Published-19 August 2021
စင်္ကာပူမှာ ကာလတိုခွင့်ပြုလက်မှတ် ကိုင်ဆောင်ထားပြီး အချိန်အတိုင်းအတာ တစ်ခုအထိ နေထိုင်နေသူတွေဟာ စင်္ကာပူ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမျိုးသားကာကွယ်ဆေးထိုးအစီအစဉ်အရ ကိုဗစ်-၁၉ ကာကွယ်ဆေး အခမဲ့ထိုးနှံခွင့်ရရှိကြမယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။
 
အကျုံးဝင်သူတွေကတော့ စင်္ကာပူတွင် ကာလတိုအလုပ်လုပ်ခွင့်လက်မှတ်ရ ၉short-term work passes ၀ထားသူများနှင့် သင်တန်းအလုပ်အကိုင်ခွင့်ပြုလက်မှတ်များ (training employment passes) ၊သင်တန်းအလုပ်ပါမစ်များ( training work permits) နှင့် အလုပ်အားလပ်ရက်ခွင့်ပြုလက်မှတ်များ (work holiday passes)စတဲ့ အထူးခွင့်ပြုလက်မှတ်များရထားတဲ့ သူတွေဖြစ်ကြပါတယ်။
 
“သူတို့ဟာ စင်္ကာပူမှာ ယာယီနေတဲ့သူဖြစ်ကြပေမယ့် ဒီအုပ်စုကို ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကိုဗစ်-၁၉နှင့်ပတ်သက်ရင် ကျွန်တော်တို့လူ့အဖွဲ့အစည်းက ပိုကြံကြံ့ခံစေနိုင်မှာ ဖြစ်ပါတယ်” လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
 
စင်္ကာပူမှာ တစ်ဆက်တည်း ရက်ပေါင်း၆၀နေထိုင်ပြီးဖြစ်တဲ့ ကာလတိုနေထိုင်ခွင့်ရထားသူတွေဟာလည်း ကာကွယ်ဆေး ထိုးနှံခွင့်ရမယ်လို့သိရပါတယ်။ သူတို့ထဲက အများစုဟာ ကိုဗစ်-၁၉ကပ်ဘေးကာလမှာ တစ်ကမ္ဘာလုံးက ကန့်သတ်ချက်တွေ လုပ်ထားလို့ အိမ်ကိုမပြန်နိုင်ဘဲ ရှိနေကြရတာဖြစ်ပါတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ကာလတိုအလုပ်လုပ်ခွင့်လက်မှတ်နဲ့ အထူးခွင့်ပြုလက်မှတ်ရထားသူတွေထဲက ကာကွယ်ဆေးထိုးလို့ရတဲ့ အသက်အရွယ် ရှိနေသူတွေဟာ ကြိုတင်ရက်ယူထားစရာမလိုဘဲ မည်သည့်ကာကွယ်ဆေးထိုးစင်တာမှာမဆို ကာကွယ်ဆေး သွားရောက်ထိုးနှံ နိုင်မယ်လို့လည်း သတင်းမှာရေးသားထားပါတယ်။
 
ဒါပေမယ့် သူတို့ဟာ ပိုလီကလင်းနစ် ဒါမှမဟုတ် ပြည်သူ့ကျန်းမာရေးကြိတင်ပြင်ဆင်ရေးဆေးခန်းတွေမှာတော့ တိုက်ရိုက် သွားပြီး ကာကွယ်ဆေးထိုးခွင့်မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
 
အစိုးရဆီမှာ ဖုန်းနံပါနှင့်မှတ်ပုံတင်ထားတဲ့ အကျုံးဝင်တဲ့ ကာလတိုနေထိုင်ခွင့်လက်မှတ်ရထားသူတွေကတော့ ကျန်းမာရေးဝန်ကြီးဌာနက သူတို့ရဲ့ဖုန်းတွေဆီ မက်ဆေ့ချ့်နှင့်အတူ ကြိုတင်ချိန်းဆိုရမယ့် လင့်ခ်ကို ပူးတွဲပေးပို့တာကို စောင့်ရမှာဖြစ်ပါတယ်။သူတို့အနေနှင့်တော့ ကြိုတင်ရက်မယူထားဘဲနှင့် တိုက်ရိုက်ကာကွယ်ဆေးသွားထိုးလို့ မရဘူးလို့ သိရပါတယ်။
 
ဩဂုတ်၂၂ရက်အထိ ကျန်းမာရေးဝန်ကြီးဌာနက မက်ဆေ့ချ်မရသေးဘူးဆိုရင်တော့ www.vaccine.gov.sg/appeal ကနေ တစ်ဆင့် လိုအပ်တဲ့စာရွက်စာတမ်းတွေပေးပို့ပြီး ကာကွယ်ဆေးထိုးဖို့ရက်ယူရမှာဖြစ်ပါတယ်လို့ CNA သတင်းမှာဖော်ပြထားပါတယ်။
 
Source: CNA