Published 17 August 2021

အာဖဂန်နစ္စတန်ရဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌဟာ ကာဘူးမြို့တော်ကနေ ထွက်ပြေးသွားပါပြီး သူက အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သစ္စာရှိမှုကို မေးခွန်းထုတ်လိုက်ပါတယ်။ ပြီးတော့ နိုင်ငံမှာ ဖရိုဖရဲဖြစ်ပြီး တာလီဘန်လက်အောက် မြန်မြန်ကြီးရောက်သွားရတဲ့အပေါ် သမ္မတ အက်ရှ်ရက်ဖ်ဂန်နီနှင့် သူ့ရဲ့ အတွေ့အကြုံမရှိတဲ့ အကြံပေးတွေကို ပြစ်တင်လိုက်တယ်လို့ ရိုက်တာသတင်းဌာနက သတင်းရေးသားလိုက်ပါတယ်။

စစ်သွေးကြွတွေ မြို့ဂိတ်ပေါက်ရောက်တဲ့အထိ ဘဏ်မှာ သူဘယ်လို အလုပ်လုပ်ခဲ့တယ်ဆိုတာကို တွစ်တာမှာ တနင်္လာနေ့က သူက ရေးသားခဲ့ပါတယ်။ ယာယီဘဏ်ဥက္ကဋ္ဌဖြစ်တဲ့ အသက် ၄၃နှစ်အရွယ် အက်မဲလ်အာမက်ဒီက အမေရိကန်ဒေါ်လာတွေလည်း တတိတိနှင့် ကုန်သွားပြီး စစ်လေယာဉ်နှင့် သူမြို့တော်ကနေ လွတ်မြောက်သွားတာကိုလည်း ဖော်ပြရေးသားထားပါတယ်။

“ တနင်္ဂနွေညမှာ ကျွန်တော်အလုပ်စလုပ်တယ်။ တမနက်လုံးသတင်းတွေက စိတ်ပူစရာပိုများလာတယ်။  ကျွန်တော် ဘဏ်ကခွာခဲ့တယ်။ ဒုတိယအကြီးအကဲနေရာနေ ထွက်ခဲ့တယ်။ ဝန်ထမ်းတွေကို ထားခဲ့ရတာကို အလွန်အမင်းခံစားရတယ်” လို့ သူကရေးသားခဲ့ပါတယ်။

“ ဒီလိုပုံစံနှင့် အဆုံးသတ်စရာကိုမရှိဘူး။ အာဖဂန်ခေါင်းဆောင်မှုက စီစဉ်မှုအားနည်းတဲ့အပေါ် ကျွန်တော် အတော်စက်ဆုပ် ရွံရှာမိတယ်။ ဘယ်သူ့ကိုမှအကြောင်းမကြားဘဲ ထွက်လာကြတဲ့ သူတို့ကို လေဆိပ်မှာ ကျွန်တော်တွေ့ရတယ်” လို့ လည်း သူကပြောပါတယ်။

ပြီးခဲ့တဲ့တစ်နှစ်ကျော်က သူဟာ အာဖဂန်ဗဟိုဘဏ်ရဲ့ ယာယီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ သူဟာ အရင်တုန်းက အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဌာန၊ ကမ္ဘာ့ဘဏ်နှင့် ပုဂ္ဂလိက စတော့ရှယ်ယာ မှာ အလုပ်လုပ်ခဲ့ပါတယ်တို့ အစိုးရရဲ့ ဝက်ဘ်ဆိုက်မှာ ပါတဲ့ သူ့ကိုယ်ရေးအကျဉ်းအရ သိရပါတယ်။

“အခုထိယုံရခက်နေတယ်။ ဘာကြောင့် အာဖဂန်အမျိုးသားလုံခြုံရေးတပ်တွေ ခပ်မြန်မြန်နှင့် တာဝန်ကျရာနေရာကနေ ခွာခဲ့ကြသလဲဆိုတာ သံသယဖြစ်စရာပဲ” လို့ အာမက်ဒီက ပြောပါတယ်။ အာဖဂန်မြောက်ပိုင်းမှာ စစ်တပ်က အရှုံးပေးလိုက် တာဟာ လျို့ဝှက်ကြံစည်မှုရဲ့ ရလာဒ်လို့ အစိုးရထောက်ခံသော စစ်ဝန်ထမ်းခေါင်းဆောင်တွေရဲ့ပြောစကားကိုလည်း သူက ကိုးကားပြောဆိုပါတယ်။

“ ရှင်းပြလို့မရတာတွေကျန်ခဲ့တာပေါ့”

ရိုက်တာက အီးမေးလ်နှင့်မေးတာကို အာမက်ဒီက ဘာတစ်ခုမှအကြောင်းမပြန်ခဲ့ပေမယ့် ကမ္ဘာ့ဘဏ်သတင်းအရင်းအမြစ်က အဲဒီတွစ်တာ အကောင့်ဟာ သူ့အကောင့်အစစ်လို့ ရိုက်တာကို ပြောပါတယ်။

တာလီဘန်တွေ တိုးဝင်လာတာနှင့်အတူ အာဖဂန်ရဲ့ ငွေကြေးဈေးကွက်ဟာ ထိတ်ထိတ်ပျာပျာတွေထြစ်ကုန်ပြီး အထူးသဖြင့်  သောကြာနေ့မှာ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာတစ်ရွက်မျှ လက်ခံမရရှိတော့ပါဘူး။အဲဒါကြောင့် အာဖဂန်ပိုက်ဆံတွေ ဈေးထိုးကျကုန်ပါတယ်။

“ စနေနေ့မှာ ကျွန်တော်အစည်းအဝေးလုပ်တယ်။ ဘဏ်တွေနှင့် ငွေကြေးအလဲအလှယ်လုပ်ငန်းတွေကို စိတ်အေးအေးထား ကြဖို့ပါ။ အဲဒီရက်က ကာဘူးမကျခင် တစ်ရက်တည်းအလိုဖြစ်နေတယ်။ မယုံနိုင်ဘူး”

သူကြိုတင်လက်မှတ်ဝယ်ထားတဲ့ ခရီးသည်တင်လေယာဉ်ဟာ ကတ္တာရာ လမ်းပေါ်မှာ ခရီးသည်တွေနှင့်ပြည့်သိပ်နေပြီးတဲ့နောက် သူဟာ စစ်လေယာဉ်ပေါ် တက်ခဲ့တယ်လို့  သူကပြောပါတယ်။ သူဘယ်စစ်လေယာဉ်စီးခဲ့သလဲ၊ သူဘယ်ကိုသွားတာလဲ ဆိုတာကိုတော့ သူကရှင်းရှင်းလင်းလင်းရေးမထားပါဘူး။

“ အပြေးအလွှားပဲဗျာ။ သေနတ်ပစ်ဖောက်သံအချို့လည်းရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်မိတ်ဆွေတွေက လေယာဉ်ပေါ် တွန်းတင်ပေးလိုက်တယ်” လို့ သူကပြောပါတယ်။

“ သမ္မတက ထွက်ခွာတာကို ကြေညာပြီးနောက် မိနစ်ပိုင်းအတွင်း ဖရိုဖရဲတွေဖြစ်ကုန်တော့တာပဲ။ အကူးအပြောင်း အစီအစဉ်တစ်ခုမလုပ်သွားတဲ့ သူ့ကို ကျွန်တော် ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး”

“ သူကိုယ်၌ကတော့ စိတ်ကူးကောင်းကောင်းကြီးတွေရှိပါတယ်။ဒါပေမယ့် အကောင်အထည်ဖော်တာတော့ ညံ့ဖျင်းတယ်။ အဲဒီအထဲ ကျွန်တော်ပါခဲ့ရင် ကျွန်တော်လည်း ဝေမျှအပြစ်တင်ခံမှာပါ” လို့သူကပြောပါတယ်။

Source: Reuters