Published 16 May 2024
(၁၈)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ရန် မြန်မာ့ကာယဗလအားကစားအဖွဲ့ယနေ့ မနက်ပိုင်းပ ပြည်ပထွက်ခွာ ခဲ့ကြောင်းသိရသည်။
လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ ၂၀၂၄ ခုနှစ် မေလ ၁၆ ရက်နေ့မှ ၁၉ရက်နေ့အထိကျင်းပမည့်(၁၈)ကြိမ် မြောက်အရှေ့ တောင်အာရှ ကာယဗလနှင့်ကာယကြံခိုင်မှုအားကစားပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ရန်အတွက်မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဌ(ဒုတိယမြို့တော်ဝန်)ဦးညီညီ ဦးဆောင်သောမြန်မာ့ကာယဗလအားကစားအဖွဲ့ သည်ယနေ့နံနက်ပိုင်းကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှလေကြောင်းခရီးဖြင့်ထွက်ခွာသွားရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေ၊ကော်မတီဝင်များနှင့်မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံခိုင်မှုအားကစားအဖွဲ့ချုပ်မှတာဝန်ရှိသူများပို့ဆောင်နှုတ်ဆက်ကြသည်။
မြန်မာ့ကာယဗလအားကစားအဖွဲ့တွင်အဖွဲ့ချုပ်ဒုတိယဥက္ကဌဦးကျော်သန်း(အုပ်ချုပ်သူ)၊ ဒေါ်ရီရီဝင်း(နည်းပြ)၊ ဦးဇော်ဝင်းအောင်(နည်းပြ)၊ ဦးအောင်နိုင်(ဒိုင်)၊ ကာယဗလအားကစားသမားများဖြစ်ကြသည့် ကာယဗလ (၆၀ )ကီလိုတန်းပြိုင်ပွဲတွင် ထွန်းမင်းနိုင်၊ (၆၅ )ကီလိုတန်းပြိုင်ပွဲတွင် မုန်ဘန်အောင်၊ (၇၀ )ကီလိုတန်းပြိုင်ပွဲတွင် နိုင်မင်းသိမ်း၊ ( ၇၅) ကီလိုတန်းပြိုင်ပွဲတွင် အောင်မင်းဦး၊ (၇၅) အထက်ကီလိုတန်းပြိုင်ပွဲတွင် မျိုးနိုင်ထွန်း၊ Men's Athletic Physique up to 175 cm + 6kg ပြိုင်ပွဲတွင် ကိုကိုကျော်ဖြိုး၊ Men's Sports Physique up to 170 cm -2 kg ပြိုင်ပွဲတွင် သန်းထိုက်ဦး၊ Women's Athletic Physique ပြိုင်ပွဲတွင် သဲဝါ၊ Women's Model Physique up to 160 cm ပြိုင်ပွဲတွင် ခင်နီလာစိုး နှင့် Women's Model Physique over 165 cm ပြိုင်ပွဲတွင် ဇူးဇူးသန့်တို့လိုက်ပါသွားကြောင်းသိရသည်။
#Yangon_Times/NN
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 16 May 2024
မိုးစပါးရာသီအတွက် ရာသီဥတုညွှန်းကိန်းအခြေပြုသီးနှံအာမခံထားရှိမှုကို ဇွန်လ၌ စတင်ဆောင်ရွက်မည် ဖြစ်ကြောင်းမြန်မာ့အာမခံလုပ်ငန်းမှ သိရသည် ။
မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ ပူးပေါင်း၍ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မိုးရာသီစိုက်ပျိုးစရိတ် တစ်ဧကချေးငွေအပေါ်တွင် အာမခံ တစ်ရာခိုင်နှုန်းထားရှိခြင်းကိုလာမည့် ဇွန်လ ၁ ရက်မှစတင်၍အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်သူများ အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB)မှ တစ်ဧကကိုကျပ် တစ် သိန်းခွဲနှုန်းထုတ်ချေးရန် သတ်မှတ်ထားပြီးမတော်တဆသဘာဝဘေးအန္တရာယ် ကျရောက်လာပါကစိုက်ပျိုးစရိတ်များပြန်လည်မပေးဆပ်နိုင်သည့် အခါတွင် ဘဏ်မှ ပြန်လည်လျော်ကြေးပေးနိုင်ရန် ရာသီဥတုညွှန်းကိန်းအခြေပြုသီးနှံအာမခံဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရာသီဥတုညွှန်းကိန်းအခြေပြုသီးနှံအာမခံဆောင်ရွက်ခြင်းကိုမြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(MADB)တို့မှ ပူးပေါင်း၍ ပြီးခဲ့သည့် ဆောင်းရာသီစိုက်ပျိုးစရိတ် စတင်ထုတ်ချေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ထုတ်ချေးရာတွင် တိုင်းဒေသကြီး (၃)ခုဖြစ်သည့် ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် Pilot Project အဖြစ် ဆောင်ရွက်ခဲ့ပြီးယခုမိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးချိန်တွင် တစ်နိုင်ငံလုံး၌ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
#Yangon_Times/NN
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 16 May2024
မိုးကြိုကာလအတွင်း မုန်တိုင်းမိုးကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး ကြိုတင်ပြင်ဆင်ကြရန် စိုက်ပျိုးရေးဦးစီးဌာန အသိပေးထားသည်။
အဆိုပါသတိပေးချက်တွင် မိုးကြိုကာလတွင် ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းမိုးများကြောင့်သီးနှံများ ထိခိုက်ပျက်စီးရလေ့ရှိကြောင်း၊မုန်တိုင်းဖြစ်ပေါ်ပါက ရွာသွန်းသောမိုးရေကြောင့်မိုးကြို နှမ်း၊ပဲတီစိမ်း၊ဝါသီးနှံများအပါအဝင် မိုးကြိုသီးနှံများထိခိုက်ပျက်စီးဆုံးရှုံးမှုများကြုံတွေ့ရနိုင်သဖြင့်ပျက်စီးဆုံးရှုံးမှုလျော့နည်းသက်သာစေရန် စိုက်ခင်းများအတွင်း စိမ့်မြောင်း၊ ပတ်မြောင်းများတူးဖော်ထားရန်အသိပေးထားရှိပြီးဖြစ်ကြောင်းသိရသည်။
ထို့အပြင် စိမ့်မြောင်း၊ ပတ်မြောင်းများတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ခြင်းမရှိသေးသည့်တောင်သူများအနေဖြင့် အမြန်ဆုံးတူးဖော်ထားကြပါရန်နှင့် တူးဖော်ပြီးပျက်စီးနေသည့်စိမ့်မြောင်း၊ ပတ်မြောင်းများကိုလည်း ပြန်လည်ပြင်ဆင်ထားကြရန်နှိုးဆော်ထားကြောင်းသိရသည်။
၎င်းအပြင် နွေစပါးရိတ်သိမ်းလျက်ရှိသော တောင်သူလယ်သမားများအနေဖြင့်လည်း လေလွင့်ဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန် သတိပေးနှိုးဆော်ထားကြောင်းသိရသည်။
#Yangon_Times/NN
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
တရုတ်ယူ-၂၀နှင့် မြန်မာယူ-၂၀တို့ လာမယ့် မေလ ၃၀ရက်နဲ့ ဇွန်လ ၂ရက်တို့မှာ Xianghe မြို့မှာ ခြေစမ်းပွဲ (၂)ပွဲကစားမယ်။(မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)
#Yangon_Times/tthl
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
တရုတ်မယားအဖြစ် ရောင်းစားခံရတဲ့ မြန်မာလုပ်သားအများစုဟာ online စာမျက်နှာကနေတဆင့် အလုပ်ရှာဖွေရာကနေ အလိမ်ခံရပြီး တစ်ဖက်နိုင်ငံကို ရောင်းစားခံရတာ အများဆုံးဖြစ်နေတယ်လို့ လူကုန်ကူးမှု တားဆီးနိုင်ငံရေး ရဲတပ်ဖွဲ့ဝင်ထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 16 May 2024
"မြန်မာအင်းတော်ကြီးကန် ငါးအမျိုးအစားများသရုပ်ဖော်လမ်းညွှန်စာအုပ်"ကိုတရုတ်သုတေသီ Mr. Chen Xiaoyong နှင့် မြန်မာပညာတော်သင်ကျောင်းသားများစုပေါင်းရေးသားကာ တရားဝင်ထုတ်ဝေလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသိရသည်။
အဆိုပါစာအုပ်တွင် ငါးအမျိုးအစားပေါင်း ၉၇ မျိုး၏ ထူးခြားသော လက္ခဏာများ၊ ဇီဝဗေဒအချက်အလက်၊ လက်ရှိအခြေအနေနှင့် တည်ရှိရာနေရာအချက်အလက်များကို စုစည်းမှတ်တမ်းတင်ထားသည်ဟုဆိုသည်။
မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ အင်းတော်ကြီးကန်သည် အရှေ့တောင်အာရှဒေသ၌ အကြီးဆုံးရေကန်များအနက်တစ်ခု ဖြစ်ကြောင်း၊
၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း တရုတ်သိပ္ပံအကယ်ဒမီ ကူမင်းသတ္တဗေဒ သုတေသနဌာနမှ သုတေသီ Mr. Chen Xiaoyong နှင့် အဖွဲ့သည် မြန်မာနိုင်ငံရှိ ပြည်တွင်း သုတေသနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ငါးမျိုးစုံမျိုးကွဲမှုကို ပူးတွဲလေ့လာမှု ၅ ကြိမ်လုပ်ဆောင်ခဲ့ရာ ငါးမျိုးစိတ်ပေါင်း ၁၀၀ ခန့်၏ နမူနာ ၄၅၀၉ ခုကောက်ယူရရှိခဲ့ပြီး အဆိုပါ အရေးပါဂေဟစနစ်၏ ကြွယ်ဝသော ရေနေသက်ရှိများမျိုးစုံမျိုးကွဲမှုကို ပြသခဲ့ကြောင်း၊
မကြာသေးမီက သုတေသီ Mr. Chen Xiaoyong နှင့်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံမှ ပညာတော်သင် ကျောင်းသားကျောင်းသူများဖြစ်ကြသည့် ကိုနေထက်နိုင်၊ မသင်းဆုတင်၊ မခင်ရတနာဌေးတို့နှင့် ပူးပေါင်းရေးသားတည်းဖြတ်ခဲ့သည့် မြန်မာအင်းတော်ကြီးကန် ငါးအမျိုးအစားများသရုပ်ဖော်လမ်းညွှန် (An Illustrated Guide to the Fishes of Indawgyi Lake in Myanmar) စာအုပ်ကို တရားဝင်ထုတ်ဝေခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထား ကြောင်းသိရသည်။
အဆိုပါစာအုပ်ကို ebookအနေဖြင့်လည်း သက်ဆိုင်ရာ websiteများတွင် ဝယ်ယူဖတ်ရူ နိုင်ကြောင်းလည်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ကမ္ဘာ့ရွေဈေးနှုန်းအပြင် နိုင်ငံခြား ငွေလဲနှုန်းလည်း မြင့်တက်လာတာကြောင့် ရန်ကုန်ရွှေဈေးကွက်အတွင်းမှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၄၉သိန်း ကျော်အထိ မြင့်တက်လာပြီး ရည်ညွန်းဈေးနဲ့ ၁၀သိန်းခန့် ကွာဟနေတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
#Yangon_Times/NN
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ရှမ်းပြည်နယ်တောင်ကြီးမှ ဆီကြိတ်စက်တွေ ဝယ်ယူအားပေးသလို ကျောက်ပန်းတောင်း၊ မကွေး၊ ရွှေဘိုကလည်း ဆီကြိတ်စက်တွေကို အားပေးနေကြတယ်။ သိန်းတစ်ရာကျော်၊ နှစ်ရာဖြင့် ဆီစက်လုပ်ငန်းစတင်လုပ်ကိုင်နိုင်။ (အောင်ဇမ္ဗူဆီစက်ရောင်းချရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး)
#Yangon_Times/tthl
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ချင်းဈေးကွက်မှာ အရည်အသွေးကောင်းတဲ့ ကုန်ပစ္စည်း မရှိသလောက်နည်းနေတယ် ပြည်ပ တင်ပို့နိုင်ခြင်းမရှိပေမယ့် ပြည်တွင်းဝယ်ယူတာတွေ များတဲ့အတွက် ဈေးအမြင့်မှာပဲ ရှိနေတယ်လို့ အောင်ပန်းကုန်စည်အမျိုးမျိုး ရောင်းဝယ်ရေးမှ သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 16 May 2024
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် CANTER အမျိုးအစား(အဖြူရောင်)ယာဉ်ကို
JJ Expressယာဉ်မှ ဝင်တိုက်သဖြင့်ယာဉ်နောက်လိုက် အမျိုးသားတစ်ဦးေ-သဆုံးသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည့်။
မေလ၁၆ရက် မနက်၄နာရီ၁၅မိနစ်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၃၈/၆)အနီးတွင် နေပြည်တော်မှ မန္တလေးသို့ မောင်းနှင်လာသော CANTER အမျိုးအစား(အဖြူရောင်)ယာဉ်ကို JJ Express (အဝါရောင်)ယာဉ်က နောက်မှ ဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် JJ Express(အဝါရောင်)ယာဉ် ပေါ်ပါ ရှိသည့် (၁၅)ဦးအနက်
အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်နောက်လိုက်အမျိုးသားတစ်ဦး (သေဆုံး)ခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်သည့်နေရာကို စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူနှင့်ေ-သဆုံးသူတို့ကို ဥမျှင်ကျေးရွာမှ ပရဟိတအသင်းပိုင်သူနာတင်ယာဉ်ဖြင့် တံတားဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 16 May 2024
တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည် (၄၁)ဦးပါသည့် FAM Trip အဖွဲ့သည်ရန်ကုန်၊ငွေဆောင်တို့သို့ သွားရောက်လည်ပတ်ခဲ့ပြီး နေပြည်တော်၊ ပုဂံ၊ မန္တလေးတို့ရှိ ခရီးသွားဆွဲဆောင်ရာနေရာများသို့ ဆက်လက်သွားရောက်လည်ပတ်ကြမည်ဖြစ် ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှသိရသည်။
မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip- FAM Trip)အဖွဲ့နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီး၊ဒုဝန်ကြီးနှင့် တာဝန်ရှိသူများဖြင့်တွေ့ဆုံခဲ့ကြသည်။
ယင်းသို့ တွေ့ဆုံစဉ် ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (FAM Trip) တွင် ဦးဆောင်လိုက်ပါလာသည့် မြန်မာ-တရုတ်ခရီးသွားမြှင့်တင်ရေးအဖွဲ့ဥက္ကဋ္ဌ Mr. David Liu က
"၎င်းတို့အနေဖြင့် တရုတ်နိုင်ငံတွင် ကြားသိရသော မြန်မာနိုင်ငံ၏ ပုံရိပ်ကိုထိခိုက်နိုင်သည့် သတင်းများမှာ ယခုလာရောက်ရာတွင် သတင်းတု သတင်းမှားများဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံမှာ ဆွဲဆောင်မှုရှိပြီး သဘာဝသယံဇာတများ ပေါကြွယ်ဝ၍ လာရောက်လည်ပတ်သင့်သော ခရီးစဉ်ဒေသတစ်ခုဖြစ်သည်ကို တွေ့ရှိရကြောင်း၊
မြန်မာနိုင်ငံ၏ လက်ရှိပကတိအခြေအနေအား ယခု ခရီးစဉ်တွင် တရုတ်မီဒီယာများ၌ တိုက်ရိုက်လွှင့်တင်လျက်ရှိပြီး တရုတ်နိုင်ငံသို့ ပြန်ရောက်သည့်အခါတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် လွှင့်တင်သွားမည်ဖြစ်ကြောင်း၊
ယခုခရီးစဉ်၏ အကျိုးရလဒ်အနေဖြင့် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားများ ပိုမိုဝင်ရောက်လာမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ယခုခရီးစဉ်ကို အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးကောင်းမွန်စွာ စီစဉ်ပေးသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း" ပြောကြားခဲ့သည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လည်း မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (FAM Trip) တွင် လိုက်ပါခဲ့ကြသည့် ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံ၏ သာယာလှပသည့် ခရီးစဉ်ဒေသများကို နှစ်သက်သဘောကျကြမည်ဟုယုံကြည်ကြောင်း၊
ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်ပြီး ပြည်တွင်း ပြည်ပခရီးသွားများအတွက် အလွယ်တကူလာရောက် လည်ပတ်နိုင်သော အချက်အချာကျသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်ပါကြောင်း၊ နေပြည်တော်သည် ပြပွဲများနှင့် အစည်းအဝေးများကျင်းပခြင်းဆိုင်ရာ ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သော အခြေခံအဆောက်အုံများ ပြည့်စုံမှုရှိပါကြောင်း၊
နေပြည်တော်တွင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအပါအဝင် ခရီးသွားဆွဲဆောင်ရာ နေရာ ၃၈ နေရာရှိသည့်အတွက် လာရောက်မည့် ခရီးသွားဧည့်သည်များက ရသမျိုးစုံခံစားနိုင်သော ခရီးစဉ်ဒေသတစ်ခုပင် ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေနှင့် နေပြည်တော်သို့ ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများဖြင့် နိုင်ငံတကာမှ မီဒီယာများ၊ ခရီးသွားအဖွဲ့အစည်းများနှင့် ကုမ္ပဏီများကို ဖိတ်ခေါ်၍ ဖန်ထရစ်ခရီးစဉ်များ၊ Tour Package နှင့် ခရီးသွားအစီအစဉ်များတွင် ထည့်သွင်းရေးဆွဲခြင်းများ၊ ခရီးစဉ်မြှင့်တင်ကြော်ငြာခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊
ကိုယ်စားလှယ်တော်ကြီးများ သွားရောက်ခဲ့သည့် ခရီးစဉ်များတွင် “One Tourist One Tree” ပုံစံဖြင့် သစ်ပင်စိုက်ပျိုးမှုအစီအစဉ်ကို အမှတ်တရ အစီအစဉ်တစ်ခုအဖြစ် ထည့်သွင်းပေးထားခဲ့ပါကြောင်း၊
ယခု ဖန်ထရစ်ခရီးစဉ် (FAM Trip) တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်တော်ကြီးများအနေဖြင့် ခရီးစဉ်ပြီးမြောက်၍ မိမိနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များနှင့် သွားလာလည်ပတ်စရာကောင်းသော ခရီးစဉ်ဒေသတစ်ခုဖြစ်ကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်မျှဝေပေးကြစေလိုကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 16 May 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အာဆီယံ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အာလွန်ကဲအို ကစ်တီကွန် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ ပူးတွဲအစည်းအဝေးကို မေ ၁၅ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ၌ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလှိုင်၊ ထွန်းထွန်းနောင်၊ ဒေါက်တာစိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများ၊ အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn၊ ASEAN Coordinating Centre for Humanitarian Assistance on disaster management (the AHA Centre) မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Lee Yam Ming နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေး၌ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးနှင့် လက်ရှိဆောင်ရွက်လျက်သည့်ကိစ္စများ၊ အာဆီယံနှင့် အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စများကို ဆွေးနွေးခဲ့ကြပါတယ်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီးသည် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ Park Royal Hotel ၌ အလုပ်သဘောညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရပါတယ်။
Ymg_mnn
##Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 186 of 1457