Published 10 March 2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ကဘဲကျေးရွာအနီး၊ စစ်ကိုင်း-မြစ်ငယ်ကားလမ်းမဘေးတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မတ်လ ၁၀ရက် ညနေ ၅နာရီ ၂၂မိတစ်ခန့်က လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 2 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၆နာရီ ၂၁မိနစ် ခန့် တွင် မီးငြိမ်း ခဲ့ကြောင်း သိရသည်။
မီးလောင်မှု ကြောင့်ဆီဘောက်ဆာကား ၂စီး နှင့် စက်သုံးဆီ ဆိုင် မီးလောင် ဆုံးရှုံးခဲ့ကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်အရသိရသည်။
Yangon Times/LW
#Local_News
#Published_ 10 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
၁၀ မတ် ၂၀၂၄
အင်ဒိုနီးရှားနိုင်ငံ လိုင်းယွန်းအုပ်စုပိုင် ပါတိတ်လေကြောင်းလိုင်းဟာ သူတို့ရဲ့ လေယာဉ်မှူးနှစ်ဦးကို လေယာဉ်ပျံသန်းနေစဉ် အတွင်း လေယာဉ်မှူးဦးခန်းထဲမှာ အိပ်မောကျနေကြလို့ ရာထူးမှ ယာယီရပ်ဆိုင်းလိုက်ပါတယ်။ အဲဒီလေယာဉ်မှူးနှစ်ဦးဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကုန်ပိုင်းက ပြည်တွင်းလေယာဉ်ခရီးစဉ်တစ်ခုပျံသန်းနေစဉ် နှစ်ဦးစလုံးအိပ်ပျော်နေခဲ့ကြတာဖြစ်ပါတယ်။
ဇန်နဝါရီ ၂၅ရက်က ဂျာကာတာမြို့တော်မှ ဆူလာဝေဆီပြည်နယ် ကန်ဒါရီမြို့ကို ပျံသန်းတဲ့ ခရီးစဉ်အမှတ် ၆၇၂၃ ဟာ ခရီးသည် ၁၅၃ ဦးကိုတင်ဆောင်ပျံသန်းခဲ့ပါတယ်။ထိုသို့ပျံသန်းနေစဉ် လေကြောင်းထိန်းနှင့် အခြားလေယာဉ်တစ်စီးက သူတို့ကို ဆက်သွယ်ခဲ့တာကို လေယာဉ်မှူးရော တွဲဖက်လေယာဉ်မှူးပါ ပြန်လည်တုန့်ပြန်ခြင်းမရှိခဲ့ကြပါဘူးလို့ အမျိုးသား လေကြောင်းအန္တရာယ်ကင်းရှင်းရေးကော်မရှင်ကပြောပါတယ်။ သူတို့ဟာ အဲဒီလေယာဉ်ပျံ အဲယားဘတ်စ် A320ဟာ သတ်မှတ် ထားတဲ့ လမ်းကြောင်းကနေသွေဖယ်ပြီး ဂျာကာတာကိုဖြတ်သန်းကာ အိန္ဒိယသမုဒ္ဒရာထဲ လေယာဉ်ဦးတည်နေတာ တွေ့ရလို့ ကြိုးစားဆက်သွယ်ခဲ့ကြတာဖြစ်ပါတယ်။
တွဲဖက်လေယာဉ်မှူးထံမှ နောက်ဆုံးအဆက်အသွယ်ရပြီး ၂၈မိနစ်ကြာတဲ့အခါမှ လေယာဉ်မှူးဟာ အိပ်ပျော်ရာကနိုးလာခဲ့ပြီး လေယာဉ်ဟာ လမ်းကြောင်းမှန်အတိုင်းမရှိဘဲပျံသန်းနေတာကို သတိမူမိလိုက်ပါတယ်။ ကြည့်လိုက်တော့ သူ့တွဲဖက် လေယာဉ်မှူးလည်း အိပ်ပျော်နေလို့ သူကနှိုးလိုက်ရပါတယ်လို့ ကနဦးစစ်ဆေးချက်အစီရင်ခံစာမှာဖော်ပြထားပါတယ်။
လေယာဉ်အမှူထမ်းတွေအတွက် လုံလောက်တဲ့ အနားယူမှုမူဝါဒနှင့်အတူ လုပ်ငန်းလုပ်ဆောင်နေတာဖြစ်ပါတယ်လို့ ပါတိတ် လေကြောင်းလိုင်းရဲ့ စနေနေ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း ပါတိတ်လေကြောင်းလိုင်းရဲ့ ပင်မကုမ္ပဏီ လိုင်းယွန်း Lion လေကြောင်းလိုင်းရဲ့ ဘေးကင်းစိတ်ချရမှု မှတ်တမ်း တွေဟာ ပြောစရာတွေဖြစ်ခဲ့ရပါတယ်။လေယာဉ်တွေဟာ ပြုပြင်လို့မရအောင်ပျက်စီးနေတာတွေနှင့်ကြုံခဲ့ရပါတယ်။ ၂၀၁၈ခုနှစ်က လိုင်းယွန်းရဲ့737 Max 8 လေယာဉ်ဟာ ဂျာကာတာလေဆိပ်ကပျံတက်ပြီးသိပ်မကြာ ပျက်ကျခဲ့လို့ လေယာဉ်ပေါ် ပါသူ ၁၈၉ဦးသေဆုံးခဲ့ရပါတယ်။ ၂၀၁၃ခုနှစ်တုန်းကလည်း ယင်းလေကြောင်းလိုင်းရဲ့ 737-800 လေယာဉ်ဟာ ဘာလီ နိုင်ငံတကာလေဆိပ်မှာ ဆင်းသက်စဉ် ပြေးလမ်းလွန်ပြီး ရေထဲကျသွားခဲ့ပါတယ်။ဒါပေမယ့် ထိခိုက်သေဆုံးသူတော့မရှိခဲ့ပါဘူး။
Source AFP
@ymg/knl
၁၀ မတ် ၂၀၂၄
ရုရှားရဲ့ပထမဦးဆုံး ပြည်တွင်းမှာမွေးဖွားတဲ့ ပန်ဒါပေါက်ကလေး ကက်ယူရှားကို သောကြာနေ့က မော်စကို တိရိစ္ဆာန်ဥယျဉ်မှာ အများပြည်သူတွေကို ထုတ်ပြပြီး ပရိဿတ်တွေနှင့်ပေးတွေ့ခဲ့ပါတယ်။
အဲဒီပန်ဒါပေါက်ကလေးဟာ ပြီးခဲ့တဲ့ နှစ် ဩဂုတ်လက မော်စကိုကိုရောက်ရှိလာတဲ့ ပန်ဒါမကြီး တင်တင်နှင့် ပန်ဒါထီးကြီး ရုယီတို့က နှင့်မွေးဖွားလာတာဖြစ်ပါတယ်။
Video:CCTV+
ဘဲစာဈေးမြင့်တက်နေပြီး ဥဈေးမငြိမ်သောကြောင့် စနစ်တကျမလေ့လာဘဲ မွေးမြူသူများအရှုံးပြနေ 'ဘဲစာဈေးကမြင့်နေတယ်၊ ဥဈေးကတော့မတည်ငြိမ်ဘူး၊ ကျွေးရတဲ့အစာဈေးက အတက်ကြည့်ပဲဆိုတော့ လုပ်နေကျသူတွေက တအားကြီး အမြတ်မဟုတ်ပေမယ့် သူ့ဟာနဲ့သူ လည်ပတ်နိုင်ပေမယ့် ခုမှအသစ်ဝင်လာသူတွေ၊ နားမလည်တဲ့သူတွေက အရှုံးပြတဲ့သူတွေလည်းရှိတယ်'
Yangon Times/NN
#Local_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 10 March 2024
အပူဒဏ်(Heat Stroke)ကြောင့် အသက်ဆုံးရှုံးရသည်အထိဖြစ်လာနိုင်ခြင်း ကြောင့် အပူပြင်းလာနိုင်မဲ့ဒေသများမှ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များအထူးသတိထားရန်လိုအပ်ကြောင်းမိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က အသိပေးထားသည်။
လက်ရှိအချိန်သည် ဆောင်းအကုန် ၊ နွေအကူး ရာသီပြောင်းကာစကာလဖြစ်ခြင်း ကြောင့် ညအအေးဓါတ်မှာ နေ့အပူချိန်ကို မသိမသာလျော့ကျအောင် လုပ်နိုင်သော်လည်း ညအပူချိန်များ တိုးလာပြီး ညဘက်အအေးပေါ့လာပြီးသည့် နောက်တွင်မူ နေ့အပူချိန်များ ကို လျော့ကျရန် ထိန်းပေးထားနိုင်မည့် အအေးဓါတ်လည်း မရှိသလောက်ဖြစ်လာမည်ဟု၎င်းကဆိုသည်။
သို့သော် GFS နှင့် ICON model များ၏ ကြိုတင်ခန့်မှန်းချက်များတွင်ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသအချို့တွင် မတ်လ ၁၅ ရက်နောက်ပိုင်းမှ စတင် ပြီး နေ့အပူချိန်များမြင့်တက်လာနိုင်ကြောင်းသိရသည်။
အဆိုပါ အမြင့်ဆုံးအပူချိန်က ၄၀°C အထက်(ခရမ်းရောင်)ဖြစ်လာနိုင်သည့်အတွက် အပူဒဏ်(Heat Stroke)ကြောင့်အသက်ဆုံးရှုံးနိုင်သည့်အတွက် အပူပြင်းလာနိုင်မည့် ဒေသများမှ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များအနေဖြင့် အထူးသတိထားရန်လိုအပ် ကြောင်းဆိုထားသည်။
Yangon Times/NN
#Local_News
#Published_ 10 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 10 March 2024
ဗန်းမော်ဆရာတော်ကြီး ပျံလွန်တော်မူပြီး နောက် လစ်လပ်လျက်ရှိသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ နေရာအား နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အကျိုးတော်ဆောင် ဆရာတော် သန်လျင်မင်းကျောင်းဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသကို ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။
ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါ ယ နာမဟာပါသာဏလိုဏ်ဂူတော် တွင် မတ်လ၉ရက်နေ့က ကျင်းပခဲ့သည့် အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ ဆဋ္ဌအစည်းအဝေး ဒုတိယနေ့ တွင် နိုင်ငံတော်သံဃမဟာနာယကအ ဖွဲ့ဥက္ကဋ္ဌအဖြစ် သန်လျင်မင်းကျောင်းဆရာတော်ကြီး ဒေါက် တာဘဒ္ဒန္တစန္ဒိမာဘိဝံသကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်းသိရသည်။
ယင်းအစည်းဝေး တွင်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ နေရာအား အဆိုတင်သွင်းမည့်အဆိုရှင်ကို ဖိတ်ခေါ်ရာ ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂုဏာလင်္ကာရက လစ်လပ်လျက်ရှိသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဥက္ကဋ္ဌ နေရာအတွက် ရွေးချယ်ရာတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အကျိုးတော်ဆောင်ဆရာတော်သည် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသည့် အစဉ်အလာအရ ပရိယတ္တိ ဝိသာရဒဂုဏ်၊ ပိဋကတ္ထယဆေကဂုဏ်၊ ပိယဂုဏ်၊ ဂရုဂုဏ်၊ ဘာဝနီယဂုဏ်၊ ဗျတ္တပဋိဗလဂုဏ်တို့နှင့် ပြည့်စုံတော်မူသော သက်တော်(၇၇)နှစ်၊ သိက္ခာတော် (၅၇) ဝါရှိ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအား နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌဆရာတော်အဖြစ် တင်မြှောက်ပေးတော်မူပါရန် အဆိုတင်သွင်းခဲ့ကြောင်းသိရသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌအဖြစ်ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် သန်လျင်မင်းကျောင်း ပထမပြန်စာ သင်တိုက်၊ ပဓာနနာယကဆရာတော်၊အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် တာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်းသိရသည်။
ထု့်ပြင်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်အဖြစ် မစိုးရိမ်တိုက်သစ်နာယက ဆရာတော်ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသကို အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ ဆဋ္ဌအစည်းအဝေး ဒုတိယနေ့ တွင် ဆက်လက်ရွေး ချယ်တင် မြှောက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို ၁၉၈၀ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့ပြီး ပထမဆုံးဥက္ကဋ္ဌဆရာတော်အဖြစ် ပဲခူးမြို့မဆရာတော် ၊ဒုတိယမြောက်အဖြစ် မြင်းခြံ ကိုးဆောင်ဆရာ တော် ၊တတိယမြောက်အဖြစ် မကွေးဆရာတော် ၊စတုတ္ထ မြောက်အဖြစ် မကြာသေးမီက ပျံလွန်တော်မူသွားခဲ့သည့် ဗန်းမော်ဆရာတော်တို့က ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့ကြပြီး ယခုအခါ ပဥ္စမမြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်အဖြစ် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသလို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 10 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
စနစ်သစ်ဖြစ်လို့ပြဌာန်းစာအုပ်၊ ဖတ်စာအုပ်တွေထဲက စာတွေကို အလွတ်ကျက်ဖြေပါက ရနိုင်မယ့်အမှတ် (၂၅)မှတ်သာ ရနိုင်မှာဖြစ်ပြီး ကျန်တာ တွေကကိုယ့်ဘာသာကိုယ်ဆင်ခြင်ကြံဆတဲ့ critical thinking နဲ့ ဖြေဆိုမှကျန်(၇၅)(၈၀)မှတ်ကို ရရှိမှာဖြစ်တယ်။ မြန်မာနိုင်ငံပုဂ္ဂလိကကျောင်းများအသင်းဥက္ကဌ ဦးနေအုပ်
Yangon Times/tthl
#Local_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 10 March 2024
ကမ္ဘာပေါ်က နောက်ဆုံးလူငယ်မျိုးဆက် (Gen Z)တွေဟာ စိတ်ထဲရှိရာကို ပြောတတ်ကြပေမယ့် ဖုန်းပြောဆိုဖို့အတွက်တော့ လစ်လျူရှုတတ်ကြပါတယ်။
ယင်းတို့မှာ ဝင်လာတဲ့ဖုန်းခေါ်ဆိုမှုတွေကြောင့် စိတ်ရှုပ်ထွေးတာမျိုးကို မလိုချင်တဲ့အတွက် ဖုန်းထဲမှာ Do Not Disturb (DND) လုပ်ဆောင်ချက်ကို အသုံးပြုနေကြတယ်လို့ နယူးယော့ခ် နိုင်ငံရေးဗျူဟာရှင် မက်စ်ဘန်းစ်က ကြေညာသွားပါတယ်။
အချို့သော Gen Z လူငယ်တွေဟာ ဖုန်းဖြေကြားရင်း စိတ်အာရုံနောက်စရာ မကြုံချင်တာကြောင့် Do Not Disturb ကို ၂၄ နာရီ တစ်ပတ်လုံးဖွင့်ထားကြတယ်လို့ ဘန်းစ်က X ဆိုရှယ်မီဒီယာမှာ ဖော်ပြသွားပါတယ်။
စမတ်ဖုန်းတွေထဲက DND စနစ်ဟာ ဖုန်းခေါ်ဆိုမှုတွေ၊ မက်ဆေ့ချ်တွေ၊ အက်ပ်လီကေးရှင်းတွေကနေ အသိပေးချက်တက်လာတာတွေကို ပိတ်ထားလိုက်တာဖြစ်ပြီး အလုပ်လုပ်ရင်း၊ လေ့လာနေရင်း၊ အနားယူနေရင်း အနှောင့်အယှက် မဖြစ်ချင်တဲ့အခါ အသုံးပြုနိုင်ပါတယ်။
၂၀၂၃ လေ့လာချက်တစ်ခုအရ Gen Z ၉၀ ရာခိုင်နှုန်းလောက်ဟာ ဖုန်းပြောဆိုရာမှာကို ပူပန်နေကြပြီး ဒါဟာ DND အသုံးပြုလာရတဲ့ အကြောင်းအရင်း ဖြစ်နေပါတယ်။
ဘန်းစ်က အတူတကွ အလုပ်လုပ်နေတဲ့ Gen Z နှစ်ယောက်နဲ့ စကားပြောကြည့်ရာမှာ သူတို့က မလိုလားအပ်တဲ့ ဖုန်းခေါ်ဆိုမှုတွေကို မဖြေကြားချင်ကြဘူးလို့ သိရပါတယ်။
တွစ်တာအသုံးပြုသူတစ်ဦးက ယင်းဟာ Gen Z မဟုတ်ပေမယ့် စိတ်ရှုပ်စရာ အလိုအလျောက် ဖုန်းခေါ်ဆိုမှုတွေကို မဖြေချင်တာကြောင့် DND စနစ်ကို အသုံးပြုလာတာ ကြာပြီဖြစ်ကြောင်း ပြောပြသွားပါတယ်။
နောက်တစ်ဦးကတော့ သေရေးရှင်ရေး အခြေအနေမဟုတ်ဘဲ လူတစ်ယောက်ကို ဖုန်းခေါ်တာဟာ မလေးစားတဲ့လုပ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။
တုန့်ပြန်ဖြေကြားချက်များအရ Gen Z မဟုတ်တဲ့သူတွေဟာလည်း မလိုလားတဲ့ ဖုန်းခေါ်ဆိုမှုတွေ မဖြေကြားချင်တာကြောင့် DND စနစ်ကို အသုံးပြုကြပါတယ်။
ဒါပေမဲ့လည်း DND ကို ၂၃ နာရီ တစ်ပတ်လုံး ဖွင့်ထားတာကတော့ မိတ်ဆွေတွေ၊ မိသားစုတွေ၊ ချစ်ရသူတွေနဲ့ အဆက်အသွယ် ကျဲစေပါတယ်။
Source: New York Post.
#World_Health
#Published_ 10 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပိုလန်တောင်သူလယ်သမားတွေဟာ ဗုဒ္ဓဟူးနေ့က မြို့တော်ဝါဆောမှာ ဆန္ဒပြပွဲကြီး ထပ်မံပြုလုပ်ခဲ့ပြီး ဥရောပသမဂ္ဂ(EU)ရဲ့ လယ်ယာပေါ်လစီများနဲ့ အိမ်နီးချင်းယူကရိန်းမှ ဈေးသက်သာတဲ့ တင်ပို့ကုန်များအပေါ် ဆန့်ကျင်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ပိုလန်ဝန်ကြီးချုပ်ရုံးရှေ့မှာ စုဝေးခဲ့ကြပြီး ကျေနပ်လောက်တဲ့ တုန့်ပြန်မှုရရှိရန် မျှော်လင့်နေကြပါတယ်။
#World_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 9 March 2024
၁။ မြန်မာ့ရွှေဘိုသနပ်ခါးများ ထိုင်းမှ အများဆုံးမှာယူနေ
၂။ EV တက်စီ စီးလုံးငှားပြီး ကျိုက်ထီးရိုး၊ ချောင်းသာ၊ မန္တလေးကို ခရီးထွက်နိုင်ပြီဟုဆို
၃။ တောင်သူများ အဆင်ပြေစေရန် ကုလားပဲစုပေါင်းရောင်းချပွဲတွင် ပဲထောပတ်နှင့် စားတော်များကိုလည်း ဝယ်ယူပေးမည်ဟုဆို
၄။ ဥရောပသမဂ္ဂ၏ လယ်ယာစိုက်ပျိုးရေး ပေါ်လစီများအား ပိုလန်တောင်သူလယ်သမားများ ဆန့်ကျင်ဆန္ဒပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
9 March 2024
မြို့တော်ခန်းမတွင်'ရန်ကုန်မြို့တော်မဟာသင်္ကြန်' မဏ္ဍပ်ထားရှိပြီးရုပ်ရှင်၊ဂီတ၊သဘင်ပညာရှင်များမှ ဖျော်ဖြေတင်ဆက်မှုများ၊ယိမ်းအကများဖြင့်ရန်ကုန်သင်္ကြန်ကိုစည်ကားသိုက်မြိုက်စွာကျင်းပရန်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အနေဖြင့်မတ်လ(၈)ရက်က ၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ပြုလုပ်ခဲ့သည်။
အစည်းအဝေး၌ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်)က“ယခုနှစ်တွင် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ပြည်သူများ ပျော်ရွှင်အေးချမ်း လုံခြုံစွာ ရေကစားနိုင်ရေးနှင့် စည်ကားသိုက်မြိုက်စေရေးအတွက် ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော်၏ ဂုဏ်ကို ဖော်ဆောင်နိုင်ရန်အတွက် အစဉ်အလာနှင့်အညီ မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ် ထားရှိပြီး စည်စည်ကားကား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ခရိုင်အလိုက် ရေကစားမဏ္ဍပ်များ၊ ယိမ်းအကအလှ ဖျော်ဖြေမှုများ၊ ဆုချီးမြှင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဖွဲ့စည်းထားသည့် ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီအသီးသီးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
တက်ရောက်လာကြသည့် အခမ်းအနားပြင်ဆင်ရေးနှင့် ဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးနှင့် ဖျော်ဖြေတင်ဆက်ရေး လုပ်ငန်းကော်မတီ၊ ရေကစားမှုစီစဉ်ရေး လုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ လမ်းရှင်းလင်းရေးနှင့် ယာဉ်ကြောထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေး၊ ဆုချီးမြှင့်ရေးနှင့် ဆုရသူများ စုစည်းရေးလုပ်ငန်းကော်မတီ၊ အကဲဖြတ်လုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ သန့်ရှင်းရေးလုပ်ငန်းကော်မတီ၊ ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီနှင့် မဟာသင်္ကြန်ကျင်းပရေး ကော်မတီရုံးအဖွဲ့တို့မှ ပြင်ဆင်ဆောင်ရွက်မှုများအား အသီးသီးတင်ပြကြရာ ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်ဟုဆိုသည်။
ယခုနှစ် ကျင်းပမည့် ရန်ကုန်မြို့တော်မဟာသင်္ကြန်ရေသဘင်ပွဲတော်တွင် မြို့တော်ခန်းမရှိ မဟာသင်္ကြန်မဏ္ဍပ်၌ ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များ၏ ဂီတဖျော်ဖြေမှုများ၊ သဘင်ပညာရှင်များ၏ မြန်မာ့ယဉ်ကျေးမှု အကအလှ ဖျော်ဖြေမှုများဖြင့် ပြည်သူများကို တင်ဆက်သွားမည့်အပြင် တက္ကသိုလ်အဆင့်၊ အခြေခံပညာအဆင့်၊ မူကြိုကျောင်းများ၊ ရုံး/အခြားဌာနများ၊ အလွတ်တန်း အဆင့်အလိုက် ၁၂ ဦး၊ ၁၆ ဦး၊ ၂၀ ဦးယိမ်းပြိုင်ပွဲများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက ဖျော်ဖြေမှုများပါ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
Yangon Times/tthl
#Local_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 9 March 2024
ယခု ၂၀၂၄ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI)သည် ချင်းမိုင်၊ ဗီယင်ကျန်းနှင့် ဒါကာမြို့တို့သို့ ခရီးစဉ်အသစ်များအပါအဝင်ပြည်ပ ခရီးစဉ် (၂၁)ခု ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းMAI ၏ Acting Chief Executive Officer and Chief Commercial Officer Mr. Tanes Kumarကပြောသည်။
ရန်ကုန်မြို့၊ ပြည်လမ်းရှိ Lotte Hotel ၌ မတ်လ (၈)ရက် မွန်းလွဲပိုင်းကကျင်းပသည့် MAI Flight Forward အခမ်းအနားတွင် က ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ခရီးစဉ်သစ်များဖြစ်သည့် ထိုင်းနိုင်ငံ၊ ချင်းမိုင်းသို့ ၂၀၂၄ ခုနှစ် ဧပြီ (၃)ရက်မှ စတင်၍ အပတ်စဉ် ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် လည်းကောင်း၊ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့သို့ ၂၀၂၄ ခုနှစ် မေ (၄)ရက်မှ စတင်၍ အပတ်စဉ် အင်္ဂါနှင့် ကြာသာပတေးနေ့များတွင် ပြေးဆွဲသွားမည်ဖြစ်ပြီး ၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ ဒါကာမြို့သို့ လည်း ၂၀၂၄ ခုနှစ် မေ (၈)ရက်မှ စတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနှင့် တနင်္ဂနွေနေ့တိုင်း၊ UAE နိုင်ငံ ဒိုဟာမြို့သို့ ၂၀၂၄ ခုနှစ် ဇွန်လ (၁)ရက်မှ စတင်၍ အပတ်စဉ် အင်္ဂါနှင့် စနေနေ့တိုင်း အသီးသီးပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့အတူ ဒူဘိုင်း၊ ကွမ်ကျိုးနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်များသို့လည်း အကြိမ်ရေထပ်တိုး ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလေကြောင်းလိုင်းသည် လတ်တလောတွင် ကုန်စည်သီးသန့်သယ်ယူ ပို့ဆောင်ရေးခရီးစဉ်များကို ရန်ကုန်မှ ကူမင်းသို့ နေ့စဉ်နှင့် ဘန်ကောက်သို့ တစ်ပတ်လျှင် (၆)ကြိမ်၊ ဖူးခက်သို့ အပတ်စဉ် တနင်္လာနေ့တိုင်း ပြေးဆွဲလျက်ရှိကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 275 of 1460