Published 23 March 2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ ၃၈ လမ်း(၉၁x၉၂)ကြားတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ထံ က သိရသည်။
မတ်လ ၂၃ရက် နေ့လည် ၁၂နာရီ ခွဲ အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့သဖြင့် ၁၂နာရီ ၄၃ မိနစ် တွင် မီးငြိမ်း ခဲ့ကြောင်း သိရသည်။
"" ဘယ်လို လောင်တယ်တော့မသိဘူး လူနေအိမ် မီးလောင်တာ နေ့ခင်းအပူများတဲ့ အချိန်ဆိုတော့ မီးကများတယ် အိမ်၂လုံး၃လုံးလောက် မီးထဲပါသွားတယ်""ဟု ဒေသခံတစ်ဦးကပြောသည်။
မီးလောင်သည့်အကြောင်းရာနှင့်ဆုံးရှုံးမှုတန်ဖိုး များကိုသက်ဆိုင်ရာကစစ်ဆေးလျက်ရှိကြောင်းသိရသည်။
Photo - Than Htay
Yangon Times/LW
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 23 March 2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပါးတောင် အမျိုးသားဘူမိဥယျာဉ် ယခုရက်ပိုင်း၌ စတင်ဖွင့်လှစ် ခဲ့ကြောင်းသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည် ။
ထိုသို့ဖွင့်လှစ်ရာတွင် မတ်လ ၂၀ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယင်း ဘူမိဥယျာဉ်သည် မြန်မာ နိုင်ငံ၏ ပထမဆုံးသော အမျိုးသားအဆင့်ဘူမိဥယျာဉ်လည်း ဖြစ်ပြီးဘူမိနယ်မြေ ၁၅ ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည့်အပြင် သယံဇာတပေါကြွယ်ဝကာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ တည်ရှိသည့် နေရာများကိုလည်း ဘူမိဥယျာဉ်များ အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည် ။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေတွေအဖြစ် ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်နေကြောင်း လက်ရှိအချိန်ထိ သဘာဝထိန်းသိမ်းရေး နယ်မြေ ၅၉ ခု၊ နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၂ ရာခိုင်နှုန်းကို ဖွဲ့စည်းသတ်မှတ်ပြီး ဖြစ်ကြောင်းသိရသည် ။
Yangon Times/NN
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 23 March 2024
မနှစ်က ကလေး(၁၈)ရာခိုင်နှုန်းတွင် တီဘီပိုးတွေ့ခဲ့ပြီး တီဘီနှင့်ဆေးယဉ်ပါးတီဘီရှာဖွေစက်များတိုးချဲ့တပ်ဆင် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနမှသိရသည်။
ယင်းကဲ့သို့ဆောင်ရွက်နေကြောင်းကို၂၀၂၄ ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ (World TB Day) အထိမ်းအမှတ်အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရသိရခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက"၂၀၂၃ ခုနှစ်အတွင်း တီဘီလူနာရှာဖွေတွေ့ရှိမှု၏ ၁၈ ရာနှုန်းမှာ ကလေးများတွင်ဖြစ်ပြီး အသက်(၈) နှစ်အောက်ကလေးများ၏ သလိပ်နှင့် Stool Specimen ကို GeneXpert စက်ဖြင့် တီဘီပိုးရှာဖွေစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊
ဆေးယဉ်ပါးတီဘီရောဂါ ရှာဖွေခြင်းကို လူနာများလက်လှမ်းမီစေရန် Rapid Diagnostic Test ဖြစ်သော GeneXpert စက်အလုံး ၁၁၀ ကို တီဘီရောဂါတိုက်ဖျက်ရေးဌာန ၈၆ ခုတွင် တပ်ဆင်လွှမ်းခြုံဆောင်ရွက်လျက်ရှိပြီး အမျိုးသားမှီငြမ်းပြုတီဘီဓာတ်ခွဲဌာန (ရန်ကုန်) တွင် အဓိကဆောင်ရွက်လျက်ရှိကာ မန္တလေးနှင့်တောင်ကြီးတို့တွင် အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးယဉ်ပါး တီဘီရောဂါကုသမှုတွင် ခြောက်လ သို့မဟုတ် ကိုးလထိသာ ဆေးကုသမှုခံယူရမည့် ကုထုံးသစ် (BPaLM / BPaL) ကို ဆေးယဉ်ပါးတီဘီလူနာကုသမှုပေးနေသည့် ဌာနများတွင်အသုံးပြု ဆောင်ရွက်လျက်ရှိကြောင်း"ထည့်သွင်းပြောခဲ့သည်။
မြန်မာနိုင်ငံသည် တီဘီ/အိပ်ချ်အိုင်ဗွီအဖြစ် အများဆုံးနိုင်ငံ (၃၀) တွင်ပါဝင်နေပြီး ၂၀၂၃ ခုနှစ်တွင် စုစုပေါင်းတီဘီလူနာတစ်သိန်းနှစ်သောင်းကျော် ရှာဖွေကုသပေးနိုင်ခဲ့ပြီး ဆေးကုသမှုအောင်မြင်နှုန်းမှာ ၈၈ ရာခိုင်နှုန်းရရှိခဲ့ကြောင်း၊
၂၀၂၃ ခုနှစ်အတွင်း တီဘီလူနာအားလုံး၏ ၉၃ ရာနှုန်းကို HIV ပိုးရှိမရှိ စစ်ဆေးနိုင်ခဲ့ပြီး HIV ပိုးတွေ့ တီဘီလူနာ ၇၉၃၆ ဦးအနက် ၇၆ ရာနှုန်းကို ART ဆေးရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင်၂၀၂၄ ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် ''Yes! We can End TB!'' “တီဘီရောဂါ ပပျောက်ဖို့၊ အားလုံး ဝိုင်းဝန်းပူးပေါင်းလို့၊ ပံ့ပိုးကူညီဆောင်ရွက်စို့။” နှင့်အညီ တီဘီရောဂါပပျောက်နိုင်ရေးအတွက် ကာကွယ်ကုသရေးလုပ်ငန်းများကို လူတိုင်းလက်လှမ်းမီရရှိနိုင်ရန် အားလုံးပူးပေါင်း၍ ပံ့ပိုးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Yangon_Times/tthl
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 22 March 2024
ကျင်းပပြုလုပ်လျက်ရှိတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ၏ အပြန်အလှန် ဆွေးနွေးမှုကို သက်ဆိုင်ရာနိုင်ငံ၏ကိုယ်စားလှယ် မပါဝင်ဘဲ ကောင်စီ၏အခြေခံမူများဖြစ်တဲ့ ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့မရှိဘဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အထူးအစီရင်ခံစာတင်သွင်းသူသည် အဓိကအားဖြင့် ယုံကြည်စိတ်ချရခြင်းမရှိသော အရင်းအမြစ်များမှ အခြေအမြစ်မရှိသောစွပ်စွဲချက်များနှင့်စိတ်ခံစားမှုအပေါ်အခြေခံ ထားတဲ့ ဇာတ်ကြောင်းများကိုသာ အသုံးပြုထားပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်၊ ညအချိန်တွင် ကချင်ပြည်နယ်၊ လိုင်ဇာဒေသ၊ မုန်လိုင်ချက်၌ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းမှာ KIA သင်တန်းကျောင်း အနီးတွင် KIA ခေါင်းဆောင်များက ထိန်းချုပ်ထားသည့် လက်နက်ခဲယမ်းသိုလှောင်ရုံမှ အမိုနီယမ် နိုက်ထရိတ်တန်ချိန် ၁၀၀ ကျော်နှင့် အခြားသောပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ပေါက်ကွဲမှုကြောင့်ဖြစ်ပြီး အစီရင်ခံစာ၌ စွပ်စွဲဖော်ပြထားသကဲ့သို့ တပ်မတော်က ယင်းနေရာတွင် စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။
နစကအနေဖြင့် ပြည်သူ့စစ်မှုထမ်းဉပဒေကို ဖေဖော်ဝါရီ ၁၀ ရက်တွင် အာဏာ တည်ကြောင်း အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ပြီး ပြည်တွင်းလိုအပ်ချက်များနှင့်အညီ အလားတူ စစ်မှုထမ်းဉပဒေကို ကျင့်သုံးလျက်ရှိသော အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံသည်လည်း စစ်မှု ထမ်းဥပဒေကို စတင်မိတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။
အထူးအစီရင်ခံစာတင်သွင်းသူသည် NUG ၊NUCC နှင့် PDF အကြမ်းဖက်အဖွဲ့များ အပြင် သောင်းကျန်းသူအဖွဲ့များ၏ ရက်စက်ကြမ်းကြုတ်မှုများကို ငြင်းဆန်နိုင်ခြင်းမရှိဘဲ အပြစ်မဲ့ပြည်သူ ၇၀၀၀ ကျော်ကိုသတ်ဖြတ်ခဲ့တဲ့အဖွဲ့များနှင့်ထိတွေ့၍ ပူးပေါင်းဆောင်ရွက် ရန် နိုင်ငံတကာအသိုက်အဝန်းကို ဆက်လက်လှုံ့ဆော်ပြီး လှည့်ဖြားနေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့် မြန်မာနိုင်ငံနှင့် အခြားသော နိုင်ငံများ မည်ကဲ့သို့ထိတွေ့ဆက်ဆံသင့်သည်ကို အကြံပြုပြောဆိုနိုင်ခွင့်မရှိပါ။ အထူး အစီရင်ခံစာတင်သွင်းသူ၏ ဘက်လိုက်ကာ လွတ်လပ်မှုနှင့်သမာသမတ်ကျမှုတို့ ကင်းမဲ့ပြီး အကြမ်းဖက်လုပ်ရပ်များအပေါ် ချီးကျူးအမွှမ်းတင်သည့် အပြုအမူများက ၎င်းသည် လွတ်လပ်သောကျွမ်းကျင်သူအဖြစ် ဆက်လက်လုပ်ကိုင်ရန် အရည်အချင်းပြည့်မီခြင်းမရှိဘူးလို့ ဖော်ပြထားပါတယ်။
အထူးအစီရင်ခံစာတင်သွင်းသူ၏လုပ်ပိုင်ခွင့်သည် အစိုးရကို ဂုဏ်သိက္ခာကျဆင်းစေ ရန်၊ မြန်မာပြည်သူ လူထုနှင့် အစိုးရအဖွဲ့အစည်းများအကြား စိတ်ဝမ်းကွဲပြားမှုများကို ဖန်တီးရန်နှင့် လူ့အခွင့် အရေးကောင်စီကို အသုံးချပြီး နိုင်ငံတကာအသိုက် အဝန်းကို လှည့်ဖြားရန် လက်နက်တစ်ခုအဖြစ်သာ ယုံကြည်ကြောင်း မြန်မာ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျီနီဗာမြို့က သတင်းထုတ်ပြန်ထားပါတယ်။
Ymg_mnn
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 23 March 2024
သောကြာနေ့က ရုရှားနိုင်ငံမှာ ကျင်းပတဲ့ ဖျော်ဖြေပွဲတစ်ခုမှာ အယောင်ဆောင်ပုံဖျက်ထားတဲ့ သေနတ်သမားတွေက ပွဲလာရောက်သူများကို ပစ်ခတ်ခဲ့သဖြင့် အနည်းဆုံး လူ ၆၀ သေဆုံးကာ ၁၄၅ ယောက်ကျော် ဒဏ်ရာရရှိခဲ့ပြီး အစ္စလာမ်စစ်သွေးကြွအဖွဲ့ (IS)က ယင်းတို့တိုက်ခိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
၂၀၀၄ ခုနှစ် ဘက်စ်လန်ကျောင်း ဖြစ်ရပ်အပြီး ရုရှားမှာ အသေအပျောက်အများဆုံး တိုက်ခိုက်မှု ဖြစ်ခဲ့ကာ မော်စကိုအနောက်ပိုင်း ထိုင်ခုံနေရာပေါင်း ၆၂၀၀ ဆံ့တဲ့ ခရော့ကပ်စ်စီးတီးဟောလ်မှာ ဆိုဗီယက်ခေတ် ရော့ခ်ဂီတအဖွဲ့ဖြစ်တဲ့ Picnic အဖွဲ့ ဖျော်ဖြေတော့မယ့်အချိန်မှာ သေနတ်သမားတွေက ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ဗီဒီယိုပြသချက်များအရ လူတွေဟာ သေနတ်သံကြားပြီးနောက် အော်ဟစ်ပြေးလွှားနေခဲ့ကြပြီး အချို့ကတော့ သွေးအိုင်ထဲလဲကျ နေပါပြီ။
ရုရှားစုံစမ်းရေးမှူးများရဲ့ ပြောကြားချက်အရ သေဆုံးသူစာရင်း အယောက် ၆၀ ကျော်ပြီး ၁၄၅ ယောက် ဒဏ်ရာရရှိခဲ့ကာ အယောက် ၆၀ က အရေးပေါ်အခြေအနေမှာ ရှိနေပါတယ်။
၂၀၀၄ ဘက်စ်လန်ကျောင်းဖြစ်ရပ်တုန်းက အစ္စလာမ်စစ်သွေးကြတွေဟာ လူပေါင်းတစ်ထောင်ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကလေးရာချီ ပါဝင်ခဲ့ပါတယ်။
ဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှု(FSB) အကြီးအကဲ အဲလက်ဇန်ဒါဘော့နီကော့ဗ် အပါအဝင် လုံခြုံရေးအကြီးအကဲတွေက ဒီအခြေအနေအကြောင်း သမ္မတဗလာဒီမာပူတင်ကို တင်ပြထားကြပါတယ်။
အီရတ်နဲ့ ဆီးရီးယားတို့မှာ နယ်မြေအများအပြားကို ထိန်းချုပ်ခဲ့ဖူးတဲ့ IS စစ်သွေးကြွတွေက ထိုတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ကြေညာလိုက်ကြောင်း အာမက်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
တိုက်ခိုက်သူလို့ ယူဆရသူ ၂ ယောက်ပါဝင်တဲ့ ကားဖြူတစ်စီးပုံကို ရုရှားမီဒီယာအချို့က ဖော်ပြနေကြပါတယ်။
မီးသတ်သမားတွေက မီးတောက်ကြီးတွေကို ငြိမ်းသတ်ကြရပြီး ပွဲအဆောက်အအုံရဲ့ ခေါင်မိုးအချို့ ပြိုကျကာ အရေးပေါ်ကယ်ဆယ်ရေးများက လူပေါင်းရာချီကို ကယ်ထုတ်ခဲ့ရပါတယ်။
အိုင်အက်စ်က ကြေညာရာမှာ ယင်းတို့ရဲ့ တိုက်ခိုက်ရေးသမားတွေက မော်စကိုမြို့စွန်မှာ သတ်ဖြတ်ဖျက်ဆီးနိုင်ခဲ့ပြီး စခန်းများသို့ ဘေးကင်းစွာ ပြန်သွားခဲ့ကြောင်း သိရပါတယ်။
အစွန်းရောက်သမားတွေက မော်စကိုမှာ တိုက်ခိုက်မှုပြုလုပ်ရန် စီစဥ်နေကြတယ်လို့ ရုရှားရှိ အမေရိကန်သံရုံးက သတိပေးပြီး ၂ ပတ်အကြာမှာပဲ အခုလိုဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။
ပူတင်က ၂၀၁၅ ခုနှစ်မှာ ဆီးရီးယားပြည်တွင်းစစ်ကို ဝင်ရောက်စွက်ဖက်ခဲ့ပြီး သမ္မတ ဘက်စ်ဟာအယ်လ်အာဆက်ကို ထောက်ခံကာ အတိုက်အခံအဖွဲ့များနဲ့ အိုင်အက်စ်တို့ကို ဆန့်ကျင်ခဲ့ပါတယ်။
ပိုမိုကျယ်ပြန့်လာတဲ့ အိုင်အက်စ်အဖွဲ့က အရှေ့အလယ်ပိုင်း၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အီရန်၊ ဥရောပ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာတို့မှာ တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ယခုအကြမ်းဖက်တိုက်ခိုက်မှုကို တစ်ကမ္ဘာလုံးအနေဖြင့် ရှုတ်ချသင့်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ပြောပြပါတယ်။
ရုရှားက မြို့တော်ရှိ လေဆိပ်များ၊ သယ်ယူပို့ဆောင်ရေး အချက်အခြာနေရာများမှာ လုံခြုံရေးတင်းကြပ်ထားပြီး နိုင်ငံတဝှမ်း ပွဲအခမ်းအနားကြီးများအားလုံးကို ပယ်ဖျက်ထားပါတယ်။
Source: Reuters
#World_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 23 March 2024
ဂတ်စ်မီးဖိုဖြင့် ချက်ပြုတ်လို့ ထွက်လာတဲ့ ဘေးအန္တရာယ်ပြုအမှုန်ငယ်တွေဟာ မော်တော်ကား အိတ်ဇောပိုက်ကနေ ထွက်တာထက် အဆ ၁၀၀ လောက် ပိုများကြောင်း လေ့လာချက်တစ်ခုမှာ စိုးရိမ်စရာ တွေ့ရှိခဲ့ရပါတယ်။
ဂတ်စ်မီးဖိုများမှ ထွက်လာတဲ့ နာနိုအရွယ်အစား အမှုန်တွေဟာ လူတွေမှာ ရင်ကြပ်ဝေဒနာနဲ့ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်နိုင်ခြေများစေတယ်လို့ ပါဂျူးတက္ကသိုလ်မှ သုတေသီများ တွေ့ရှိထားပါတယ်။
အဆိုပါ နာနိုအမှုန်များဟာ အလွန့်အလွန် သေးငယ်တာကြောင့် သာမန်မျက်စိဖြင့် မမြင်နိုင်ဘူးလို့ တက္ကသိုလ် အရပ်ဘက်အင်ဂျင်နီယာပိုင်းမှ တွဲဖက်ပရော်ဖက်ဆာ ဘရန်ဒန်ဘိုအာက ဆောက်ဝက်စ်သတင်းဌာနကို ပြောပြလိုက်ပါတယ်။
ယမန်နှစ်က နယူးယော့ခ်အုပ်ချုပ်ရေးမှူး ကေသီဟိုချူလ်က ဂတ်စ်မီးဖိုတားမြစ်ရေးကိစ္စကို အကြံပြုတင်သွင်းခဲ့ပါတယ်။
ဓာတ်ခွဲခန်းငယ်တစ်ခုကို အိမ်တစ်အိမ်ကဲ့သို့ ပြင်ဆင်ပြီး ဂတ်စ်မီးဖိုဖြင့် ချက်ပြုတ်တဲ့အခါ ထွက်လာတဲ့ အမှုန်ငယ်များကို နာနိုအတိုင်းအတာအထိ တိုင်းတာခဲ့ကြပါတယ်။
ရလဒ်များအရ ထိုအမှုန်ငယ်တွေဟာ မီးဖိုကနေ တစ်အိမ်လုံးအထိ ပျံ့နှံ့သွားတာကို တွေ့ခဲ့ကြပါတယ်။
အမှုန်တွေက အရာဝတ္ထုမျက်နှာပြင်များပေါ် လျင်မြန်စွာ စိမ့်ဝင်သွားကြပေမယ့် အမှုန်ပေါင်း ၁၀ ဘီလီယံမှ ၁ ထရီလီယံလောက်အထိ အသက်ရှူလမ်းကြောင်းထဲသို့ ဝင်ရောက်သွားနိုင်ပါတယ်။
ဒါကြောင့် ဂတ်စ်မီးဖိုဖြင့် ချက်ပြုတ်တဲ့အခါ အိတ်ဇော်ပန်ကာများ ဖွင့်ထားဖို့ကို သုတေသီများ တိုက်တွန်းလိုက်ပါတယ်။
Source: New York Post.
#World_Health
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
၂၀၀၃ ခုနှစ် အီရတ်ကို အမေရိကန် ကျူးကျော်စဥ်ကတည်းက အကြမ်းဖက်မှု၊ အလုပ်အကိုင်မဲ့မှု၊ ဆင်းရဲနွမ်းပါးမှု၊ ကျန်းမာရေးစနစ် ထိခိုက်မှုတို့ကြောင့် မူလက မူးယစ်ဆေးကင်းစင်တဲ့ အီရတ်မှာ မူးယစ်ဆေး စွဲလမ်းမှုများနဲ့ ရောင်းဝယ်မှုတို့ ပြုလုပ်ရာနေရာကြီး ဖြစ်လာပြီး အီရတ်လူငယ်တွေဟာ အဓိကသားကောင် ဖြစ်လာပါတယ်။
#World_Drugs
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 22 March 2024
၁။ နှစ်ပတ်အတွင်း ပြည်တွင်းစက်သုံးဆီ ဓါတ်ဆီတစ်လီတာလျှင် ကျပ် ၁၀၀ ကျော် ဈေးမြင့်တတ်လာ
၂။ သင်္ကြန်နားနီးလာ၍ ရေခဲတုံး၊ ရေခဲချောင်းထုတ်လုပ်သည့် ရေခဲစက်များ ပစ္စည်းပြတ်သည်အထိ အရောင်းသွက်လာ
၃။ ရန်ကုန်ဈေးကွက်သို့ ကြက်သွန်နီအဝင်များပြီး ဈေးကျဆင်း၊ အိန္ဒိယအိပ်စပို့ဖွင့်ချိန် ဈေးဆက်ကျနိုင်
၄။ (၂၀၀၃)ခုနှစ် အမေရိကန်ကျူးကျော်ပြီးနောက်ပိုင်း အီရတ်တွင် မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှု မြင့်မားနေကာ လူငယ်များသားကောင်ဖြစ်နေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 22 March 2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၌ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆေးဖက်ဝင်အပင်မျိုးစိတ်များ ထိန်းသိမ်းခြင်းစီမံကိန်း ဆောင်ရွက်လျှက်ရှိရာ အချိန်အားဖြင့် နှစ်နှစ်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင် အပင်မျိုးစိတ်များထိန်းသိမ်းခြင်း စီမံကိန်းကို မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်း ကာလမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအထိ နှစ်နှစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ မိုင်းယောင်းခရိုင်နှင့် ကျိုင်းတုံခရိုင်များတွင် ဆောင်ရွက် သွားမည် ဖြစ်ပြီး စီမံကိန်းဧရိယာအတွင်းရှိ ဆေးဖက်ဝင်အပင် မျိုးစုံမျိုးကွဲများကို သုတေသနပြုလေ့လာဖော်ထုတ်ခြင်း၊ ဌာနေ တိုင်းရင်းသားလူမျိုးစုများ အသုံးပြုတဲ့ သဘာဝဆေးဖက်ဝင်အပင်များကို လေ့လာမှတ်တမ်းပြုစုခြင်း၊ ရှားပါး၍ မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ်များ၊ ဒေသရင်းမျိုးစိတ်များ၊ စီးပွားရေးအရအရေးပါတဲ့ မျိုးစိတ်များကို ကာကွယ်ထိန်းသိမ်းခြင်း၊ သုတေသနတွေ့ရှိချက်ရလဒ်များကို မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများနှင့် အာဆီယံနိုင်ငံများသို့ ဖလှယ်ရန်အတွက် Database စနစ်တစ်ခု တည်ထောင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခုစီမံကိန်းကို ဌာနေတိုင်းရင်းသားလူမျိုးစုများ၊ သစ်တောဝန်ထမ်းများ၊ သုတေသနပညာရှင်များ၊ ဆက်စပ်ဌာနများနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး သုတေသနတွေ့ရှိချက်များကိုအခြေခံ၍ သဘာဝဆေးဖက်ဝင်အပင်များ စနစ်တကျစီမံ အုပ်ချုပ်နိုင်မည့် သင့်တော်သောထိန်းသိမ်းကာကွယ်ခြင်းနည်းလမ်းများကို ဌာနေတိုင်းရင်းသားလူမျိုးစုများအား ဖြန့်ဝေသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 22 March 2024
တရုတ်နိုင်ငံ၊ချီးရှားကျောင်းတိုက်ဆရာတော်မှမြန်မာနိုင်ငံရှိ မိုခါဘေးဒဏ်သင့်သာသနိက အဆောက်အအုံနှင့်မပြည့်စုံသောစာသင်သားများ၊ကျောင်းသားများအတွက်အလှူငွေများလှူဒါန်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက် အရသိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင်မြို့ရှိ ချီးရှားကျောင်းတိုက် ဆရာတော် Ven. Qianze က မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ကျောင်းတိုက်များနှင့် သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်တည်ဆောက်ရေး အတွက် ပေးပို့လှူဒါန်းခဲ့သည့် အလှူငွေ ယွမ် ၁၂,၀၀၀/- (ယွမ် တစ်သောင်းနှစ်ထောင်တိတိ) အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးကိုပေးအပ်ခဲ့ခြင်း ဖြစ်သည်။
၎င်းမှသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၁) သို့ သွားရောက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ထံသို့ ဆက်လက်လွှဲပြောင်း ပေးအပ်လှူဒါန်းခဲ့သည်ဟုဆိုသည်။
ချီးရှားကျောင်းတိုက် ဆရာတော် Ven. Qianze သည် မြန်မာနိုင်ငံ စာသင်တိုက်များရှိ စာသင်သား သံဃာ/သီလရှင်များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ မပြည့်စုံသော ကျောင်းသားများအား စာရေးကိရိယာများ ပေးအပ်လှူရန်အတွက် အလှူငွေယွမ် ၈,၀၀၀/- (ယွမ်ရှစ်ထောင်တိတိ) ကို ပေးပို့လှူဒါန်းခဲ့သဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်မှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိ ယဝန်ကြီး ဒေါက်တာဒေါ်နုမြဇံ ထံသို့ ၂၂-၆-၂၀၂၃ ရက်နေ့တွင် ပေးအပ်လှူဒါန်းထားရှိပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#ASEAN_news
Published_ 22 March 2024
အာဆီယံပေါင်းစည်းရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ မတ် ၂၀ ရက်တွင် ပြုလုပ်ခဲ့တဲ့ 72nd Initiative for ASEAN Integration (IAI) Task Force အစည်းအဝေး၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ Initiative for ASEAN Integration (IAI) စတင် အကောင်အထည်ဖော် ခဲ့သည်မှာ ဆယ်စုနှစ် (၂) ခုကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
အဆိုပါအစီအစဉ်သည် အာဆီယံ အသိုက်အဝန်းတည်ထောင်ရာတွင် အရေးကြီး သည့် အခန်းကဏ္ဍမှ ပါဝင်သည်ဖြစ်ရာ၊ ယခုအစီအစဉ်မှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက် မြှင့်တင်နိုင် မှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ လုပ်ငန်းစီမံချက်တွင် စင်ကာပူ၊ ဂျာမနီ၊ သြစတြေးလျ၊ တရုတ်၊ ဂျပန်နှင့် အိန္ဒိယတို့မှ အထောက်အပံ့ပေးရန် အတည်ပြုချက် ရရှိပြီးဖြစ်သည့် စီမံကိန်းအသစ် (၁၆) ခုတို့အပေါ် IAI Task Force အဖွဲ့ဝင်များက အတည်ပြုပေးခဲ့ကြပါတယ်။
IAI Work Plan IV အတွက် Output Monitoring တွင် သက်ဆိုင်ရာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ National Coordinators များမှ ဖြည့်စွက်ရမည့် ကိစ္စရပ်များ အပါအဝင် ယခုနှစ် လာအိုနိုင်ငံ၏ Priority Economic Deliverable (PED) ကို အကောင်အထည်ဖော်ရန် Strategies Framework ချမှတ် အကောင်အထည် ဖော်ရာတွင် Economic Research Institute for ASEAN and East Asia (ERIA) မှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေမှုများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အစည်းအဝေးသို့ အာဆီယံပေါင်းစည်းရေးလုပ်ငန်းအဖွဲ့ဝင် အမြဲတမ်း ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးရှိ IAI and NDG Division တာဝန်ရှိ သူများ၊ အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီ လုပ်ငန်းအဖွဲ့မှ ကိုယ်စားလှယ် များနှင့် ERIA တို့သည် အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
Ymg_mnn
#ASEAN_news
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 22 March 2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံဝန်းအနီးတွင်း ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရသိရသည်။
မတ်လ ၂၂ရက် နေ့ခင်း ၁၁နာရီ ၅မိနစ် ခန့် က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၁နာရီ ၉မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ယာဉ်ပျက်စီးဆုံးရှုံးမှု ရှိခဲ့ ပြီး မီးလောင်သည့် ဖြစ်စဉ်နှင့်ဆုံးရှုံးမှု တန်ဖိုး ကို
သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 256 of 1460