Published-20 August 2021
အမေရိကန်ကယ်ဆယ်ရေး လေယာဉ်ပေါ် တွယ်ကပ်လိုက်ပါသွားခဲ့ပြီး ပြုတ်ကျသေဆုံးခဲ့သူတစ်ဦးမှာ အာဖဂန် အမျိုးသားလူငယ် လက်ရွေးစင်အသင်း ကစားသမားတစ်ဦးဖြစ်တယ်လို့ အားကစားအဖွဲ့ချုပ်တစ်ခုက ကြာသပတေးနေ့က ထုတ်ဖော်ပြောကြားပါတယ်။
 
အစိုးရအဖွဲ့အစည်းဖြစ်တဲ့ ကိုယ်ကာယပညာရေးနှင့်အာကစား အထွေထွေညွှန်ကြားရေးမှူးရုံးက ဒီတစ်ပတ်ထဲ ကာဘူးလေဆိပ်မှာ ဝရုန်းသုန်းကားဖြစ်ပြီးနောက် ကစားသမား ဇာကီအန်ဝါရီ‌ သေဆုံးခဲ့ရတယ်လို့ အတည်ပြုပြောကြားပါတယ်။
 
“ အခြား ထောင်ပေါင်းများစွာသော အာဖဂန်လူငယ်တွေလိုပဲ အန်ဝါရီဟာ နိုင်ငံကနေ ထွက်ခွာချင်တာပါ။ ဒါပေမယ့် လေယာဉ်ပေါ်က ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်” လို့ အဲဒီအဖွဲ့က ဖေ့စ်ဘုတ်ခ်ပေါ်ကနေ သတင်းထုတ်ပြန်ပေးပါတယ်။
 
ဒီတစ်ပတ်ထဲမှာ သမ္မတ အက်ရှ်ရက်ဖ်ဂန်နီ ထွက်ပြေးပြီး တာလီဘန်တွေ သိမ်းပိုက်လိုက်ပြီးနောက် ထောင်ပေါင်းများစွာသော အာဖဂန်တွေဟာ လေဆိပ်ကို အပြေးအလွှားရောက်ရှိလာကြပြီး နိုင်ငံက ထွက်ပြေးဖို့ ကြိုးစားကြပါတယ်။
 
ဗွီဒီယိုတစ်ခုမှာ လူရာပေါင်းများစွာဟာ အမေရိကန်လေတပ်လေယာဉ်ကြီး အရှိန်နှင့် ပြေးလမ်းမပေါ် ပြေးနေတုန်း အပြေးအလွှားလိုက်ကြတာ၊အချို့အမျိုးသားတွေ လေယာဉ်ဘေးမှာ တွဲခိုလိုက်ကြတာတွေ တွေ့ရပါတယ်။
 
နောက်ဗွီဒီယိုမှာတော့ C-17 လေယာဉ်ပျံပေါ်ကနေ လေထဲမှာ ပြုတ်ကျတဲ့ လူနှစ်ယောက်ပုံကို တွေ့ရပါတယ်။
 
နောက်ပိုင်းမှာ အမေရိကန်စစ်တပ်က လေယာဉ်ဘီးပေါ်မှာ လူ့ခန္ဓာအကြွင်းအကျန်တွေ တွေ့ရတယ်လို့ အတည်ပြုခဲ့ပြီး C-17 နှင့်ဆက်စပ်သေဆုံးခဲ့ရတာတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။
Source: AFP