Published 16 August 2021
ဆိုင်နိုဗက်က ဒယ်လ်တာမျိုးဗီကွဲကိုပစ်မှတ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးကို လူများနှင့်စတင်စမ်းသပ်ဖို့ ယခုနှစ် တတိယသုံးလပတ်မှာ စီစဉ်နေပါတယ်လို့ ဘေဂျင်းအခြေစိုက် ဆိုင်နိုဗက်လိုင်ဖ်သိပ္ပံကော်ပိုရေးရှင်းရဲ့ အထွေထွေမန်နေဂျာ ဂေါင်းကျန်းက ပြောပါတယ်။
 
ဆိုင်နိုဗက်ဟာ ဒယ်လ်တာမျိုးဗီဇကွဲနှင့် ဂမ်မာမျိုးဗီဇကွဲနှစ်ခုစလုံးအတွက် ကာကွယ်ဆေးကို လူသားအကြိုစမ်းသပ်မှုတွေ ပြီးစီးနေပြီး မကြာမီမှာ လူသားနှင့်စမ်းသပ်တာလျှောက်ထားဖို့ လိုအပ်တာတွေပြင်ဆင်နေပါတယ်လို့ ဂေါင်ရဲ့ အင်တာဗျူးကို တနင်္ဂနွေနေ့က ထုတ်ဝေခဲ့ပါတယ်။
 
အဲဒီဆေးဟာ လက်ရှိဆေးထက် လျော့စရာမရှိဘဲ ကိုယ်ခံအားမြှင့်တင်နိုင်ဖို့ နှစ်လုံးကနေ သုံးလုံးအထိ ထိုးရလိမ့်မယ်လို့ သူကဆက်ပြောပါတယ်။
 
ဘယ်အချိန်လောက် ဒီကာကွယ်ဆေးရနိုင်မယ်ဆိုတာကို သူကမပြောပေမယ့် ဒီလိုသီးသန့်ကာကွယ်ဆေးကို လူသားနှင့်စမ်းသပ်မှုတွေဟာ လက်ရှိကာကွယ်ဆေးတွေကို စမ်းသပ်တဲ့အဆင့်တွေထက်တော့ တိုတောင်းလိမ့်မယ်လို့ ရှန်ဟိုင်းအခြေစိုက် ကာကွယ်ဆေးပညာရှင် တာအိုလီနာက ပြောပါတယ်။ ခြောက်လဆိုတာနှင့်တင် အတော်လုံလောက်နေပါပြီလို့လည်း သူကဆက်ပြောပါတယ်။
 
ဆိုင်နိုဗက်က အားမြှင့်တတိယမြောက်ကာကွယ်ဆေးအဖြစ် ကော်ရိုနာဗက်ကိုလည်း လေ့လာမှုပြီးစီးနေပြီး အဲဒီတတိယဆေးဟာ ပထမနှင့်ဒုတိယဆေးတွေလိုပဲ ဘေးကင်းစိတ်ချရပြီး တစ်ပတ်အတွင်း ခန္ဓာကိုယ်ရဲ့ ပဋိပစ္စည်းအတိုင်းအတာကို သိသိသာသာမြှင့်တင်ပေးတာ တွေ့ရတယ်လို့ မစ္စတာဂေါင်က ဆက်ပြောပါတယ်။
 
ဒါပေမယ့် တရုတ်နိုင်ငံ CDC ရဲ့ ကာကွယ်ဆေးဆိုင်ရာပညာရှင် ရှောင်ယီမင်းက လူတိုင်းကို အားမြှင့်ကာကွယ်ဆေး ထပ်ထိုးပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ပြောပါတယ်။
 
Source: Global Times