆွေးနွေးပွဲက သုံးသပ်ပြောဆိုထားပါတယ်။ အဲဒီသုံးသပ်မှုဟာ အားမြှင့်ကာကွယ်ဆေး သုံးမလား မသုံးဘူးလားဆိုတဲ့ စကားအခြေအတင်ကို ပိုဖြစ်စေတော့မှာ ဖြစ်ပါတယ်။
အစိုးရတွေဟာ ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေကို ကာကွယ်ဆေးထိုးပေးတာကို ပိုလုပ်သင့်ပြီး အားမြှင့်ကာကွယ်ဆေး နှင့်ပတ်သက်ရင် ဘယ်လိုဆေးမျိုးလဲ ဘယ်လောက်ထိုးရင် အကျိုးအရှိဆုံးဖြစ်မလဲ စတဲ့ အချက်အလက်တွေ ထပ်ရဖို့ စောင့်ဆိုင်းသင့်တယ်လို့ အမေရိကန် အစားအသောက်နှင့်ဆေးဝါးဌာနက ထင်ရှားတဲ့ ပညာရှင်နှစ်ဦးပါပါဝင်တဲ့ စာတမ်းရှင်တွေက လန်ဆက် ဆေးပညာဂျာနယ်မှာ စောဒကတက်ထားပါတယ်။
သူတို့ဟာ တကယ့်လက်တွေ့ရခဲ့တဲ့ အချက်အလက်တွေနှင့် ကာကွယ်ဆေးအတည်မပြုခင် ဆေးခန်းစမ်းသပ်မှုတွေက အချက်အလက်တွေအပေါ် အခြေခံပြီး အကဲဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
“ဘယ်လေ့လာမှုက ပြင်းထန်တဲ့ရောဂါတွေကို ကာကွယ်နိုင်မှု အများကြီးလျော့ကျသွားတယ်ဆိုတဲ့ ယုံကြည်ရတဲ့ အထောက်အထား မပြသနိုင်သေးပါဘူး” လို့ စာတမ်းရှင်တွေက ရေးသားထားပါတယ်။ အားမြှင့်ကာကွယ်ဆေးကို ခပ်မြန်မြန်နှင့် ခပ်ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံရင်တောင် ထပ်တိုးဘေးထွက်ဆိုးကျိုး အန္တရာယ်ရှိနိုင်သေးတယ်လို့ သူတို့က ပြောပါတယ်။
ကာကွယ်ဆေးလျှံအောင်ရထားတဲ့ နိုင်ငံတွေက အားမြှင့်ကာကွယ်ဆေးထပ်ထိုးပေးရမလားလို့ အခြေအတင် ဖြစ်နေကြချိန်မှာ ဒီပြန်လည်သုံးသပ်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
အမေရိကန်က အားမြှင့်ကာကွယ်ဆေးတွေကို စက်တင်ဘာ ၂၀ရက်ကစပြီး ထိုးနှံပေးဖို့ စီစဉ်နေပါတယ်။ဒါပေမယ့် ဒီအစီအစဉ်ဟာ အက်ဖ်ဒီအေနှင့် စီဒီစီရဲ့ ခွင့်ပြုချက်လိုအပ်နေပါသေးတယ်။
အခုသုံးသပ်ချက်မှာပါဝင်ခဲ့သူတွေထဲမှာ အက်ဖ်ဒီအေရဲ့ ကာကွယ်ဆေးသုတေသနှင့်သုံးသပ်ဌာနကို ဦးဆောင်နေတဲ့ ဒေါက်တာ မာရီရွန်ဂရုဗာနှင့် လက်ထောက် ဒေါက်တာ ဖိလစ်ခရော့စ်တို့က သူတို့ နှစ်အကုန်မှာ အလုပ်ထွက်တော့မယ်လို့ ပြောကြားထားကြပါတယ်။
.
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဒေါက်တာဆိုမြာဆာမင်းနာသန်၊ဒေါက်တာ အန်နာမာရီယာဟင်နိုရက်စထရီယိုပိုနှင့် ဒေါက်တာ မိုက်ခ်ရိုင်းတို့ကလည်း ဒီသုံးသပ်တဲ့အထဲမှာ ပါဝင်ခဲ့ကြပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အားမြှင့်ဆေး ကျယ်ကျယ်ပြန့်ပြန့်သုံးနေတာကို ဆန်ု့ကျင်နေပါတယ်။ကာကွယ်ဆေး မထိုးရသေးတဲ့သူတွေ ဆေးထိုးရေး အာရုံစိုက်ဖို့ ပြည်သူ့ကျန်းမာရေးအမြင်အတွေးနှင့်ရှိကြဖို့ ပြောထားပါတယ်။

Source:Bloomberg