Published 9 August 2021
တိုကျို- တရုတ်နိုင်ငံကထုတ်လုပ်တဲ့ ဗွီဒီယိုတွေ မျှဝေပေးတဲ့ တစ်တော့ခ် TikTok အက်ပ် ဟာ ဆိုရှယ်မီဒီယာတွေထဲမှာ ထိပ်ဆုံးကို ရောက်ရှိသွားတယ်လို့ ၂၀၂၀ပြည့်နှစ် ကမ္ဘာလုံးဆိုင်ရာ ဆန်းစစ်သုံးသပ်မှုအရ တွေ့ရတယ်လို့ နစ်ကေးအေးရှားက ရေးပါတယ်။ ၂၀၁၈ခုနှစ်ကတည်းက နှစ်စဉ်ဆန်းစစ်လေ့လာခဲ့ရာက တစ်တော့ခ်ဟာ ပထမဆုံးအကြိမ် ထိပ်ဆုံးရောက်လာ တာဖြစ်ပါတယ်။
 
ပုဂ္ဂိုလ်ရေးလုံခြုံရေးကိစ္စ စိုးရိမ်ပူပန်မှုတွေမြင့်တက်လာတဲ့ အလျောက် မက်ဆေ့အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ တယ်လီဂရမ် Telegram ကလည်း တစ်နှစ်အတွင်း အမြင့်နေရာရောက်လာပါတယ်။
 
ဘိုက်ဒန့်စ် Bytedanc ကုမ္ပဏီက ၂၀၁၇ခုနှစ်မှာ တစ်တော့ကို နိုင်ငံတကာဗားရှင်းအဖြစ် ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီကတည်းက ဒေါင်းလုတ်လုပ်ကြရာမှာ သူက ဖေ့စ်ဘုတ်ခ်၊ WhatsApp ၊အင်စတာဂရမ်နှင့် ဖေ့စ်ဘုတ်ခ်မက်ဆင်ဂျာတို့ကို ကျော်ဖြတ်လာခဲ့ပါတယ်။အမေရိကန်မှာတောင် ကျော်တက်လာခဲ့တာပါ။ကျန်တဲ့လေးခုစလုံးက ဖေ့စ်ဘုတ်ခ် ပိုင်ဆိုင်တာတွေဖြစ်ပါတယ်။
 
“ ကပ်ရောဂါဘေးကြောင့် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ခွင့် မရတဲ့ အနုပညာရှင်တွေရဲ့ ဗွီဒီယိုတွေကို ကျွန်မသဘောကျတယ်” လို့ အမေရိကန်ပြည်ထောင်စု ပေါ့လန်းမှာနေတဲ့ အသက်၃၇နှစ်အရွယ် နီနာက ပြောပါတယ်။
 
တစ်တော့ခ်ကိုမျှဝေပေးတဲ့ ကိုယ်ရေးအချက်အလက်တွေဟာ လုံခြုံမှုမရှိဘူးလို့ အချို့ကယုံကြည်ထားကြပါတယ်။ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က တစ်တောခ်ရဲ့အမေရိကန်ကုမ္ပဏီကို အမေရိကန်ထံ ရောင်းဖို့ ဒါမှမဟုတ် ပိတ်ပစ်ဖို့ ပြောဆိုခဲ့ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် တစ်တော့ခ်ရဲ့လူကြိုက်များမှုဟာ ကပ်ဘေးအတွင်းမှာ ပိုပြီးကြီးထွားလာပါတယ်။
 
ဥရောပ၊တောင်အမေရိကနှင့် အမေရိကန်တို့မှာ နံပါတ်တစ်‌ ဒေါင်းလုပ်အလုပ်ဆုံး အက်ပ် ဖြစ်လာနေပါတယ်။
ထရမ့်ကိုဆက်ခံတဲ့ ဂျိုးဘိုင်ဒင်က သမ္မတအမိန့်ကိုပြန်ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမယ့် မရေရာမှုတွေက နေရာအနှံ့ရှိနေဆဲပါ။ တစ်တော့ခ်ရဲ့ ပြိုင်ဘက် တရုတ်က Likee ဆိုတဲ့ အက်ပ်ဆိုရင် ကုမ္ပဏီတော်တော်များများက ဈေးကွက်မြှင့်တင်ရေးအတွက် ဗွီဒီယိုအတိုကလေးတွေ ဖန်တီးတင်ပေးနေလို့ တစ်ကမ္ဘာလုံးဆိုင်ရာ ဒေါင်းလုပ်မှာ အခု အဆင့် ၈နေရာ ရောက်ရှိနေပါတယ်။
 
၂၀၂၁ခုနှစ်အစပိုင်းမှာ Whatsapp က အသုံးပြုသူတွေနှင့် ကုမ္ပဏီတွေအကြား အပြန်အလှန်ဆက်သွယ်တာနှင့် ဆက်စပ်ပြီး သူတို့ဟာ ဖေ့စ်ဘုတ်ခ်နှင့် မက်ဆေ့သတင်းအချက်အလက်တွေ မျှဝေမယ်လို့ ကြေညာခဲ့ပါတယ်။ သူငယ်ချင်းတွေနှင့် မိသားစုတွေအကြား ဆက်သွယ်ပြောဆိုမှုတွေကို ကာကွယ်ပေးမယ်လို့ Whatsapp က ကတိပေးခဲ့ပေးမယ့် အချို့ အသုံးပြုသူတွေကတော့ Whatsapp ကခွာပြီး အခြားအက်ပ်တွေကို ပြောင်းသုံးကုန်ကြပါတယ်။
 
အဲဒီလမ်းကြောင်းကို ဆန့်ကျင်တဲ့ ယခင်က ရုရှားမှာ မူလထုတ်လုပ်ခဲ့ပြီး ယခု ဂျာမနီမှာ အခြေစိုက်ထားတဲ့ တယ်လီဂရမ်ဟာ အဆင့်(၇)နေရာ ရောက်လာပါတယ်။ တယ်လီဂရမ်ကို အသုံးပြုသူတွေဟာ ကိုယ်လိုချင်တဲ့ အချိန်အတိုင်းအတာတစ်ခုကို ချိန်ပြီး မက်ဆေ့ချ်တွေကို အလိုအလျောက် ဖျက်ပစ်နိင်ပါတယ်။
ဟောင်ကောင်နှင့်ထိုင်းက ဆန္ဒပြသူတွေအကြားမှာ ဒီအက်ပ်က အတော်ခေတ်စားခဲ့ပါတယ်။
 
အစပိုင်းမှာတော့ အသုံးပြုသူတွေဟာ လွယ်ကူအဆင်ပြေတဲ့ အခမဲ့ ဆိုရှယ်မီဒီယာတွေကို အများဆုံးသုံးလာကြပေမယ့် နောက်ပိုင်းမှာ ပုဂ္ဂိုလ်ရေးလုံခြုံမှုက ပိုပြီးစိတ်ပူစရာဖြစ်လာခဲ့ကြပါတယ်။ “ ကုမ္ပဏီတွေက သတင်းအချက်တွေအပေါ် ဘယ်လို ချဉ်းကပ် ကိုင်တွယ်နေတယ်ဆိုတာက စားသုံးသူတွေ ရွေးချယ်ဆုံးဖြတ်တဲ့ အချက်တစ်ချက်ဖြစ်လာတယ်” လို့ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးစင်တာရဲ့ တွဲဖက်ပါမောက္ခ ရှီနီချီ ယာမာဂုချီက နစ်ကေးအေးရှားကိုပြောပါတယ်။
စကားပြောအက်ပ်တစ်ခုဖြစ်တဲ့ Discord ကလည်း အမေရိကန်မှာ အဆင့်(၇)နေရာတက်လာတာတွေ့ရပါတယ်။ ကပ်ဘေးအတွင်း တစ်ကိုယ်တည်းဖြစ်နေကြရတဲ့လူတွေရဲ့လိုအင်ကနေ အကျိုးဖြစ်ထွန်းသွားတာပါ။အဲဒီအက်ပ်ဟာ ဂိမ်းသမားတွေအကြား အတော်ခေတ်စားပါတယ်။ သူတို့ဟာ အွန်လိုင်းမှာ ဂိမ်းကစားရင်း စကားပြောဆိုနိုင်ကြလို့ပါ။ အဲဒီအက်ပ်ကို ဆိုနီအုပ်စုက ငွေကြေးမတည်ပေးထားတာဖြစ်ပါတယ်။
 
အသစ်တွေထဲမှ Little Red Book (RED )ဟာ တရုတ်နိုင်ငံမှာ ဒေါင်းလုပ်အလုပ်ဆုံး အဆင့်(၅)နေရာရောက်လာပါတယ်။ သူက လူမှုကွန်ယက်နှင့် အီး ကောမာ့စ်ကို ပေါင်းစပ်ထားတာပါ။ အဓိကအားဖြင့် အလှကုန်၊ ဖက်ရှင်၊ ကိုယ်အလေးချိန်ကုန်ပစ္စည်းတွေနှင့် အလားတူ လူသုံးကုန်ပစ္စည်းတွေဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ နှုတ်စကားက အတော်အရေးကြီးပါတယ်။ အထူးသဖြင့် အမျိုးသမီးတေါအကြားမှာပါ။ “ ကျွန်မ အလှကုန်နှင့် အခြားပစ္စည်းတွေရဲ့ သုံးသပ်ချက်တွေကို နေ့တိုင်ဖတ်တယ်” လို့ အဲဒီအက်ပ်ကိုသုံးတဲ့ ဘေဂျင်းက အမျိုးသမီးတစ်ဦးက ပြောပါတယ်။
 
အွန်လိုင်းကွန်ယက်အချိတ်အဆက်ဟာ အထူးသဖြင့် ၁၉၉၀ပြည့်လွန်နှစ်နှောင်းပိုင်းမှာ မွေးဖွားကြတဲ့ Z မျိုးဆက်သစ်တွေ အကြား အတော်ရေပန်းစားတာပါ။ တရုတ်မှာ အဆင့်(၁၀)နေရာ ရောက်လာတဲ့ Soul အက်ပ်ဆိုရင် အေအိုင်ဉာဏ်ရည်တုကိုသုံးပြီး အသုံးပြုသူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေကတစ်ဆင့် သုံးသပ်ပေးတာဖြစ်ပါတယ်။ အဲဒီနောက် သူတို့နှင့် စိတ်တူကိုယ်တူလူတွေကို ရှာဖွေပေးပါတယ်။ သမားရိုးကျ အောင်သွယ်လုပ်ပေးတာမျိုးနှင့် ကွာတာ ကတော့ လူတွေရဲ့မျက်နှာကိုကြည့်ပြီးရွေးတာမျိုးမဟုတ်တာပဲဖြစ်ပါတယ်။
 
“အမေရိကန်နှင့် ယူကေတို့မှာ တစ်ခ်တော့ကို စုစုပေါင်းကြည့်ချိန်ဟာ YouTube ထက်ပိုရှည်ကြာတယ်။ ပြီးတော့ ဗွီဒီယို အတိုးလေးတွေဟာ လူတွေကိုဆက်ပြီးဆွဲဆောင်နေဦးမှာပဲ” လို့ App Annie ရဲ့ ဈေးကွက်မန်နေဂျာ ချူဇင်ကင်က နစ်ကေးကိုပြောပါတယ်။ “ အကြောင်းအရာပိုင်းအရ ပြောမယ်ဆိုရင် တေးဂီတနှင့် ဟာသတွေဟာ ပိုပြီးလူကြိုက်များလာနေတယ်” လို့ သူက ဆက်ပြောပါတယ်။
အသံဆိုရှယ်မီဒီယာတွေလည်း တက်လာနေတယ်။ ဒီနှစ်အစောပိုင်းကစပြီး ဂျပန်နှင့် အမေရိကန်တို့မှာ Clubhouse အသုံးများလာပါတယ်။
Source: Nikkei Asia