Published- 15 August 2021
ကွာလာလမ်ပူ- မလေးရှားဝန်ကြီးချုပ် မူယစ်ဒင် ယက်ဆင်ဟာ ဩဂုတ်၁၆ရက် တနင်္လာနေ့မှာ သူ့ရဲ့နှုတ်ထွက်စွာကို မလေးရှား ဘုရင်မင်းမြတ်ထံ တင်သွင်းမယ်လို့ ဝန်ကြီးချုပ်ရုံး ဝန်ကြီး မို့ဒ်ရက်ဇူအင်ယူဆော့ဖ်က ပြောတဲ့အကြောင့်း မလေးရှားကီနီ သတင်းဝက်ဘ်ဆိုက်ရဲ့သတင်းကို ကိုးကားပြီး ရိုက်တာက ရေးသားလိုက်ပါတယ်။
 
တနင်္ဂနွေမနက်မှာ ဝန်ကြီးချုပ်ဟာ သူ့ရဲ့ရှေ့နေတွေနှင့် ကွာလာလမ်ပူက Perikatan Nasional (PN) alliance ဌာနချုပ်မှာ တွေ့ဆုံခဲပြီးနောက် ယခုလို ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဒါတွတ်ဆာရီမို့ဒ်ရက်ဇူအင်က ပြောပါတယ်။
 
“ အစည်းအဝေး အခုမှပြီးတာပါ။ မနက်ဖန်မှာ ဝန်ကြီးအဖွဲ့ အထူးအစည်းအဝေးရှိပါလိမ့်မယ်။ အဲဒါပြီးတာနဲ့ သူဟာ အီစတာနာ နီဂါရာ ဘုရင့်နန်းတော်ကိုသွားပြီး နှုတ်ထွက်စာ တင်သွင်းပါမယ်” လို့ သူက မလေးရှားကီနီသတင်းဌာနကို ပြောခဲ့တာဖြစ်ပါတယ်။
 
မူယစ်ဒင်ဟာ ဘုရင်မင်းမြတ်နှင့် တနင်္လာနေ့ မွန်းလွဲပိုင်းတွေ့ဆုံဖို့ အစီအစဉ်ရှိထားခဲ့ပါတယ်။ အဲသလိုတွေ့တဲ့အခါ ဘုရင်က ပါလီမန်မှာ အယုံအကြည်မရှိအဆိုမဲခွဲမလား ရာထူးကဆင်းမလားဆိုပြီး ဖိအားပေးဖို့ရှိနေတယ်လို့ အတော်များများက မျှော်လင့်ထားခဲ့ကြပါတယ်။ သူက စက်တင်ဘာ ၇ ရက်နေ့မှသာ အဆိုမဲခွဲဖို့ အရင်က စဉ်းစားထားခဲ့တာပါ။
 
လက်ရှိဒုတိယဝန်ကြီးချုပ် အစ်မေးလ်ဆာဘရီယာကော့ဖ်ဟာ အမ်နိုရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်ပြီး ဝါအရင့်ဆုံံးဖြစ်ပေမယ့် မလေးရှားနိုင်ငံရဲ့ သက်တမ်းအရှည်ဆုံးအမတ် တန်ကုရာဇာလီဟမ်ဇားဟာ ဝန်ကြီးချုပ်နေရာအတွက် ကျယ်ကျယ်ပြန့်ပြန့် လက်ခံမှုရရှိထားသူဖြစ်နေပါတယ်။
 
ကုလီလို့လည်းသိကြတဲ့သူ့ကို ပါတီအမျိုးမျိုးက သဘောကျရုံမျှမကဘဲ မလေးရှားတော်ဝင်မိသားစုတွေကပါ နှစ်သက်ကြတယ်လို့ စထရိတ်တိုင်းမ်သတင်းမှာဖော်ပြထားပါတယ်။
 
Source: The Straits Times