#Local_News
Published 2 September 2024
▪️ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၌ မီးလောင်မှုတစ်ခု ယနေ့မနက်ပိုင်းတွင် ဖြစ်ပွားခဲ့ရာ တစ်နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ စက်တင်ဘာ ၂ ရက်နေ့၊ မနက်၄ နာရီ ၄၀ မိနစ် အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကုန်သည်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် လပွတ္တာမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက် ၅ နာရီ ၁၅မိနစ် အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_2 Sept 2024
▪️ လူမှုကရုဏာလုပ်ငန်းများတွင် အသုံးပြုရန် အမေရိကန်ဒေါ်လာ ၄ သိန်း ၂ သောင်းကျော်တန်ဖိုးရှိ ဆေးဝါးသုံး ပစ္စည်းများကို စက်တင်ဘာလ ၁ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ ယင်းကို ဂျပန်နိုင်ငံရှိ ingo PEACE က မြန်မာနိုင်ငံကြက်ခြေနီ အသင်းသို့ ရန်ကုန်မြို့ရှိ Chatrium Hotel ၌ အခမ်းအနားဖြင့် လှူဒါန်းခဲ့ခြင်းလည်းဖြစ်ပြီး အဆိုပါ ဆေးဝါးများကို မြန်မာနိုင်ငံဒေသအသီးသီးရှိ လိုအပ် သောနေရာဒေသများသို့ ဖြန့်ဖြူးပေးဝေသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
▪️ "ingo PEACE က ပေ ၂၀ ကွန်တိန်နာတစ်လုံးစာ ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၄ သိန်း ၂ သောင်းကျော် တန်ဖိုးရှိဆေးပစ္စည်းနဲ့ ဆေးဘက်ဆိုင်ရာသုံးပစ္စည်းတွေကို ပထမဦးဆုံးအကြိမ်လှူဒါန်းတာပါ။အခုလှူဒါန်းတာ ကမြန်မာနိုင်ငံကြက်ခြေနီအသင်းကတစ်ဆင့် မြန်မာ နိုင်ငံပြည်သူ၊ပြည်သားတွေ အကျိုးရှိတာပဲဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း၏တာဝန်ရှိသူ တစ်ဦးက ပြောသည်။
▪️ အခမ်းအနားတွင် လှူဒါန်းခြင်းအထိမ်းအမှတ်လက်မှတ်ရေးထိုးကြပြီး ingo PEACE. မှ S.M. NAZRUL ISLAM က USD 470,307 ဒသမ 23 တန်ဖိုးရှိ ဆေးဝါးများနှင့် ဆေးလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများကို လွှဲပြောင်း ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
အခုရက်ပိုင်းအတွင်း ရန်ကုန်မှာ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆောင်းတုပ်ကွေးမဖြစ်အောင် ရာသီတုပ်ကွေးကာကွယ်ဆေးလည်းကြိုတင်ထိုးထားနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 02 September 2024
#ရန်ကုန် #ရာသီတုပ်ကွေးအဖြစ်များနေ
#YMG/tthl #Yangon_Times
တောင်ငူမှာ စစ်တောင်းမြစ်ရေအနည်းငယ်ကျသွားပေမယ့် စိုးရိမ်ရေအမှတ်အထက်မှာ ရှိနေဆဲဖြစ်လို့ ရေဘေးရှောင်ပြည်သူတွေအတွက် ရေသန့်နဲ့စားနပ်ရိက္ခာတွေလိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 02 September 2024
#ရေဘေးရှောင်မိသားစုများ #စားနပ်ရိက္ခာများလိုအပ်နေ
#YMG/tthl #Yangon_Times
နေပြည်တော်၌ U-21(အသက် ၂၁နှစ်အောက်)တန်းခုန် မြင်းစီးအရည်အချင်းစစ် ပြိုင်ပွဲကိုအခုလအတွင်းပြုလုပ်သွားမယ်လို မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲချုပ် ကသိရပါတယ်။
#Local_News
Published 02 September 2024
#U-21 #မြင်းစီးပြိုင်ပွဲ
#YMG/NN #Yangon_Times
၂ စက်တင်ဘာ ၂၀၂၄
(သတင်းနှင့်အမြင် ကဏ္ဍကို ကမ္ဘာ့သတင်း မြန်မာ့သတင်းများနှင့် ယင်းတို့အပေါ် အမြင်များကို ပေါင်းစပ်သည့်ပုံစံဖြင့် အခါအားလျော်စွာ ဖော်ပြပေးပါမည်။ အယ်ဒီတာ)
ပစိဖိတ်ကျွန်းခေါင်းဆောင်တွေဟာ ရဲလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကြီးတစ်ခုကို သောကြာနေ့က ကျင်းပတဲ့ သူတို့ရဲ့ဖိုရမ်မှာ ထောက်ခံလိုက်ကြပေမယ့် ထိုင်ဝမ်ကို ဘေးထုတ်ဖို့ တရုတ်မဟာမိတ်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေကိုတော့ ငြင်းဆန်လိုက်ကြပါတယ်လို့ အေအက်ဖ်ပီသတင်းမှာဖော်ပြထားပါတယ်။
ယခုနှစ် ပစိဖိတ်ကျွန်းနိုင်ငံများဖိုရမ်မှာ လုံခြုံရေးဟာ အဓိက ဆွေးနွေးကြတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒီဖိုရမ်မှာ အမေရိကန်ရဲ့ မိတ်ဖက်နိုင်ငံတွေ၊ တရုတ်ရဲ့မိတ်ဆွေနိုင်ငံတွေနှင့် ထိုင်ဝမ်နှင့် ယခုထက်တိုင် ဆက်ဆံရေးရှိနေဆဲနိုင်ငံတွေ ပါဝင်ကြတာဖြစ် ပါတယ်။
အမေရိကန်ရဲ့ မဟာမိတ် ဩစတြေးလျနိုင်ငံက အဲဒီဒေသက နိုင်ငံက ရဲတပ်ဖွဲ့တွေကို သင်တန်းပေးမယ့် အထင်ကရ အစီအစဉ်ကြီးတစ်ခုကို ထောက်ခံပေးဖို့ ပစိဖိတ်အိမ်နီးချင်းနိုင်ငံတွေကို ကြိုးပမ်းခဲ့ပါတယ်။
အဲဒီအစီအစဉ်အရ ပစိဖိတ်ကျွန်းများဒေသမှာ ဒေသဆိုင်ရာရဲသင်တန်းကျောင်းတွေ လေးခုအထိနှင့် နိုင်ငံစုံ အကျပ်အတည်း တုန့်ပြန်ရေးတပ်ဖွဲ့တစ်ခု ဖန်တီးဖို့ဖြစ်ပါတယ်။ အစီအစဉ်ကြီးတစ်ခုကို ဩစတြေးလျက ကနဦးရန်ပုံငွေ ဒေါ်လာ ၂၇၁ သန်း မတည်ပေးမယ်လို့ဆိုပါတယ်။
လက်ရှိပိုနေမြဲ ကျားနေမြဲအစီအစဉ်ကို ပြောင်းလဲပစ်မယ့် အဆိုပါအစီအစဉ်ကိုတော့ ဂျပန်ကပြင်းထန်စွာကန့်ကွက်ခဲ့ပါတယ်။ ဖီဂျီလိုနိုင်ငံအချို့က ကြိုဆိုလိုက်ပေမယ့် ဘေဂျင်းနှင့်နီးနီးကပ်ကပ်ဆက်ဆံနေတဲ့ နိုင်ငံတွေကတော့ အဲဒီစိတ်ကူးကို တုံဏှိဘာဝေ ဆိတ်ဆိတ်ပဲနေခဲ့ကြပါတယ်။
“ ကျွန်တော်တို့ရဲ့ ပြည်တွင်းလုံခြုံရေးအပေါ် စည်းကမ်းသတ်မှတ်ထျက်တွေထားတာတစ်ခုကိုတော့ ကျွန်တော်တို့ သဘောမတူဘူး” လို့ ဆော်လမွန်ကျွန်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ပီတာ အက်ဂိုဗာကာက ပြောခဲ့ပါတယ်။
တကယ်တမ်းတော့ ရဲဆိုတာ အကြောင်းပြချက်သက်သက်ဖြစ်ပြီး သူတို့က ပစိဖိတ်ကျွန်းနိုင်ငံတွေအနေနှင့် တရုတ်ကို အရေးမပါတဲ့နေရာမှာ ထားရှိပေးစေလိုတာဖြစ်တယ်လို့ သုံးသပ်ဝေဖန်သူတွေကပြောကြပါတယ်။
အဲဒီစိတ်ပူပန်မှုတွေဟာ ဩစတြေလျားဝန်ကြီးချုပ် အန်တိုနီအယ်ဘန်နီးစ်နှင့် အမေရိကန်ထိပ်တန်းသံတမန်တစ်ဦးတို့က ကုန်ကျစရိတ်တစ်ယောက်တစ်ဝက်လေလို့ နောက်ပြောင်ပြောဆိုခဲ့ကြတာကြောင့် ပိုပြီးကြီးထွားလာပါတယ်။
အဲဒါကြောင့် နောက်ဆုံးမှာ ရဲအစီအစဉ်ကို ထောက်ခံကြတယ်လို့သာ ကြေညာချက်ထုတ်ပြန်နိုင်ခဲ့ပါတယ်။အချို့သော နိုင်ငံတွေက သူတို့အနေနှင့် ဒီကိစ္စအပေါ် ပြည်တွင်းမှာ သုံးသပ်ဆွေးနွေးဖို့လိုဦးမယ်လို့ ပြောဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ရင်းနှီးမှုအရှိဆုံးမိတ်ဆွေ ဆော်လမွန်ကျွန်းများနိုင်ငံက သူတို့ဖိုရမ်ရဲ့ ဖွံ့ဖြိုးရေးမိတ်ဖက်အဖြစ်ကနေ ထိုင်ဝမ်ကိုထုတ်ပယ်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။
ဆော်လမွန်နိုင်ငံခြားရေးဝန်ကြီး အက်ဂိုဗာကာက ဖိုရမ်ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေအတွက်ဖြစ်ပြီး အခြားသော စီရင်ပိုင်ခွင့်အာဏာပိုင်တွေကနေ အုပ်ချုပ်နေတဲ့ နိုင်ငံတွေအတွက်မဟုတ်ဘူး လို့ခပ်ပြတ်ပြတ်ပြောခဲ့ပါတယ်။
အဲဒါကြောင့် နောက်ဆုံးကြေညာချက်ထဲမှာ အဆိုပါ ရဲစိတ်ကူးကို မထည့်သွင်းခဲ့ပါဘူး။ ဒါပေမယ့် ထိုင်ဝမ်ပါဝင်ဖို့ လမ်းဖွင့်ပေးတဲ့ ၁၉၉၂ သဘောတူညီချက်ကိုတော့ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။
ပစိတ်ဖိတ်ကျွန်းနိုင်ငံများဖိုရမ်အစည်းအဝေးရဲ့ ထုတ်ပြန်ကြေညာချက်ကို တရုတ်အထူးသံတမန်က ယုံကြည်မှုကင်းမဲ့စွာတုန့်ပြန်ခဲ့ပါတယ်။ နောက်ဆုံး ဖိုရမ်သဘောထားကြေညာချက်ထဲမှာ ထိုင်ဝမ်သို့ရည်ညွှန်းမှုတွေကို ဖယ်ထုတ်ပေးခဲ့ရပါတယ်။
“ ဒါတစ်ခုခုမှားနေတာပဲ။မှားနေတာပဲ။ အများသဘောတူထားတဲ့အထဲ မပါဝင်ခဲ့တာ အသေအချာပဲ” လို့ သူက ထိပ်သီးအစည်းအဝေးမှာရှိနေတဲ့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“ ဒါဟာ နောက်ဆုံးကြေညာချက်မဖြစ်သင့်ဘူး။ အမှားပြင်ဆင်ချက်လုပ်ရမယ်” လို့ သူကပြောပါတယ်။
တောင်ပစိဖိတ်နိုင်ငံတွေဟာ ထိုင်ဝမ်ကိုထောက်ခံတဲ့ ခံတပ်တစ်ခုလို အရင်ကရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ ဆော်လမွန်ကျွန်းများနိုင်ငံ၊ ကီရီဘာတီနှင့် အာအူရူးတို့ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပြောင်းလဲပြီး အသိအမှတ်ပြု လာခဲ့ကြပါတယ်။
အမေရိကန်ရဲ့ အချုပ်အခြာနယ်မြေထဲပါဝင်တဲ့ ဂူအမ်နှင့် အမေရိကန်ဆာမိုအာတို့ဟာ ဖိုရမ်ရဲ့ တွဲဖက်အဖွဲ့ဝင်တွေ အဖြစ် ရရှိခဲ့ကြပါတယ်။ သူတို့က ဆော်လမွန်ရဲ့ ဆန္ဒတွေကို ကန့်ကွက်ဆန့်ကျင်နေခဲ့ကြပါတယ်။
PIF လို့သိကြတဲ့ ပစိဖိတ်ကျွန်းများဖိုရမ်ဟာ ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပစိတ်ဖိတ်ကျွန်းနိုင်ငံများနှင့် နယ်မြေများ အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ဆိုပြီး ၁၉၇၁ခုနှစ်ကတည်းကတည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီဖိုရမ်မှာ ဩစတြေလျ၊နယူးဇီလန်နှင့် ပစိတ်ဖိတ်ကျွန်းနိုင်ငံတော်တော်များများပါဝင်ပြီးလက်ရှိမှာ အဖွဲ့ဝင် နိုင်ငံ ၁၈ နိုင်ငံ ပါဝင်နေပါတယ်။
မကြာသေးခင်က ပြီးစီးသွားတဲ့ အဆိုပါဖိုရမ်ထိပ်သီးအစည်းအဝေးကိုကြည့်ရင် တရုတ်နှင့် အမေရိကန် ပြည်ထောင်စု အကြားက ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုကြီးထွားလာနေတာကို မြင်နိုင်ပါတယ်။
ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးနှစ်နိုင်ငံဟာ ပစိဖိတ်ကျွန်းနိုင်ငံတွေဒေသမှာ ဩဇာလွှမ်းမိုးဖို့ အပြိုင်အဆိုင်ကြိုးစားလာနေကြပါတယ်။ အဲဒီဒေသတည်နေရာဟာ မဟာဗျူဟာမြောက်အရေးကြီးသလို သဘာဝအရင်းအမြစ်တွေနှင့် တိုးလက်လာနေတဲ့ စီးပွားရေး တွေကြောင့် ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ အဆင့်မြင့်အရာရှိကြီးတွေရဲ့ သွားရောက်လည်ပတ်မှုတွေနှင့် ပစိဖိတ်ကျွန်းများဒေသမှာ သံခင်းတမန်ခင်း ဖြန့်ကျက်နေပါတယ်။ အဲဒီအပြင် BRI အစီအစဉ်ကြီးအောက်ကနေ တရုတ်နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေးနှင့် ငွေကြေးဘဏ္ဍာကူညီထောက်ပံ့မှုတွေကို လည်း အလေးပေးဆောင်ရွက်နေတာတွေ့ရပါတယ်။ တရုတ်နိုင်ငံဟာ ဆိပ်ကမ်းတွေ၊လမ်းမကြီးတွေနှင့် ဆက်သွယ်ရေးကဏ္ဍတွေမှာ အကြီးအကျယ်ရင်းနှီးမြှပ်နှံနေပါတယ်။ စီးပွားရေးအရှိန်အဝါကနေတစ်ဆင့် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးတွေအထိ နိုင်ငံရေးဩဇာကြီးမားလာနေပါတယ်။
အဲဒီအပေါ် အမေရိကန်က စိုးရိမ်မှုတွေရှိလာခဲ့ပုံရပါတယ်။ ဘိုင်ဒင်အစိုးရဟာ ပစိဖိတ်ကျွန်းနိုင်ငံငယ်ကလေးတွေကို ပြန်ပြီး မျက်စေ့ကျလာပါတယ်။ပစိတ်ဖိတ်ကျွန်းများကို အမေရိကန်က ယင်းရဲ့ မဟာဗျူဟာအကျိုးစီးပွားအတွက် အလွန်အရေးကြီး တယ်လို့ ရှုမြင်လာနေပါတယ်။ အထူးသဖြင့် သူတို့က ဒေသတွင်းမှာ တရုတ်ရဲ့ ဩဇာအရှိန်အဝါကို ပြန်ကန်ဖို့ က အမေရိကန် အတွက် အဓိက ဖြစ်ပုံရပါတယ်။အဲဒါကြောင့်လည်း အမေရိကန် စစ်တပ်တွေထားရှိဖို့နှင့် ကာကွယ်ရေးအရ မိတ်ဖက်တွေ လုပ်ဖို့ သူ့ဩဇာညောင်းတဲ့ ဩစတြေလျလိုနိုင်ငံမျိုးကို အသုံးချစေခိုင်းလာတဲ့သဘောရှိပါတယ်။
ပစိဖိတ်ကျွန်းများဒေသနိုင်ငံလေးတွေဟာ အဲဒီနှစ်ဖက်ယှဉ်ပြိုင်မှုကနေ သူတို့နိုင်ငံတွေအတွက် ဘယ်လိုအမြတ်ထုတ်မလဲ ဆိုတာ ကိုလည်း စဉ်းစားလာနေကြပါတယ်။ အဲဒါကြောင့်လည်း အဲဒီနိုင်ငံငယ်လေးတွေဟာ သူတို့ရဲ့ သံတမန်မဟာမိတ် တွေကို ဘက်ပြောင်းလာကြတာအချို့တွေ့ရပါတယ်။ အဲဒီအပြောင်းအလဲတွေဟာ စိတ်ဝင်စားစရာကောင်းပြီး ဒေသဆိုင်ရာ ဒိုင်းနမစ်တွေကို အပြောင်းအလဲဖြစ်လာဖို့ ဦးတည်လာနေပါတယ်။ အဲဒီအပြင် ပစိဖိတ်ကျွန်းများဖိုရမ်အဖွဲ့ကြီးအတွင်း ဩဇာသက်ရောက်မှုပုံစံတွေလည်း ပြောင်းလဲလာနေတာကို စိတ်လှုပ်ရှားစရာတွေ့ ရှိရပါတယ်။
အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာ့အစီအစဉ်ဖြစ်တဲ့ ဝင်ရိုးတစ်ခု ကမ္ဘာ့အစီအစဉ် Uni-polar-World Order ကနေ တရုတ်၊ရုရှား၊ အိန္ဒိယနှင့် အခြားသော အနောက် အုပ်စုမဟုတ်တဲ့ ထွန်းသစ်စနိုင်ငံတွေ ဦးဆောင်တဲ့ ဝင်ရိုးစုံကမ္ဘာ့အစီအစဉ် Multi-polar-World Order သို့ ရွေ့လျားနေတဲ့ မျက်မှောက်အခြေအနေကို အစိုးရိမ်ဆုံးဖြစ်နေသူတွေဟာ အမေရိကန်နှင့် ယင်းရဲ့မဟာမိတ် ဥရောပနိုင်ငံအချို့ပဲဖြစ်ကြပါတယ်။ အဲဒါကြောင့်လည်း အမေရိကန်ဟာ ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုတွေကို ပေါ်ပေါ်တင်တင်နှင့် ခပ်ကြမ်းကြမ်းလုပ်လာနေတာမြင်ကြရပါတယ်။ ပစိဖိတ်ကျွန်းနိုင်ငံများဖိုရမ်မှာ လက်တွေအမြင်ပဲဖြစ်ပါတယ်။
အဲဒါကြောင့် ကမ္ဘာကြီးမှာ အင်အားကြီး နိုင်ငံတွေအကြား ပွတ်တိုက်မှုတွေကြီးထွားလာနေကာ ယင်းမှတစ်ဆင့် ဒေသတွင်းစစ်ပွဲတွေကနေ နိုင်ငံစုံစစ်ပွဲကြီးတွေ အထိ ဖြစ်လာမှာကိုလည်း ဖွံ့ဖြိုးဆဲ ရုန်းကန်ဆဲ နိုင်ငံတွေက စိုးရိမ်လာကြရပါတယ်။
ပထဝီနိုင်ငံရေးလှိုင်းတံပိုးတွေအကြားက ပစိတ်ဖိတ်ကျွန်းနိုင်ငံများဒေသရဲ့ အနာဂတ်နှင့် ဦးတည်ရာကိုတော့ ရင်မသည်းဖို စောင့်ကြည့်ကြရဦးမှာဖြစ်ပါကြောင်း။
-ကောင်းမြတ်ကျော်
@ymg/knl
လတ်တလောမှာ ကလေးလူနာတွေထက် လူကြီးလူနာ၊ လေဖြတ်နေသူတွေနဲ့ ခွဲစိတ်ကုသရန်လိုသူတွေအတွက်ငွေကြေးအကူအညီတောင်းခံမှုပိုများလာတယ်လို့ သိရပါတယ်။
#Local_News
Published 02 September 2024
#ငွေကြေးအကူအညီတောင်းခံ #ခွဲစိတ်ကုသရန်လိုသူ
#YMG/tthl #Yangon_Times
#World_News
Published 02 September 2024
▪️ အစ္စရေးလ် ခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ်တွေ ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရယူနိုင်တဲ့အပေါ် လူအများ စိတ်ပျက်နေကြချိန်မှာ ဂါဇာမှ အစ္စရေးလ်ဓားစာခံ ၆ ဦးသေဆုံးပြီးနောက် တနင်္ဂနွေနေ့မှာ အစ္စရေးလ်နိုင်ငံတလျှောက် ဆန္ဒပြပွဲများ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။
▪️ အစ္စရေးလ်မီဒီယာများရဲ့ ဖော်ပြချက်အရ ဂျေရုဆလမ်၊ တဲလ်အေဗစ်နဲ့ အခြားမြို့တွေမှာ ဆန္ဒပြသူ ၅ သိန်းခန့်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းရကာ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူ အနေနဲ့ ကျန်ရှိနေသေးတဲ့ ဓားစာခံ ၁၀၁ ဦးကို ပြန်ခေါ်နိုင်ဖို့ ဒီထက်ပိုမို အားထုတ်ရန် လိုလားနေကြပါတယ်။
▪️ ဂျေရုဆလမ်မြို့မှာ ဆန္ဒပြသူတွေက လမ်းတွေကို ပိတ်ဆို့ထားပြီး ဝန်ကြီးချုပ်နေအိမ် အပြင်ဘက်မှာ ဆန္ဒထုတ်ဖော်နေကြပါတယ်။
▪️ ဝေဟင်မှ ရိုက်ကူးမိတဲ့ ဗီဒီယိုထဲမှာ တဲလ်အေဗစ် အဓိကအဝေးပြေးလမ်းမကြီးမှာ ဆန္ဒပြသူတွေက အလံတွေနဲ့ အသတ်ခံရတဲ့ ဓားစာခံတွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ထားကြပါတယ်။
▪️ အစ္စရေးလ်ရုပ်သံရဲ့ ဗီဒီယိုထဲမှာတော့ ရဲတွေက လမ်းပိတ်ဆို့နေတဲ့ ဆန္ဒပြသူတွေဘက်ကို မီးသတ်ပိုက်တွေနဲ့ ချိန်ထားကာ ၂၉ ဦး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
▪️ အလုပ်သမား ခေါင်းဆောင်တွေက တနင်္လာနေ့မှာ အထွေထွေသပိတ်ကြီး တစ်ရက်တာ ပြုလုပ်ဖို့ စည်းရုံးထားပါတယ်။
▪️ ဂါဇာတောင်ပိုင်း ရာဖာမြို့ရှိ လိုဏ်ခေါင်းတစ်ခုကနေ အလောင်းတွေကို ရယူခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်က ကြေညာခဲ့ပါတယ်။
▪️ ဆေးမှုခင်းစစ်ဆေးချက်အရ ဟားမတ်စ်အကြမ်းဖက်တွေက လွန်ခဲ့တဲ့ ၄၈ နာရီမှ ၇၂ နာရီအတွင်း ဓားစာခံတွေကို အနီးကပ်ပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ ယူဆထားကြောင်း အစ္စရေးလ် ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
▪️ ဝန်ကြီးချုပ်နေတန်ညာဟူဟာ စစ်ပွဲအပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိဖို့နဲ့ ဓားစာခံများ လွတ်မြောက်ဖို့ တောင်းဆိုခံနေရပေမယ့် အစ္စရေးလ်ဟာ ဒီကိစ္စဖြစ်လာအောင် ပြုလုပ်ခဲ့သူများကို မဖမ်းမိမချင်း ရပ်တန့်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
▪️ ဟားမတ်စ်အကြီးတန်း အရာရှိတွေက အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်ထိုးဖို့ ငြင်းဆန်သူတွေကိုသာ ဓားစာခံတွေ သေဆုံးရခြင်းအတွက် အပြစ်တင်သင့်တယ်လို့ ဆိုလိုက်ပါတယ်။
▪️ ဓားစာခံမိသားစုများ ဖိုရမ်မှာ နေတန်ညာဟူကို တာဝန်ခံခိုင်းနေပြီး သဘောတူညီချက် မရရှိနိုင်သေးတဲ့ အကြောင်းအရင်းကို ရှင်းပြခိုင်းနေပါတယ်။
#Source: Reuters
#World_Health
Published 2 Sept 2024
▪️ ဗြိတိန်ပြည်ထောင်စုမှာ လူ ၁၀ ဦးလျှင် ၃ ဦးနှုန်းက လိင်ကိစ္စ ပြုလုပ်ခြင်းမရှိဘဲ စစ်တမ်းတစ်ခုအရဆိုရင် စုံတွဲတွေထဲက ၄ ပုံ ၁ ပုံလောက်ဟာ ချစ်တင်းနှောခြင်း မရှိကြဘူးလို့ ခန့်မှန်းရပါတယ်။
▪️ လိင်ကိစ္စပြုလုပ်ခြင်း မရှိရတဲ့ အကြောင်းအရင်းတွေ အမျိုးမျိုးရှိနိုင်ပေမယ့် လုံးဝမပြုလုပ်တော့ဘူးဆိုရင် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်စေသလဲဆိုတာ သတိပြုရပါမယ်။
▪️ ဒီလိုမျိုး ချစ်တင်းနှောခြင်း မပြုလုပ်တော့တဲ့အခါ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
▪️ ချစ်တင်းနှောတဲ့အခါ ထွက်လာတဲ့ ဟော်မုန်းတွေက ပျော်ရွှင်ကျေနပ်မှုကို ပေးစွမ်းပြီး ဖိစီးမှုကို လျော့ကျစေပါတယ်။
▪️ စိတ်ဓာတ်ကျခြင်းကို သက်သာစေပြီး နှလုံးပြဿနာ ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။
ဒါ့အပြင် အမျိုးသားတွေမှာ မကြာခဏ သုတ်လွှတ်ခြင်းဖြင့် ဆီးကျိတ်ကျန်းမာရေးကို အကျိုးရှိစေပါတယ်။
▪️ ၂၀၁၆ လေ့လာချက်အရ အမျိုးသားတွေ တစ်လအတွင်း အနည်းဆုံး ၂၁ ကြိမ် သုတ်လွှတ်ခြင်းဖြင့် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းစေကာ အမျိုးသမီးတွေအနေနဲ့လည်း ဆန္ဒပြီးမြောက်ခြင်းဖြင့် တင်ပါးကြွက်သားများ သန်မာစေတယ်လို့ တွေ့ရှိထားပါတယ်။
▪️ အမျိုးသားရော အမျိုးသမီးရော ပုံမှန်ချစ်တင်းနှောခြင်းဖြင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်လို့ သုံးသပ်ထားကြပါတယ်။
▪️ လိင်မှုကိစ္စ မပြုလုပ်တော့တဲ့ သူတွေကို အကြောင်းအရင်းနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ယူရာမှာ ၄၅ ရာခိုင်နှုန်းလောက်က ပင်ပန်းလွန်းတယ်လို့ ခံစားရတာကြောင့်ဖြစ်ပြီး ယင်းနောက်မှာတော့ ဘဝက ဖိစီးလွန်းတယ်လို့ ခံစားရခြင်းက ၂၉ ရာခိုင်နှုန်း ရှိနေပါတယ်။
▪️ အချို့ကတော့ နေ့စဉ်ဘဝ အလုပ်ရှုပ်လွန်းခြင်း၊ အခြားတာဝန်များနေခြင်း၊ လိင်မှုကိစ္စအတွက် အချိန်မပေးနိုင်ခြင်း၊ လိင်စိတ်ဆန္ဒ လျော့နည်းခြင်းတို့လည်း တွေ့ရပါတယ်။
▪️ အမျိုးသားတွေမှာ မျိုးမအောင်ခြင်း၊ လိင်စိတ်ဆန္ဒ လျော့နည်းလာခြင်းတို့က ရောဂါအခံတွေကြောင့် ဖြစ်တတ်ပါတယ်။
▪️ အမျိုးသမီးတွေမှာလည်း ဟော်မုန်းပြဿနာများကြောင့် လိင်စိတ်ဆန္ဒ ပျောက်ဆုံးလာတတ်ပါတယ်။
▪️ မေတ္တာရေးမှာ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ပြဿနာဖြစ်ခြင်းတို့က ချစ်တင်းနှောမှု လျော့ပါးရပ်တန့်လာရတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။
▪️ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အာဟာရမျှတစွာ စားသုံးခြင်း၊ စိတ်ဓာတ်တက်ကြွစွာ နေထိုင်ခြင်းတို့ဖြင့် လိင်စိတ်ဆန္ဒကို ပြန်လည်မြှင့်တင်စေနိုင်ပါတယ်။
▪️ လိင်စိတ်ဆန္ဒ လျော့နည်းတဲ့ လက်တွဲဖော်တွေကို ဒါနဲ့ပတ်သက်ပြီး ပွင့်လင်းစွာ ဖွင့်ပြောဆွေးနွေးခြင်းဖြင့်လည်း ချစ်တင်းနှောမှုကို မြှင့်တင်စေနိုင်ပါတယ်။
#Source: Telegraph
#World_Health
Published 2 Sept 2024
▪️ ဖြည့်စွက်အားဆေးတွေက အသားအရေ ဖွဲ့စည်းပုံ၊ ရေဓာတ်တို့ကို ထောက်ပံ့ပေးကာ ထိခိုက်မှုများမှ ကာကွယ်ပေးတဲ့ မရှိမဖြစ် အာဟာရဓာတ်များ ပေးစွမ်းကာ အရေပြားကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။
▪️ အသားအရေ တင်းရင်းမှုနဲ့ ကော်လာဂျင်ဖွဲ့စည်းမှုကို မြှင့်တင်ပေးကာ အရေးကြောင်းများ၊ ခြောက်သွေ့ခြင်းများ၊ ဝက်ခြံများဖြစ်ပေါ်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။
▪️ ဒါကြောင့် အရေပြားကျန်းမာရေးကို မြှင့်တင်ပေးပြီး ကြည့်ကောင်းတဲ့ အသားအရေရရှိစေမယ့် ဖြည့်စွက်ဓာတ်များကို ဖော်ပြလိုက်ပါတယ်။
(၁) ဗိုက်တာမင်-စီ
▪️ စွမ်းအားမြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး ကော်လာဂျင် ဖွဲ့စည်းမှုမှာ ပါဝင်ကာ အရေပြားတင်းရင်းမှုကို ထိန်းသိမ်းပေးပါတယ်။
▪️ အရေးကြောင်းများ လျှော့ချပေးပြီး အသားအရေကို နုပျိုဝင်းလက်စေပါတယ်။
(၂) ဗိုက်တာမင်-အီး
▪️ အသားအရေ ပျက်စီးခြင်းမှ ကာကွယ်ပေးကာ စိုစွတ်မှုကို ထိန်းသိမ်းပေးပြီး ရောင်ရမ်းမှုကိုလည်း လျှော့ချပေးပါတယ်။
(၃) ကော်လာဂျင်
▪️ အသားအရေထဲက အပေါများဆုံး ပရိုတိန်းဖြစ်ပြီး အရေပြားဖွဲ့စည်းမှုကို အားပေးပါတယ်။
▪️ အသားအရေ တင်းရင်းစေပြီး ရေဓာတ်ထိန်းသိမ်းပေးကာ အသွင်အပြင် တိုးတက်စေပါတယ်။
(၄) အိုမီဂါ-၃ ဖက်တီးအက်ဆစ်များ
▪️ ငါးကြီးဆီမှာတွေ့ရတဲ့ EPA နဲ့ DHA တို့က အရေပြားကျန်းမာရေးကို ထိန်းသိမ်းရာမှာ ပါဝင်ပါတယ်။
▪️ ရောင်ရမ်းခြင်းကို လျှော့ချပေးပြီး အစိုဓာတ်ထိန်းပေးကာ ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးပါတယ်။
(၅) ဇင့်
▪️ ဇင့်က အဆီဓာတ် ထိန်းညှိပေးကာ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးပြီး ဝက်ခြံဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ ကိုယ်ခံအားစနစ်ကိုလည်း ထောက်ပံ့တာကြောင့် အရေပြားရောဂါ ကူးစက်မှုများမှ ကာကွယ်ပေးပါတယ်။
(၆) ဟိုင်ယာလူရွန်နစ်အက်ဆစ်
▪️ အရေပြားမှာ သဘာဝအတိုင်း တွေ့ရတဲ့ ဓာတ်ဖြစ်ပြီး စိုစွတ်မှုကို ထိန်းသိမ်းပေးကာ ကြည်လင်စေပါတယ်။
▪️ အသက်ကြီးလာတာနဲ့ ဟိုင်ယာလူရွန်နစ်အက်ဆစ် လျော့နည်းလာပြီး အရေပြား ခြောက်သွေ့လာပါတယ်။
(၇) ဘိုင်အိုတင်
▪️ အရေပြား၊ ဆံကေသာ၊ လက်သည်းကျန်းမာရေးတို့ကို ထိန်းသိမ်းပေး ဘီ-ဗိုက်တာမင်ဖြစ်ပြီး အရေပြားကြံ့ခိုင် သန်စွမ်းအောင် ထောက်ပံ့ပေးပါတယ်။
#Source: DoctorNDTV
၁ စက်တင်ဘာ ၂၀၂၄
ထိုင်းနိုင်ငံ ပရာချပ်ခီရီခန်ပြည်နယ် ဟွာရိုင်အရပ်မှာ ကိုယ်ဝန်အရင့်အမာရှိနေပြီဖြစ်တဲ့ မြန်ာအမျိုးသမီးတစ်ဦးနှင့် သူ့သမီး တို့ အသတ်ခံရတယ်လို့ ထိုင်းမီဒီယာများကရေးသားဖော်ပြကြပါတယ်။ သူတို့ဟာ သူတို့ငှားနေတဲ့အိမ်ထဲမှာ ရက်ရက်စက်စက် အသတ်ခံခဲ့ကြရတာဖြစ်ပါတယ်။ သတ်သူတွေဟာ မြန်မာနိုင်ငံသားတွေပဲဖြစ်နိုင်ပြီး ဓားပြတိုက်သွားတဲ့သဘောလို့ ရဲတွေက ယူဆထားကြပါတယ်။ အဲဒီအပြင် သူ့ခင်ပွန်းသည်ကိုလည်း နောက်တစ်နေရာမှာ အသတ်ခံရပြီးသေဆုံးနေတာတွေ့ကြရတယ် လို့သတင်းများကဆိုပါတယ်။
ယမန်နေ့ ဩဂုတ် ၃၁ရက် ည ၁၀နာရီခွဲခန့်မှာ ဟွာရိုင်က အိမ်တစ်အိမ်မှာ အသက် ၃၈နှစ်အရွယ် ကိုယ်ဝန်သည် အမျိုးသမီးနှင့် အသက် (၇)နှစ်အရွယ် သူမရဲ့သမီးတို့ရဲ့ ရုပ်အလောင်းတွေတွေ့ရှိရတယ်လို့ ရဲတွေ သတင်းရရှိခဲ့ကြပါတယ်။ရဲတွေဟာ ဆေးပညာရှင်တွေနှင့် အမှုလိုက်ဌာနတွေနှင့်အတူ အခင်းဖြစ်ပွားရာကို သွားရောက်ခဲ့ကြပါတယ်။
အခင်းဖြစ်ပွားတဲ့ တစ်ထပ်အိမ်ထဲမှာ (၈)လကိုယ်ဝန်နှင့် အမျိုးသမီးဟာ ဦးခေါင်းနှင့်မျက်နှာပြင်မှာ ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိသေဆုံးနေပြီး သူမရဲ့သမီးငယ်ဟာလည်း ခေါင်းဒဏ်ရာနှင့်လဲကျသေဆုံးနေတာတွေ့ရပါတယ်။ ရဲတွေကတော့ အသတ်ခံ ရတာဟာ (၃)ရက်လောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
သေဆုံးတဲ့အမျိုးသမီးရဲ့ ခင်ပွန်းဟာ အဲဒီအိမ်ကိုငှားထားတာဖြစ်ပြီး သူဟာ ဟွာရိုင်အရပ် ဘန်ဟွာခေါင်ကရာဘာစိုက်ခင်းတွေ မှာ ရာဘာအပင်တွေခုတ်ပေးရတဲ့အလုပ်လုပ်နေပါတယ်။
အဲဒီအချိန်တုန်းက ပျောက်ဆုံးနေတဲ့သူ့ခင်ပွန်းကို လိုက်လံစုံစမ်းကြည့်ပြီး အဲဒီနေ့ ညနေ သုံးနာရီခွဲခန့်မှာတော့ တောင်ပေါ်က ရာဘာစိုက်ခင်းထဲမှာ ခင်ပွန်းရဲ့အလောင်းကိုရဲတွေကရှာဖွေတွေ့ရှိခဲ့ကြပါတယ်။သူဟာ လည်ပင်းအလှီးခံရပြီး သူ့အလောင်းရဲ့ အနီးအနားမှာ ဆန်အိတ်တစ်အိတ်၊ ရေအေးစက်တစ်လုံး၊ လောင်စာဆီနှင့် အခြားသော တစ်ကိုယ်ရည်သုံးပစ္စည်းတွေ ပြန့်ကျဲ နေပါတယ်။သေဆုံးသူမှာ စောဝင်းဦးဆိုသူဖြစ်တယ်လို့ နောက်ပိုင်းမှာ စုံစမ်းသိရှိရပါတယ်။
အဲဒီလူသတ်မှုက မြန်မာနှစ်ဦးက ကျူးလွန်ခဲ့တာလို့ ရဲတွေက သံသယရှိနေပါတယ်။ အဲဒီနှစ်ဦးဟာ အသတ်ခံရတဲ့ယောကျ်ား ဖြစ်သူက သူနှင့်အတူအလုပ်လုပ်ဖို့ ခေါ်ထားတဲ့သူတွေဖြစ်ကြပါတယ်။ မိသားစုရရှိတဲ့ ရာဘာပင်ဖြတ်ခ ဘတ်ငါးသောင်းကို လုယူသွားကြပုံရတယ်လို့ ရဲတွေကပြောပါတယ်။
ကျူးလွန်သူတွေဟာ သေဆုံးသူ အမျိုးသားရဲ့မော်တော်ဆိုင်ကယ်ကို စီးပြီး သူတို့အိမ်ပြန်သွားကာ ဇနီးနှင့်သမီးဖြစ်သူတွေကို ပါ မျက်မြင်သက်သေမရှိအောင် ကိစ္စတုံးခဲ့ကြပုံရတယ်လို့ မျက်မြင်သက်သေတစ်ဦးကပြောပါတယ်။ ဒီရွာမှာ ဒါမျိုးတစ်ခါမှ မဖြစ်ဖူးဘူးလို့လည်း သူကဆက်ပြောပါတယ်။
သေဆုံးသူအမျိုးသားရဲ့ အသက် ၃၂နှစ်အရွယ်ညီဖြစ်သူပြောပြတာကတော့ သူ့အစ်ကို၊သူ့မရီးနှင့်တူမတို့ဟာ တနင်္သာရီတိုင်း ဒေသကြီး မြိတ်က လာရောက်ကြတာဖြစ်ပီဲး ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်နေတာ ၁၀နှစ်ကျော်ရှိပြီလို့ဆိုပါတယ်။
@ymg/knl
#World_Science
Published 1Sept 2024
▪️ သက်ရှိတွေ ရှင်သန်နိုင်ဖို့ လိုအပ်တဲ့ ရေရှည်တည်မြဲ ရင်းမြစ်များတည်ရှိရာ လကမ္ဘာမှာ လူသားတွေ နေထိုင်လို့ရနိုင်မယ့် နည်းလမ်းတွေကို သိပ္ပံပညာရှင်များ ကြိုးစားရှာဖွေနေကြပါတယ်။
▪️ အခုအခါ တရုတ်သိပ္ပံပညာရှင်တွေက လကမ္ဘာမြေကြီးကို အသုံးပြုပြီး လပေါ်မှာ ရေထုတ်လုပ်နိုင်ဖို့ လမ်းစဉ်ကို ကြိုးပမ်းနေကြပါတယ်။
▪️ အသက်ရှင်နေထိုင်ဖို့အတွက်ရာ ရေက အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်နေပါတယ်။
▪️ လပေါ်မှာ ရေရနိုင်တဲ့ အရိပ်အယောင်အချို့ တွေ့ရှိပြီးနောက် လူသားတွေ အသက်ရှင်ဖို့ အထောက်အကူပြုနိုင်မယ့် ရေကို ထုတ်လုပ်ရန် ကြိုးပမ်းလာပါတယ်။
▪️ ဒီလုပ်ငန်းစဉ်အတွက် နင်ဘိုနည်းပညာနဲ့ အင်ဂျင်နီယာ တရုတ်သိပ္ပံအကယ်ဒမီမှ ပရော်ဖက်ဆာ ဝမ်ကျွန်ချန်းဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့က နည်းလမ်းရှာဖွေနေကြပါတယ်။
▪️ သုတေသီအဖွဲ့က ဟိုက်ဒရိုဂျင်နဲ့ ရီဂိုလစ်လို့ခေါ်တဲ့ ဂြိုဟ်အုတ်မြစ် အစိုင်အခဲလွှာတို့ရဲ့ ထူးခြားဓာတုဓာတ်ပြုမှုကို အသုံးပြုပြီး ရေထုတ်လုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
▪️ ဒီဓာတ်ပြုမှုဖြင့် သောက်သုံးရေ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။
▪️ ချန်အီ-၅ လကမ္ဘာမစ်ရှင်ကနေ ရယူလာတဲ့ ရီဂိုလစ်နမူနာများကို အသုံးပြုကာ လကမ္ဘာပေါ်မှာ ရေထုတ်လုပ်နိုင်ဖို့ နည်းလမ်းရှာဖွေနေကြောင်း၊ စမ်းသပ်ချက် စိတ်ချမှုရှိဖို့ လကမ္ဘာမှ တရားဝင်ပစ္စည်းများ အသုံးပြုခြင်းက ဘယ်လောက်အရေးကြီးကြောင်း ပရော်ဖက်ဆာက ပြောသွားပါတယ်။
▪️ စမ်းသပ်ချက်ပြုလုပ်ရာမှာ အထူးဖန်တီးထားတဲ့ မှန်ခွက်များကို အသုံးပြုကာ ရီဂိုလစ်ကို ၁၂၀၀ ကယ်လ်ဗင်အထက် အပူပေးလိုက်ရင် အရည်ကျိုရီဂိုလစ် ၁ ဂရမ်ဖန်တီးနိုင်ကာ ရေ ၅၁ မှ ၇၆ မီလီဂရမ်ခန့် ထုတ်လုပ်နိုင်ပါတယ်။
▪️ ရီဂိုလစ် ၁ တန်ကနေ ရေ ၅၀ ကီလိုဂရမ်ကျော် ထုတ်လုပ်နိုင်ကာ ၅၀၀ မီလီလီတာ ရေသန့်ဗူးပေါင်း ၁၀၀ နဲ့ ညီမျှပါတယ်။
▪️ ဒီလောက်ရေသန့်ဗူးဆိုရင် လူ ၅၀ စာအတွက် တစ်နေ့တာ လုံလောက်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် လကမ္ဘာမှ အီလ်မင်နိုက်ဟာလည်း ရေထုတ်ယူဖို့အတွက် အရေးကြီးတဲ့ သတ္တုဓာတ် ဖြစ်ပါတယ်။
#Source: WION
Page 72 of 1456