#Local_News
Published_21 Feb 2025
▪️ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများ မှတစ်ဆင့် တရားမဝင် ဝင် ရောက်နေထိုင်ပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှု များနှင့် ဒုစရိုက်မှုများလုပ်ဆောင်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၃၀၀) ကို လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
▪️ ယနေ့ လွှဲပြောင်းပေးအပ်ခဲ့သည့် တရုတ်နိုင်ငံသားများ၏ ဖွင့်ဟဝန်ခံချက်များအရ အများစုသည် အိမ်နီးချင်း နိုင်ငံ အချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင် ရောက်လာခဲ့ခြင်း ဖြစ်ကြောင်းနှင့် မြဝတီ- KK Park နယ်မြေအတွင်းရှိ Online လိမ်လည်မှုများ၊ Online လောင်း ကစားမှုများတွင် ပါဝင်လုပ် ဆောင်ရန် စေခိုင်းခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
▪️ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူ များနှင့် နောက်ကွယ် မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်း အမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသား များနှင့် လူကုန်ကူးခံရသည့် နိုင်ငံ ခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေး နိုင်ရေး တက်ကြွ စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published 21 February 2025
▪️ Woojung Education and Culture Foundation မှ ပေးအပ်သည့် ပညာသင်ဆုရရှိသူ နိုင်ငံတကာ ကျောင်းသား/သူ (၉၈) ဦးတွင် မြန်မာကျောင်းသားများပါဝင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါ Woojung Education and Culture Foundation မှ ကြီးမှူး၍ Korea Chamber of Commerce and Industry Building ၌ ယမာန်နေ့က ကျင်းပခဲ့သည့် Scholarship Award Ceremony for the 1stSemester of 2025 အခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် တက်ရောက်ခဲ့ပြီး တက်ရောက်လာသော သံတမန်အဖွဲ့ကိုယ်စား ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
▪️ ယင်းအခမ်းအနား၌ မြန်မာသံအမတ်ကြီးက Woojung Education and Culture Foundation မှ ကိုရီးယားသမ္မတနိုင်ငံတွင် ပညာသင်ကြားလျက်ရှိသော ထူးချွန်သည့် နိုင်ငံတကာမှ ကျောင်း သား/သူများအား ပညာသင်ဆုများ ဆက်လက်ထောက်ပံ့ပေးလျက်ရှိသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ အဆိုပါပညာသင်ဆုထောက်ပံ့မှုသည် ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာဖလှယ်မှုများ ကို တိုးမြှင့်ဆောင်ရွက်ရာ၌ အရေးပါသောကဏ္ဍမှ ပါဝင်လျက်ရှိ ကြောင်း၊ 1st Semester of 2025 အတွက်နိုင်ငံပေါင်း (၃၀) မှ ပညာသင်ဆုရရှိသူ ကျောင်းသား/သူ (၉၈) ဦးအား ပညာသင်ဆုများ ဆက်လက်ပေးအပ်ခဲ့သည်ကိုသိရှိရသဖြင့် လွန်စွာဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် အဆိုပါပညာ သင်ဆုရရှိသူများအနက် မြန်မာနိုင်ငံမှ (၃) ဦးကိုလည်း ပညာသင်ဆု ဆက်လက်ပေးအပ်ခဲ့သဖြင့် ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။
▪️ ထို့အပြင် ပညာသင်ဆုရရှိသည့် ကျောင်းသား/သူများအနေဖြင့်လည်း ရည်မှန်းချက် ကြီးကြီးမားမားထားရှိကာ ပညာရေးဆိုင်ရာ အသက်မွေးဝမ်းကြောင်းလမ်းများတွင် အောင်မြင်မှု များ အပြည့်အဝရရှိစေရန် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားပြီး ဆက်လက်ကြိုးစား အားထုတ်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်းနှင့် Woojung Foundationမှ ပညာသင်ဆုများ ဆက်လက်ချီးမြှင့်မှုသည် မြင့်မြတ်သည့် လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး နိုင်ငံတကာမှ ကျောင်းသား/ သူများ၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျောင်းသား/သူများအတွက် ပညာရေးပညာသင်ဆုများ ပိုမိုပေးအပ်ပေးပါရန် တိုက်တွန်းလိုပါကြောင်းစသည်ဖြင့် ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 21 February 2025
▪️ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌တာချီလိတ်မြို့၌ စက်သုံးဆီသယ်ယာဉ်များရောက်ရှိလာပြီး ဒေသတွင်း စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေးဆက်လက်ဆောင်ရွက်နေကြောင်း ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်/မြို့နယ် စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည့် ဈေးနှုန်းသက်သာစေရေးနှင့် စက်သုံးဆီများပြတ်လပ်မှုမဖြစ်ပေါ်စေရေးညှိနှိုင်း ဆွေးနွေးခြင်း အစည်းအဝေးမှ သိရသည်။
▪️ ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ချမ်းမြေ့ဝင်း၊ မြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးထွန်းနေဦး၊ ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးစိုင်းစိုင်းနှင့် ဆီလုပ်ငန်းရှင်များသည် ဖန်မင်ကျေးရွာ အုပ်စု၊ ဧဒင်ကျေးရွာရှိ ရန်ကင်းဆီပန့်သို့ ရောက်ရှိလာသော ဆီသယ်ယာဉ် ၁၁ စီးကို တာဝန်ရှိသူများက ဆီအရည်အသွေးများအား တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ခရိုင်/မြို့နယ် စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့မှု ရပ်ဆိုင်းခဲ့သဖြင့် ဒေသတွင်း စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေးနှင့် ဈေးနှုန်းသက်သာစေရေးအတွက် Max Mega Power Myanmar Co,Ltd နှင့် Golden Gate Energy Co,Ltd တို့မှ ပူးပေါင်းပြီး မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများမှ တစ်ဆင့် တာချီလိတ်မြို့၊ စက်သုံးဆီလုပ်ငန်းရှင်များအသင်းနှင့် ပေါင်းစပ်၍ စက်သုံးဆီသယ်ယူဖြန့်ဖြူး ရောင်းချသွားမည့်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းကိုက လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
▪️ လက်ရှိရောက်ရှိလာသော စက်သုံးဆီကားများအား တာချီလိတ်မြို့နယ်တွင်း စက်သုံးဆီဆိုင် (၂၃)ဆိုင်အား အချိုးကျ ခွဲဝေပေးနိုင်ရန်အတွက် တာချီလိတ် မြိုနယ် စက်သုံးဆီ လုပ်ငန်းရှင်အသင်းမှ ဦးဆောင်ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ ဒေသတွင်း စက်သုံးဆီလိုအပ်ချက် ပြတ်လပ်မှုမရှိစေရေးအတွက် စီစဉ်ထားရှိကြောင်း သိရသည်။
▪️ ၄င်းပြင် သီလဝါဆပ်ကမ်းမှ တဆင့် တာချီလိတ်မြို့ထိ သယ်ဆောင်လာသော စက်သုံးဆီများမှာ ယနေ့ ရောက်ရှိလာသော စက်သုံးဆီကားများအပြင် တာကော်တံတား၏ ကြံ့ခိုင်မှု အခြေအနေ အရ ကားကြီးများ သွားလာရန် အတွက် မလွယ်ကူသေးသဖြင့် ကားသေးများဖြင့် ခေါက်ပြန်သယ်နေရကြောင်း သိရသည်။
▪️ ထို့အပြင် ယမန်နေ့က ရောက်ရှိလာသည့် စက်သုံးဆီကားများအပြင် ကာလိတွင်ရပ်ခဲ့သည့် စက်သုံးဆီ ကားများမှာလည်း ရက်ခြားထပ်မံဝင် ရောက်မည်ဖြစ် သေယကြောင့် မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်နိုင်စေရန် ဆောင်ရွက်ထားရှိမည်ဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်းရှင် ဦးကျော်လင်းမှ ပြောကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 21 February 2025
▪️ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံရုံးက မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့်ယဉ်ကျေးမှု၊ အမွေအနှစ်၊ အနုပညာပြပွဲကြီးကို ကြီးမှူးကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အီတလီသံရုံးအနေဖြင့် အခြားမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ဒို့အိမ်နှင့် Our Heritage Homes Myanmar တို့ဖြင့် ပူးပေါင်းပြီးအဆိုပါပြပွဲကို ဖေဖော်ဝါရီ (၂၃) ရက်၊ နံနက် (၉) နာရီမှ ည (၉) နာရီအထိ အင်းလျားမြိုင်လမ်းရှိ အီတလီသံရုံးတွင် ကျင်းပသွားမည်ဖြစ်သည်။
▪️ ယဉ်ကျေးမှု၊ အမွေအနှစ်နဲ့ အနုပညာကို ရှုထောင့်ပေါင်းစုံကနေ သက်ဝင်ခံစားနိုင်မယ့် စုံလင်တဲ့ ပွဲအစီအစဉ်တွေထဲမှာတော့ ဒို့အိမ်က 'Sense of Place' အမည်ရ စကားဝိုင်းမှာ ဆွေးနွေးသူအနေနဲ့ ပါဝင်သွားမှာဖြစ်ပြီး ပွဲတလျှောက်လုံးမှာ တက်ရောက်သူတိုင်း ပါဝင်ဆောင်ရွက်နိုင်မယ့် 'Downtown in Memories' အမည်ရ အစီအစဉ်တစ်ခုလည်း ပါရှိသွားမှာပါ။ ဟု ဒို့အိမ်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
▪️ ဒို့အိမ်က ပါဝင်ဆွေးနွေးမည့် 'Sense of Place' စကားဝိုင်းတွင် လူမှုပတ်ဝန်းကျင်တွင် အားလုံး အသုံးပြုနေထိုင်တည်ရှိနေသည့်နေရာများမှ ပတ်ဝန်းကျင်နှင့်နေထိုင်သူများအပေါ် မည်သို့သက်ရောက်မှုရှိပြီး ချိတ်ဆက်နေကြောင်းကို ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း၊'Downtown in Memories' အစီအစဉ်တွင် ရန်ကုန်မြို့ရှိ သမိုင်းနှင့်အမွေအနှစ်တန်ဖိုးရှိ နေရာများဖြစ်သော လောကနတ်အဆောက်အအုံ၊ စာအုပ်တန်း၊ ရသာလက်ဖက်ရည်ဆိုင်၊ စာတိုက်ရုံး စသဖြင့် နေရာများအကြောင်းကို လေ့လာနိုင်မည်ဖြစ်ပြီး ၎င်းနေရာများနှင့်ပတ်သက်သည့် မိမိ၏ ခံစားချက်များကို စိတ်ဝင်စားစရာကောင်းသည့်နည်းလမ်းမျိုးဖြင့် ဖော်ပြနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 21 February 2025
▪️ ရန်ကုန်ဆေးရုံကြီး ကင်ဆာဌာနတွင် အဆုတ်ကင်ဆာရောဂါဖြင့် တက်ရောက်ကုသနေသည့် မြန်မာသံစဉ်တေးသီချင်းများကို သီဆိုသော ဂန္တဝင်အဆိုတော်ကြီး ခင်ညွန့်ရည် ဖေဖော်ဝါရီ လ ၂၀ ရက် ည၁၁နာရီ ၁၅တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
▪️ အဆိုတော်ကြီး ခင်ညွန့်ရည် ကွယ်လွန်ခြင်းနှင့် ပတ်သက်၍ သမီးဖြစ်သူ အဆိုတော်အိုပြည့်ရှင်က"အမေ (အညာသူကြီး) (၂၀.၂.၂၀၂၅) ည ၁၁:၅ မိနစ်မှာ သူချစ်တဲ့ အနုအညာ၊ သူချစ်တဲ့ ပရိတ်သတ်များကို ထာဝရစွန့်ခွာသွားပါပြီ"ဟု ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
▪️ ကက်ဆက်ခွေပေါင်း ၁၀၀ ကျော်ထွက်ရှိခဲ့ပြီး သောကသူဌေးမလေး၊ ဆောင်းအမီ၊ အာရှသူရဲကောင်း ဗိုလ်အောင်ဆန်း၊ ချစ်အရိပ်၊ အလွမ်းနွေကို စမ်းရေထဲမှာမျှောလိုက်မည်၊ သည်နွေမိုးဆောင်း ပြောင်းသော်လည်း၊ ပန်းနဲ့ပေါက်တာလည်း နာချင်တယ်၊ ပန်းပန်လျက်ပါ စသည့်သီချင်းများဖြင့် ကျော်ကြားခဲ့သူဂန္တဝင်အဆိုတော်ကြီး ခင်ညွန့်ရည် ကွယ်လွန် ချိန်တွင် အသက် ၇၅နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 21 February 2025
▪️ လူတွေရဲ့ လက်သည်းတွေက ခန္ဓာကိုယ်ရဲ့ ဇီဝသက်တမ်းကို ဖော်ပြနေတယ်လို့ ဟားဗတ်ဒ်ဆေးကျောင်းမှ ဒေါက်တာ ဒေးဗစ်ဆင်ကလဲယားက ဆိုလိုက်ပါတယ်။
▪️ ဒါပေမဲ့ လက်သည်းအလှပြုပြင်ခြင်း နည်းလမ်းတွေနဲ့တော့ ကျန်းမာရေးတိုးတက်စေမှာ မဟုတ်ပါဘူး။
▪️ လက်သည်းရှည်နှုန်းက အသက်ကြီးရင့်လာခြင်း အခြေအနေကို ထင်ရှားစွာ ညွှန်ပြနေတယ်လို့ ဖော်ပြထားပါတယ်။
▪️ ၁၉၇၉ ခုနှစ်က လူ ၂၇၁ ဦးမှာ လက်သည်းရှည်နှုန်းကို တိုင်းတာစောင့်ကြည့်ခဲ့တဲ့ လေ့လာချက်ကို အခြေပြုထားတာ ဖြစ်ပါတယ်။
▪️ အသက် ၃၀ ကစလို့ တစ်နှစ်ကို လက်သည်းရှည်နှုန်း ၀.၅ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
▪️ ကိုယ်နဲ့ သက်တူရွယ်တူတွေထက် လက်သည်းကို ပိုပြီးညှပ်ရလေ့ရှိတယ်ဆိုရင် ဇီဝသက်တမ်းနဲ့ ပတ်သက်ပြီး အခြေအနေကောင်းနေပါတယ်။
▪️ လက်သည်းမှာ အပြောင်းအလဲဖြစ်တာက ကျန်းမာရေးပြဿနာရှိတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။
▪️ ဥပမာအားဖြင့် လက်သည်းဖြူဖျော့ခြင်းက အသည်းရောဂါ၊ သွေးအားနည်းခြင်း၊ နှလုံးရောဂါ၊ အာဟာရဓာတ် ချို့တဲ့ခြင်းလက္ခဏာ ဖြစ်နိုင်ပြီး လက်သည်းဝါရင်တော့ မှိုရောဂါကူးစက်ခြင်း၊ ဆီးချို၊ သိုင်းရွိုက်ရောဂါတို့ ဖြစ်နိုင်ပါတယ်။
▪️ ဒေါင်လိုက်အစင်းကြောင်းတွေက အိုမင်းလာတဲ့လက္ခဏာဖြစ်ပြီး ကန့်လန့်စင်းတွေကတော့ အာဟာရဓာတ် ချို့တဲ့ခြင်းနဲ့ ကိုယ်ခံအားဆိုင်ရာ ရောဂါများ ဖြစ်နိုင်ပါတယ်။
▪️ လက်သည်းကော့ပြီး ထူထဲခြင်းက အဆုတ်ရောဂါ၊ အူရောင်ရောဂါ၊ နှလုံးသွေးကြောရောဂါ၊ အသည်းပြဿနာတို့ ဖြစ်နိုင်ပါတယ်။
▪️ ပန်းကန်ဆေးဆပ်ပြာလိုမျိုး ပစ္စည်းတွေကြောင့် လက်သည်းခွံအောက်အသား အားနည်းစေပြီး လက်သည်းကြွပ်ဆတ် ကျိုးပဲ့လွယ်နိုင်တယ်လို့ NYUလန်ဂွန်မှ အရေပြားအထူးကု ဒေါက်တာ မယ်ရီစတီဗင်ဆန်က ပြောပါတယ်။
▪️ လက်သည်းရှည်လျား တောင့်တင်းဖို့အတွက် ဘိုင်အိုတင်နဲ့ သံဓာတ်တို့ကို အကြံပြုထားပါတယ်။
#Source: New York Post
#World_Health
Published 21 February 2025
▪️ ဖိစီးမှုက ရောဂါအများအပြားဖြစ်ခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်တာ ငြင်းစရာမရှိသလို ရောဂါမဖြစ်မီမှာပင် နာမကျန်းလက္ခဏာ ပေါ်ပေါက်တယ်လို့ ဟော်မုန်းပညာရှင် ဟန်စ်ဆယ်လီက ပြောပါတယ်။
▪️ ခန္ဓာကိုယ်က ဖိစီးမှုကြုံတဲ့အခါ ဦးနှောက်က အရင်ဆုံးသိရှိပြီး ဟော်မုန်းများ၊ ဓာတုသတင်းပို့ပစ္စည်းများ အသုံးပြုကာ အခြားအစိတ်အပိုင်းတွေဆီ ပို့ဆောင်ပေးပြီးနောက် စနစ်အမျိုးမျိုးကို လှုံ့ဆော်ပေးပါတယ်။
▪️ ဖိစီးမှုကို ထိန်းချုပ်ဖို့ ဆဲလ်တွေက အတူတကွ လုပ်ဆောင်ကြပြီး ဦးနှောက်၊ ဟော်မုန်း၊ ကိုယ်ခံအားစနစ်တို့ ချိတ်ဆက်နေတဲ့ ကွန်ရက်ဖြစ်လာပါတယ်။
▪️ ယနေ့ခေတ် အလုပ်ဖိစီးမှုများတဲ့ အခြေအနေမှာ ခန္ဓာကိုယ်မှာ သက်ရောက်မှုကြာရှည်လာပြီး အရေပြားမှာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း ဖြစ်လာစေပါတယ်။
▪️ ဦးနှောက်နဲ့ အရေပြားက ဆက်စပ်နေပြီး အလုပ်တွေ၊ ဆက်ဆံရေးတွေ၊ အဖြစ်အပျက်တွေကနေ ဖိစီးမှုကြာရှည် ခံစားရတဲ့အခါ အရေပြားက အဓိကပစ်မှတ်ဖြစ်လာပြီး လက္ခဏာတွေ ပိုမိုခံစားရနိုင်ကြောင်း အမေရိကန် အရေပြားအကယ်ဒမီမှ ဒေါက်တာ ကီရာဘားက ဆိုပါတယ်။
▪️ ဖိစီးမှုဟော်မုန်းတွေက ကော်လာဂျင်နဲ့ အီလက်စ်တင်တို့ကို ဖြိုခွဲပြီးတော့ အရေးကြောင်းများ ဖြစ်စေကာ အိုမင်းရင့်ရော်ခြင်းကို မြန်ဆန်စေပါတယ်။
▪️ ဖိစီးမှုကြောင့် ဆံပင်ပါးခြင်း၊ ကျွတ်ခြင်းတို့ဖြစ်စေကာ အချိန်ကြာလာရင် ကုသလို့မရအောင် ပျက်စီးနိုင်ပါတယ်။
▪️ ဖိစီးမှုများတဲ့အခါ အရေပြားက အဆီပိုထွက်ပြီး ဝက်ခြံထွက်တဲ့သူတွေ ပိုဆိုးစေပါတယ်။
▪️ ဒါ့အပြင် အဖုပိမ့်ထခြင်း၊ နှင်းခူစတဲ့ အရေပြားပြဿနာများ ဖြစ်လာစေနိုင်ပါတယ်။
▪️ ၂၀၂၄ လေ့လာချက်မှာ ဖိစီးမှုကြောင့် အရေပြားရောဂါများ ဖြစ်လာနိုင်ပြီး ဘဝနေထိုင်မှုကို သက်ရောက်စေတယ်လို့ ဖော်ပြထားပါတယ်။
▪️ ဖိစီးမှုတွေကြောင့် ဗိုက်တာမင် စုပ်ယူခြင်းနဲ့ သဘာဝညီမျှခြေတို့ကို နှောင့်နှေးစေကာ အရေပြားတွန့်ခြင်းကို အားပေးပါတယ်။
▪️ ဖိစီးမှုဖြေလျှော့ဖို့အတွက် တရားထိုင်ခြင်းလိုမျိုး ကုသနည်းတွေနဲ့ အရေပြားပြဿနာတွေ ကုသရာမှာ အကျိုးရှိနိုင်ပါတယ်။
▪️ ဒါ့အပြင် အရေပြားထိန်းသိမ်းရေး ပြုလုပ်ခြင်းပါ ပေါင်းစပ်လုပ်ပေးရင် စိတ်ငြိမ်သက်စေပြီး ဖိစီးမှုဟော်မုန်းများ ထုတ်လုပ်မှု လျော့ကျနိုင်ပါတယ်။
#Source: India Today
ရှန်ဟိုင်းမှာ လတ်တလော နွေဦးပွဲတော်ကာလအတွင်း အိမ်မွေးတိရိစ္ဆာန် လက်ခံထိန်းကျောင်းပေးတဲ့ ဝန်ဆောင်မှုတွေ အလုပ်များနေပြီး ရှန်ဟိုင်းရဲ့ အိမ်မွေးစောင့်ရှောက်ရေးဈေးကွက်ဖွံ့ဖြိုးလာတာ တွေ့နေရပါတယ်။
#Asia_Industry
Published 20 February 2025
#အိမ်မွေးတိရိစ္ဆာန် #နွေဦးပွဲတော်ကာလ
#YMG #Yangon_Times #Yangon_Media_Group
Daily_News
Published 20 February 2025
၁။ ပုဂံဒေသတွင် မဲခေါင်-လန်ချန်းယဉ်ကျေးမှုအစီအစဉ်ပြုလုပ်မည်
၂။ မှတ်ပုံတင်ထားခြင်းမရှိသည့် OXYTOCIN ဆေးများ မသုံးရန် (FDA)အသိပေး
၃။ ယာယီနေရပ်စွန့်ခွာသူများအတွက် ကျပ် ၁၆၆ ဘီလျှံကျော်ကို ငါးကြိမ်ခွဲထောက်ပံ့မည်
၄။ ရှန်ဟိုင်း၌အိမ်မွေးတိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး ဝန်ဆောင်မှုများအလုပ်ဖြစ်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 20 February 2025
▪️ ပြည်တွင်းရှိလူဦးရေ ၅ ဒသမ ၅ သန်းကို လူမှုဘ၀ကယ်ဆယ်ရေး အကူအညီများ ပေးနိုင်ရန် ရည်မှန်းထားပြီး ယင်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံလိုအပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး( United Nations OCHA Myanmar )မှ ထုတ်ပြန်သည့်လူသားချင်းစာနာမှုဆိုင်ရာ သတင်းလွှာမှ သိရသည်။
▪️ နိုင်ငံရေးအကူးအပြောင်းလေးနှစ်အကြာ မြန်မာနိုင်ငံသည် ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ ခန့်မှန်းခြေ ၃ ဒသမ ၅ သန်းကျော် စံချိန်တင်ကာ အရပ်သား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများ မြင့်တက်လာခြင်းတို့နှင့်အတူဖြစ်ပွားဆဲ ပဋိပက္ခများနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များဖြင့်ဆက်လက်ရုန်းကန်နေရဆဲဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအများအပြား (အထူးသဖြင့် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်း) ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာအရပ်သားများသည် ကျယ်ပြန့်သည့် ပဋိပက္ခများအပြင် ဘေးအန္တရာယ်များ၊ ရောဂါများ၊ စားနပ်ရိက္ခာမလုံလောက်မှု၊ ငွေကြေးဖောင်းပွမှု၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပျက်စီးဆုံးရှုံးခြင်းနှင့် အရေးကြီးသော ပြည်သူ့ဝန်ဆောင်မှုများ ပုံမှန်မရရှိခြင်းများ အပါအဝင် အကျပ်အတည်းမျိုးစုံကို တပြိုင်နက်တည်း ရင်ဆိုင်နေကြရေကြာင်း အဆိုပါသတင်းလွှာတွင် ဖော်ပြထားသည်။
▪️ ရန်ပုံငွေရရှိမှု မလုံလောက်ခြင်းနှင့် အခြားအခက်အခဲများကြားမှပင် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များသည် ၂၀၂၄ ခုနှစ်အတွင်း လူဦးရေ ၄ ဒသမ ၂ သန်းအား အကူအညီပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့်တုံ့ပြန်ရေး အစီအစဉ်အရ လူမှုဂရုဏာလုပ်သားများသည် လူဦးရေ ၅ ဒသမ ၅ သန်းကို လူမှုဘ၀ကယ်ဆယ်ရေး အကူအညီများ ပေးနိုင်ရန် ရည်မှန်းထားပြီး ယင်းအတွက် ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ နေထိုင်သူတွေအတွက် တည်ဆောက်ပေးလျက်ရှိတဲ့ သုခဒဂုံဈေးသစ်တည်ဆောက်မှုမကြာခင်ပြီးစီးတော့မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။
#Local_News
Published 20 February 2025
#သုခဒဂုံဈေးသစ်တည်ဆောက် #သုခဒဂုံပြည်သူ့အငှားအိမ်ရာ
#YMG/SW #Yangon_Times
နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံတစ်ဝန်းက ယာယီနေရပ်စွန့်ခွာသူတွေအတွက် ထောက်ပံ့ကြေးတွေပေးအပ်လျှက်ရှိရာမှာ ငွေကျပ်၁၆၆ဘီလျံကျော်ကို ငါးကြိမ်ခွဲထောက်ပံ့သွားမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 20 February 2025
#ယာယီနေရပ်စွန့်ခွာသူများ #ကျပ်၁၆၆ဘီလျှံကျော်ထောက်ပံ့
#YMG/SW #Yangon_Times
Page 60 of 1617