#Local_News
#Published_1 April 2024
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနှင့် အာဖဂန်နစ္စတန် ဖူဆယ် အသင်းတို့၏International Futsal Friendly Matches ပွဲစဉ်ကို မတ်လ(၃၀)ရက် နှင့် (၃၁)ရက်တွင်ယှဉ်ပြိင်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှသိရသည်။
မတ်လ(၃၀)ရက်မြန်မာ-အာဖဂန်နစ္စတန်ဖူဆယ်ပွဲ တွင် မြန်မာမှ၆ဂိုးတစ်ဂိုးနဲ့ရှုံးခဲ့ပြီး မတ်လ(၃၁)ရက်တွင်၄ဂိုး၂ဂိုးဖြင့်ဒုတိယပွဲ၌အနိုင်ရရှိကာတစ်ပွဲနိုင်တစ်ပွဲရှုံးရလဒ်ရခဲ့သည်။
မြန်မာ-အာဖဂန်နစ္စတန်ဖူဆယ်ပွဲကို မတ်လ ၃၀ နှင့် ၃၁ ရက်၊ ညနေ ၃:၀၀ နာရီ၌ အမျိုးသား အားကစား ပြိုင်ပွဲရုံ - ၁ (သုဝဏ္ဏ) (N.I.S -1)၌ ကျင်းပသွားခဲ့သည်။
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲဝင်ရန်ရှိပြီး ပြိုင်ပွဲမဝင်ခင်အာဖဂန်နစ္စတန်နှင့်ရန်ကုန်တွင် ခြေစမ်းပွဲကန်ပြီး ထိုင်း၌ ကူဝိတ်၊ ကာဂျစ်စတန်အသင်းတွေနှင့် ခြေစမ်းပွဲတွေကန်မည်ဖြစ်ပြီး AFC Futsal Asian Cup 2024 ပြိုင်ပွဲတွင်အိမ်ရှင်ထိုင်းအသင်း၊ ဗီယက်နမ် အသင်း၊ တရုတ်အသင်းတို့နှင့် ယှဉ်ပြိုင်ရမှာဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
#Local_News #မြန်မာ-အာဖဂန်နစ္စတန်ပွဲ၄ဂိုး၂ဂိုး #ထိုင်း၌ခြေစမ်းပွဲများဆက်ကန် #tthl #Yangon_Times
#Local_News
Published_ 1 April 2024
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုတိုးတက်ရေး၊ တရုတ်နိုင်ငံမှ ရင်းနှီး မြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာစေရေး အဓိကထားဆောင်ရွက်နိုင်ဖို့ ကူမင်းမြို့၌ မြန်မာကုန်သွယ်ရေးစင်တာကို မတ် ၃၁ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။
ကုန်သွယ်မှုစင်တာကို ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ကွမ်းတုရပ်ကွက်၊ China (Yunnan) Pilot Free Trade Zone ၌ မြန်မာကုန်သွယ်ရေးစင်တာ (ကူမင်းမြို့) (Myanmar Trade Center, Kunming) ကို ဖွင့်လှစ်တာ ဖြစ်ပါတယ်။
မြန်မာကုန်သွယ်ရေးစင်တာ (ကူမင်းမြို့) သည် မြန်မာနိုင်ငံမှ AJ Myanmar Co., Ltd နှင့် တရုတ်နိုင်ငံမှ Kunming Aosidi International Trade Co., Ltd တို့ ပူပေါင်းဖွင့်လှစ် ဆောင်ရွက်ခြင်းဖြစ်ပြီး စင်တာအနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဖလှယ်ရေး လုပ်ငန်းများကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။
အဆိုပါစင်တာ၌ မြန်မာ့ထုတ်ကုန်များကို မိတ်ဆက်ပြသခြင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းများကို မိတ်ဆက်ပြသ၍ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ခြင်း လုပ်ငန်းများကို မြန်မာနိုင်ငံမှ ချမှတ်ထားသော မူဝါဒများနှင့်အညီ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရေး ဆောင်ရွက်မှာဖြစ်ကြောင်း သိရပါတယ်။
ကုန်သွယ်ရေးစင်တာဖွင့်ပွဲသို့ ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့် စီးပွားရေးသံမှူး ဦးလျန်ရှန်းမုန်၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ ယူနန်ပြည်နယ် စီးပွားရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Tang Wai၊ ယူနန်ပြည်နယ် ကူမင်းမြို့ပြည်သူ့အစိုးရမှ ဒုတိယမြို့တော်ဝန်၊ ကွမ်တု ပြည်သူ့အစိုးရမှ ညွှန်ကြားရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ တရုတ် အစိုးရကိုယ်စားလှယ် များ၊ ကုန်သည်လုပ်ငန်းရှင်များ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါတယ်။
#Local_News #တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု #မြန်မာကုန်သွယ်ရေးစင်တာဖွင့်လှစ် #Ymg_mnn #Yangon_Media_Group
#Local_News
Published 1 April 2024
ထိုင်းနိုင်ငံ၊ လရောင်ခရိုင်၊ Pluak Daeng မြို့ရှိ Sin Ker Yuan Co., Ltd သံမဏိစက်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင် တွင် ကရိန်းပြိုကျမှုကြောင့် ေ-သဆုံးခဲ့သည့် မြန်မာအလုပ်သမား ၆ ဦးအတွက် ထိုင်းနိုင်ငံလူမှုဖူလုံရေး ခံစားခွင့် ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များရရှိစေရေး ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးက မတ်လ ၃၁ ရက်က ထုတ်ပြန်ကြေညာသည်။
မတ်လ ၂၉ရက် ညနေပိုင်း ၄နာရီခွဲခန့်က Sin Ker Yuan Co., Ltd သံမဏိစက်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်တွင် ကရိန်းပြိုကျမှုကြောင့် မြန်မာနိုင်ငံသား ၆ဦးနှင့် တရုတ် နိုင်ငံသား ၁ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသား များထိခိုက်သေဆုံးကြောင်း သတင်းအရ သက်ဆိုင်ရာနယ်မြေရှိ အုပ်ချုပ်ရေးမှုးအဖွဲ့များ နယ်မြေအလုပ်အကိုင်ဌာန DOE နှင့် အာဏာပိုင်အဖွဲ့များ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီး မတ်လ ၃၀ရက်က အလုပ်သမားသံမှူးနှင့်အဖွဲ့ဟာ မြန်မာနိုင်ငံသား (၆) ဦးသေဆုံးမှုနဲ့ ပတ်သက်ပြီး သေဆုံးသူများ၏ မိသားစုဝင်များနှင့်တွေ့ဆုံခြင်း၊ သက်ဆိုင်ရာပြည်နယ်အုပ်ချုပ်ရေးမှူး၊ နယ်မြေအလုပ်အကိုင်ဌာန (DoE)နှင့် အာဏာပိုင်အဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိခိုက်သေဆုံးသူအလုပ်သမားတစ်ဦးစီအတွက် ထိုင်းနိုင်ငံ၊ လူမှုဖူလုံရေးခံစားခွင့် ဥပဒေနှင့်အညီ အကျိုးခံစား ခွင့်ရရှိစေရေး ကူညီဆောင်ရွက်ပေးသွားဖို့ စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
#Local_News #ကရိန်းပြိုကျမှုကြောင့်ေ-သဆုံး #လူမှုဖူလုံရေးဥပဒေနှင့်အညီအကျိုးခံစားခွင့်ရရှိ #YMG/LW #Yangon_Times
#World_News
Published 01 April 2024
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် တရားဝင်စီးနင်းတဲ့ Air Force One လေယာဥ်ပေါ်မှ ပစ္စည်းများကို ထပ်မံခိုးယူတာမျိုး မပြုလုပ်ရန် အိမ်ဖြူတော်က သတင်းထောက်များကို အသိပေးမှာကြားလိုက်ပါတယ်။
ပစ္စည်းခိုးယူမှုအကြောင်းကို အိမ်ဖြူတော်စာနယ်ဇင်း အဖွဲ့အစည်းမှ အသေးစိတ်စုံစမ်းခဲ့ရတာဟာ အမေရိကန်မြို့တော်မှာ မတ်လ ၂၆ ရက်နေ့က ဂယက်ရိုက်သွားခဲ့ပါတယ်။
သတင်းထောက်အချို့ဟာ Air Force One အမှတ်အသားပါတဲ့ ဝီစကီခွက်တွေ၊ ဝိုင်ခွက်တွေကစလို့ အခြားသောပစ္စည်းများကို လေယာဥ်ပေါ်မှ မဆင်းမီ တိတ်တိတ်လေး ယူဆောင်သွားကြတယ်လို့ Politico သတင်းစာက ဖော်ပြထားပါတယ်။
သတင်းထောက်အခန်းမှ အမှတ်တရအဖြစ် သတင်းထောက်တွေ ခိုးယူသွားတဲ့ ပစ္စည်းတွေ ပျောက်ဆုံးနေတာကို မသိဘဲမနေဘူးလို့ အိမ်ဖြူတော် သတင်းထောက်အဖွဲ့အစည်းက အဖွဲ့ဝင်သတင်းထောက်များကို အီးမေးလ်မှ အသေအချာ သတိပေးခဲ့ပါတယ်။
အမေရိကန်သမ္မတက ဘိုးအင်းလေယာဥ်ဖြင့် တရားဝင်ကိစ္စများအတွက် အပြင်သွားရောက်တဲ့အခါတိုင်း သတင်းထောက် ၁၃ ဦး လိုက်ပါကြပါတယ်။
လေယာဥ်ပေါ်မှာ သတင်းထောက်တွေရဲ့ စားသောက်စရိတ်ကို သက်ဆိုင်ရာ မီဒီယာများက အကုန်အကျ ခံပေးတာဖြစ်ပါတယ်။
သမ္မတအမှတ်အသားနဲ့ လက်မှတ်ပါတဲ့ M&M ချောကလက်ထုပ်လေးတွေကို အမှတ်တရလက်ဆောင်အဖြစ် ပေးကြပါတယ်။
Air Force One အမှတ်တံဆိပ်ပါ ပစ္စည်းများကိုတော့ အွန်လိုင်းကနေ ဝယ်ယူရရှိနိုင်ပါတယ်။
သတင်းဖော်ပြချက်အရ သတင်းထောက်တွေဟာ ထိုမျှကျေနပ်မှု မရနိုင်ဘဲ လေယာဥ်ပေါ်မှဆင်းတဲ့အခါ သူတို့ရဲ့ လက်ဆွဲအိတ်တွေထဲမှာ ပန်းကန်ပြားတွေ ဖန်ခွက်တွေ ပွတ်တိုက်တဲ့အသံတွေ ကြားရတယ်လို့လည်း သိရပါတယ်။
သတင်းထောက်တစ်ဦးဟာ အဖွဲ့အစည်းရဲ့ အပြင်းအထန် ဝေဖန်မှုကို ဂရုပြုကာ အစည်းအဝေးတစ်ခု ပြုလုပ်ပြီးနောက် ပန်းထိုးထားတဲ့ ခေါင်းအုံးစွပ်တစ်ခုကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
#World_News #အမေရိကန်သမ္မတ #လေယာဥ်ပေါ်မှပစ္စည်းများအားထပ်မံခိုးယူခြင်းမပြုရန်သတိပေး #Source: WION
#World_Health
Published 1 April 2024
ထောပတ်သီးဟာ အာဟာရကြွယ်ဝတဲ့ အသီးဖြစ်ပြီး ပုံမှန်စားသုံးပေးပါက ကျန်းမာရေးအကျိုးကျေးဇူး အမျိုးမျိုး ရရှိစေနိုင်ပါတယ်။
(၁) ကောင်းကျိုးပြုဆီ ကြွယ်ဝခြင်း
အိုလစ်အက်ဆစ်လိုမျိုး မပြည့်ဝဆီများ ကြွယ်ဝကာ မကောင်းတဲ့ ကိုလက်စ်ထရောလ်များကို လျော့ကျစေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေ လျှော့ချပေးပါတယ်။
(၂) အမျှင်ဓာတ်ကြွယ်ဝခြင်း
ထောပတ်သီးတစ်လုံးမှာ အမျှင်ဓာတ် ၁၃.၅ ဂရမ်ပါဝင်ပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးကာ ဗိုက်ပြည့်ဝစေပါတယ်။
(၃) ဗိုက်တာမင်နှင့်သတ္တုဓာတ်များ ကြွယ်ဝခြင်း
ဗိုက်တာမင် စီ၊ အီး၊ ကေ၊ ဘီတို့ ပြည့်ဝနေသလို ပိုတက်ဆီယမ်လို သတ္တုဓာတ်က သွေးပေါင်ချိန် ထိန်းသိမ်းပေးပါတယ်။
(၄) ဓာတ်တိုးဆန့်ကျင်အစွမ်းသတ္တိရှိခြင်း
အမျိုးမျိုးသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပြီး မျက်လုံးကျန်းမာရေးကို တိုးတက်စေပါတယ်။
(၅) ရောင်ရမ်းခြင်းကို ဆန့်ကျင်နိုင်ခြင်း
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ မပြည့်ဝဆီတို့က ခန္ဓာကိုယ်ထဲက ရောင်ရမ်းခြင်းတွေကို လျှော့ချပေးပါတယ်။
(၆) ဦးနှောက်ကျန်းမာရေး ထောက်ပံ့ခြင်း
အိုမီဂါ၃ ဖက်တီးအက်ဆစ်နဲ့ အိုလစ်အက်ဆစ်တို့က ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၇) သွေးတွင်းသကြားဓာတ်ထိန်းပေးခြင်း
အစားစားသုံးစဥ် ထောပတ်သီးထည့်သွင်း စားသုံးခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပေးကာ ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
(၈) အသားအရေကောင်းမွန်စေခြင်း
ဗိုက်တာမင်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရေပြားကို အာဟာရဖြည့်ပေးပြီး တင်းရင်းစေခြင်း၊ ဒဏ်ရာသက်သာစေခြင်း၊ ခရမ်းလွန်ရောင်ခြည်ဒဏ် ကာကွယ်ပေးခြင်း၊ အရေပြားနုပျိုဝင်းလက်ခြင်းတို့ကို ပေးစွမ်းနိုင်ပါတယ်။
(၉) အာဟာရဓာတ်စုပ်ယူမှုကိုကူညီခြင်း
ထောပတ်သီးထဲက ကောင်းကျိုးပြုဆီတွေက ဗိုက်တာမင်များနဲ့ အာဟာရဓာတ်များ စုပ်ယူခြင်းကို ထောက်ပံ့ပေးပါတယ်။
#World_Health #ထောပတ်သီးစားခြင်း #ကျန်းမာရေးကိုတိုးတက်စေ #Source: DoctorNDTV
#World_Health
Published 1 April 2024
ခေါင်းတစ်ခြမ်းကိုက်ခြင်း ဝေဒနာ ခံစားရသူတွေဟာ လေဖြတ်နိုင်ခြေ ပိုများကြောင်း သုတေသနအသစ် တွေ့ရှိထားပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ သွေးခဲခြင်း၊ ကျောက်ကပ်ပျက်ခြင်း၊ ကိုယ်ခံအားကျဆင်းရောဂါတို့ဟာ အသက် ၄၅ နှစ်အောက် လူတွေမှာ လေဖြတ်နိုင်ခြေများစေကြောင်း ဖော်ပြထားပါတယ်။
ထိုအသက်အရွယ်တွေမှာ ခေါင်းကိုက်ခြင်းက လေဖြတ်ခြင်းရဲ့ အရေးအကြီးဆုံး အကြောင်းအရင်းဖြစ်နေပြီး အမျိုးသားတွေမှာ ၂၀ ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေမှာ ၃၅ ရာခိုင်နှုန်းနီးပါး ရှိနေပါတယ်။
လေဖြတ်ခြင်းခံစားရစဥ် အသက်အရွယ် ပိုငယ်လေ အထက်ပါ ရောဂါများ ခံစားရနိုင်ခြေများလေ ဖြစ်ပါတယ်။
အသက် ၄၅ မှ ၅၅ နှစ်ကြားလူတွေမှာ သွေးဖိအားများခြင်းက လေဖြတ်နိုင်ခြေအများဆုံး အကြောင်းအရင်း ဖြစ်နေပါတယ်။
လေ့လာစမ်းသပ်သူတွေထဲမှာ လူမျိုးဘာသာနဲ့ ပတ်သက်ပြီး အချက်အလက်တွေ မရှိတာကြောင့် တထစ်ချယူဆလို့ ရတာမျိုးတော့ မဟုတ်ပါဘူး။
#World_Health #ခေါင်းတစ်ခြမ်းကိုက်ခြင်း #လေဖြတ်ခြင်းဖြစ်စေနိုင်သည့်လက္ခဏာ #Source: New York Post
၃၁ မတ် ၂၀၂၄
ထိုင်းနိုင်ငံက တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးဆက်လက်ကောင်းမွန်ဖို့အတွက် တရုတ်နိုင်ငံကို ဆန်တင်ပို့မှုတိုးမြှင့်ဖို့ စီစဉ်နေပါတယ်။
ဒီလစောစောပိုင်းမှာ ထိုင်းအစိုးရဟာ တရုတ်သွင်းကုန်လုပ်ငန်းရှင်တွေနှင့် တွေ့ဆုံပြီး တရုတ်နိုင်ငံ ရှန်ကျန်မှာ ဖြန့်ဖြးရေးစင်တာ တစ်ခု ဖြစ်နိုင်ချေတွေဆွေးနွေးခဲ့ပါတယ်။ အဲဒီအပြင် ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗစ်ဆင်နှင့်လည်း တွေ့ဆုံပြီး ထိုင်းနိုင်ငံက တရုတ်နိုင်ငံကို ၂၀၂၄ခုနှစ်အတွင်း ဆန်တန်ချိန် ၇.၅သန်းတင်ပို့ဖို့ ဆွေးနွေးခဲ့တယ်လို့ မျှော်လင့်ထားကြပါတယ်။
Source CCTV+
#Local_News
Published 31 March 2024
ရွှေတိဂုံစေတီတော်လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံဓါတ်ပုံပြပွဲအားသုံးရက်ကြာအဖြစ်ဆက်လက်ပြသနေကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ မှသိရသည်။
အဆိုပါ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခေတ်အဆက်ဆက်က မှတ်တမ်းဓာတ်ပုံများ၊ ထူးခြားထင်ရှား နေရာဌာနများနှင့် ကြည်ညိုဖွယ်ရာပုံတော်များကို ဘုရားဖူးလာအများပြည်သူတို့ လေ့လာကြည့်ရှု ကြည်ညိုပူဇော်နိုင်ရန်အတွက် လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံ အမည်ရသည့် ဓါတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ၂၉ရက်က စေတီတော်ရင်ပြင် မြောက်ဘက်(ရာဟုထောင့်) ချမ်းသာကြီးတန်ဆောင်း၌ စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံ ဓါတ်ပုံပြပွဲကို မတ်လ၂၉ရက် နေ့မှ ဧပြီ၄ရက်နေ့အထိ စေတီတော်ရင်ပြင် မြောက်ဘက်(ရာဟုထောင့်) ချမ်းသာကြီးတန်ဆောင်း၌ နံနက် ၀၅၀၀ နာရီမှ ည ၂၁၀၀ နာရီအထိ ဘုရားဖူးလာအများပြည်သူတို့ ကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။
#ရွှေတိဂုံဓါတ်ပုံပြပွဲ #YMG/NN #Yangon-Times #ရွှေတိဂုံစေတီတော်
#Local_News
Published- 31 March 2024
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ အဝေးသင်တက္ကသိုလ်ပထမနှစ်နှင့် ဒုတိယနှစ်နှင့်အထက်သင်တန်းကျောင်းများမှကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ အသိပေး ကြေညာချက်အရသိရသည်။
ထိုသို့ ကျောင်းအပ်လက်ခံရာတွင် ယခု ပညာသင်နှစ်အတွက် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ပထမနှစ် အဝေးသင် သင်တန်းကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်မှ ဧပြီ ၃၀ ရက် နောက်ဆုံးထား၍လည်းကောင်း ကျောင်းဝင်မှတ်ပုံတင်နိုင်ကြောင်း သိရသည်။
ထို့အတူ ဒုတိယနှစ်နှင့်အထက် ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှ မေလ ၁၇ ရက် နောက်ဆုံးထား၍လည်းကောင်း ကျောင်းဝင်မှတ်ပုံတင်ကြေးကို သက်ဆိုင်ရာတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#အဝေးသင်တက္ကသိုလ် #သင်တန်းကျောင်းများကျောင်းအပ်လက်ခံ #YMG/NN #Yangon-Times
#Local_News
Published- 31 March 2024
ယခုနှစ်အတွင်း ပြည်ပခရီးသွားပိုမိုဝင်ရောက်နေပြီး နေပြည်တော်အပါအဝင်ကမ်းခြေဒေသများသို့လည်ပတ်ကြကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ခရီးသွားများ အများဆုံးလာရောက်လည်ပတ်မှုအများဆုံးဖြစ်ပြီး ကျိုက်ထီးရိုးစေတီ၊ ချောင်းသာကမ်းခြေ၊ (ရှေးဟောင်း သုတေသနပြတိုက်)ပုဂံ၊ ငွေဆောင်ကမ်းခြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်သို့ ခရီးသွားဧည့်သည်အများဆုံး လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြည်တွင်းသို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ နှစ်လတာကာလအတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ဦးရေ ၂၆၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ရာ ယခုနှစ်တွင် နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ယခင်နှစ်ထက် အလားတူကာလအတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှု ဦးရေ ၈၅,၀၀၀ ကျော်နှင့် နှိုင်းယှဉ်ပါက သိသိသာသာတိုးတက်မှုရှိလာကြောင်း သိရသည်။
#YMG/ NN #Yangon-Times
#Local_News
Published -31 March 2024
တရုတ်သို့တင်ပို့သည့် ဖရဲ၊သခွှားမွှေးဈေးနှုန်းများဈေးနှုန်းမတည်မငြိမ်ဖြစ်နေပြီး တန်ဆာခနှုန်းထားမြင့်မားနေကြောင်း ဖရဲကုန်သည်များထံမှသိရသည်။
"ဒီဘက်မှာ အပြောင်းလဲမြန်တဲ့စျေးကွက်အချိန်တိုင်းမိနစ်တိုင်းနာရီတိုင်းပြောင်းလဲနေပါတယ် ၊
အရည်သွေးတူဆိုဒ်တူအသီး တွေ တစ်နာရီအတွင်းရောင်းစျေး၂ယွမ်ကနေမှ ၃ယွမ် အထိကွာဟနိုင်ပါတယ်၊ " ဟု သစ်သီး ကုန်သည် တစ်ဦးကပြောသည်။
လတ်တလောတွင် ကုန်ကျစရိတ်ကားခ များပြားနေပြီး ဖရဲတောင်သူများသခွါးတောင်သူများ အနေဖြင့်မိမိ၏အသီးအရည်အသွေးတင်သင့်မှသာ ချိန်ဆ၍တင်ကြရန်လိုအပ်ကြောင်းသိရသည်။
"လွန်ခဲ့တဲ့ ရက်အနည်းကဘဲ ဖရဲသခွါးဈေးဟာတစ်ရက်ကို နှစ်ကျော့ ကနေ ငါးကျော့အထိ တစ်အိအိနဲ့ မြင့်တတ်လာတယ်၊ တစ်ဖက်ကကြည့်ရင် ဒီရိုက်ခက်မှုဟာ အသီးတင်ဖို့ကားလုလာတဲ့ပြဿနာဖြစ်စေခဲ့ပါတယ်၊ သူ့ထက်ငါအပြိုင်ပေးလို့ ကားခဟာ မြန်မာငွေ သိန်း(100)နဲ့ သိန်း(120 )ဝန်းကျင် မြင့်တက်လာတာပါ၊တနည်းအားဖြင့် ကားပေါ်မှာပါလာတဲ့ အသီးကုန်ချိန် မက်ထရစ်တန် 5တန်လောက်ဟာ ကားခအဖြစ်ပေးလိုက်ရတာပါ၊ ကုန်သည်တွေဟာ အရမ်းစွန့်စားရာ ကျနေပါပြီ "ဟု၎င်းကဆက်ပြောသည်။
ထို့အပြင် ထျန်ဝှမ်ဖရဲသီးနှင့်ရွှေဝါအရည်သွေးညံ့သီးများအရည်သွေးမကောင်းလျှင်လုံးဝမတင်ကြပါရန်လိုအပ်ကြောင်း၊ အသီးစျေးနှုန်းတက်ရန်ဆိုပါက အရည်သွေးညံ့သီးမဝင်ပဲအရည်သွေးအာမခံသီးတွေသာ ဝင်မည်ဆိုပါက မျှော်လင့်ချက်ရှိနိုင်ကြောင်းဆိုသည်။
လတ်တလောတွင် အသီးအညှာလတ် ရောဂါစက်မပါ အသံကောင်းအာမခံနိုင်မယ့်အသီးများမှာ 855ဖရဲ အမျိုးအစား 800/900လုံးပါရှိသည့် 16တန်လျှင် ယွမ် 35000မှ 42000 ယွမ်၊
1000မှ1100လုံး ပါရှိသည့် 16တန်လျှင် ယွမ် 30000မှ 33000 ယွမ်၊ 1200မှ 1300လုံး ပါရှိသည့် 16တန်လျှင် ယွမ် 20000မှ28000 ယွမ်စသဖြင့်ဈေးနှုန်းအသီးသီးရရှိနိုင်ကြောင်းသိရသည်။
ထို့အပြင် အညှာခြောက်ရောဂါစက်ပါရှိပါက ယွမ်10000မှ20000 ယွမ်အထိသာရရှိပြီး စရိတ်မကာမိကြောင်း၊ ထျန်ဝှမ်ဖရဲ ယွမ် 20000မှ 45000ယွမ်အထိဈေးနှုန်းအသီးသီးရရှိကြောင်းသိရသည်။
#YMG/ NN #Yangon-Times #ဖရဲ၊ သခွှားမွှေးဈေးနှုန်းမတည်ငြိမ်
#Local_News
Published 31 March 2024
လာမည့် ဧပြီ၁ရက်တွင်ကျင်းပမည့် ၆၁ ကြိမ်မြောက် ကျပ် ၁,၀၀၀ တန်အောင်ဘာလေ ထီလက်မှတ်ရောင်းရငွေ မှ ကျပ် ၅ ဘီလျံခွဲနီးပါးကျော်ရရှိပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ရောင်းချရရာယခင်လထက်ကျပ်သန်း၆၀၀ကျော်ဖိုး ပိုမိုရောင်းချနိုင် ခဲ့ကြောင်းသိရသည်။
ယခု၆၁ ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲတွင် စျ အက္ခရာတစ်လုံးပိုလာပြီး အက္ခရာ ၉ လုံး၏ ၇၅ ရာခိုင်နှုန်းရောင်းချရာတွင် ကျပ် ၅၅၂၂ ဒသမ ၇၆၀ သန်းရရှိခဲ့ပြီး ၇၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ်ပြန်လည်ချီးမြှင့်မည်ဖြစ်ရာ ကျပ် ၃၈၆၅ ဒသမ ၉၃၂ သန်းကို ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၆၁ ကြိမ်မြောက် အောင်ဘာလေဆုအဖြစ် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆု၊ ကျပ်သိန်းတစ်ထောင် တစ်ဆု၊ ကျပ်သိန်းငါးရာ လေးဆု၊ ကျပ်သိန်းနှစ်ရာ ငါးဆု၊ ကျပ်သိန်းတစ်ရာ ကိုးဆု၊ ကျပ်သိန်းငါးဆယ် ၁၂ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၆ ဆု၊ ကျပ်ဆယ်သိန်း ၁၄ ဆုအပြင် ဝေဝေဆာဆာပဒေသာဆုအဖြစ် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၃,၀၀၀ ဆု၊ ကျပ်ငါးသောင်း ၂၀,၀၀၀ ဆု၊ ကျပ်တစ်သောင်း ၁၀၀,၀၀၀ ဆု ချီးမြှင့်ပေးသွားမည်ဖြစ်သည့် အပြင် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ ကိုလည်း ကျပ်ဆယ်သိန်း လေးဆု၊ ကျပ်သုံးသိန်း ၂၀ ဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆု၊ ကျပ်တစ်သိန်း ၂,၀၀၀ ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ဘာလေသိန်းဆုထီနှင့် အွန်လိုင်းထီတို့ကို ၅၅ ကြိမ်မြောက်မှစတင်၍ သီးခြားစီဖွင့်လှစ်ပေးခဲ့ပြီး ၆၁ ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေ အွန်လိုင်းသိန်းဆု ထီလက်မှတ်များကို မတ်လ ၂၈ ရက် ည ၁၂ နာရီမတိုင်မီအထိ ရောင်းချခဲ့ပြီး ကျပ် ၁,၀၀၀ တန် အောင်ဘာလေ အွန်လိုင်းသိန်းဆုထီလက်မှတ်များ၏ စုစုပေါင်းရောင်းရငွေအပေါ် ရာခိုင်နှုန်း ၇၀ ကို ဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၆၁ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီဆုဖွင့်ပွဲကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၁ ရက် မနက် ၈ နာရီအချိန်၊ အောင်ဘာလေအွန်လိုင်းသိန်းဆုထီဖွင့်ပွဲကို မနက် ၁၀ နာရီအချိန်၌ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #ထီလက်မှတ်ရောင်းရငွေ #YMG/ NN #Yangon-Times
Page 245 of 1459