#Local_News
Published 25 May 2024
▪️ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ဆွေးနွေးဘုရားလမ်းနှင့်ဂျပန်လမ်းထောင့်ရှိ နေအိမ်(၁)လုံးနှင့် ဆေးဆိုင်ဂိုဒေါင်တို့ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းထံက သိရသည်။
▪️ မေလ ၂၅ရက် နံနက် ၂နာရီ ခွဲ အချိန်ခန့်က ဖြစ်ပွား ခဲ့ ခြင်း ဖြစ်ကာ ပြည်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ ပြည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၃နာရီ ၅၂မိနစ် အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️"တတ်နေလင်း ဆေးဆိုင်ရဲ့ ဆေးပစ္စည်းဂိုဒေါင်လောင်တာ လောင်တဲ့ အချိန်လဲ ကြာသွားတယ်ဆေးပစ္စည်းတွေ ဆို တော့ ဆုံးရှုံးမှု တန်ဖိုးကမနည်းလှဘူး သိန်းထောင်ချီရှိမယ်ထင်တယ်"ဒေသခံတစ်ဦးက ပြောသည်။
▪️ အဆိုပါ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူအနည်းငယ်ရှိသော်လည်း စိုးရိမ်စရာ အခြေနေမရှိကြောင်း သိရသည်။
▪️ မီးလောင်သည့် ဖြစ်စဉ်နှင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#YMG/LW#Yangon_Times
#Local_News
Published_ 25 May 2024
▪️ တရားမဝင်ဒစ်ဂျစ်တယ်ငွေကြေးများဖြစ်သည့်ဘစ်ကွိုင်Bitcoin (BTC)အပါအဝင် Litecoin (LTC) ၊ Ethereum (ETH) နှင့်Perfect Money(PM)တို့ကို ရောင်းဝယ်၊ လဲလှယ်ခြင်းနှင့်USDTကို တရားမဝင်ရောင်းဝယ်လဲလှယ်ခြင်းများပြုလုပ်ပါက ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မေလ ၂၄ ရက်၌ထုတ်ပြန်လိုက်သည်။
▪️ အဆိုပါ Crypto ငွေကြေးများ ရောင်းဝယ်၊လဲလှယ်ပါက ငွေစာရင်းအကောင့်ပိတ်သိမ်းခြင်းအပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့အစည်း ဥပဒေတွေအရတရားစွဲဆိုအရေးယူခြင်းများ ဆောင်ရွက်သွားရန်ရှိသည် ဟုဆိုသည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ထုတ်ပြန်ချက်တွင်မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၄၀ (င)နှင့် ပုဒ်မ ၆၂ တို့အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်းသုံးငွေကို တစ်ယောက်တည်း ထုတ်ဝေသူနှင့်စီမံခန့်ခွဲသူ ဖြစ်သည်ဟုဆိုသည်။
▪️ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် Digital ငွေကြေးများဖြစ်သည့် Cryptocurrency: Bitcoin(BTC) ၊ Litecoin (LTC) ၊ Ethereum(ETH) နှင့် Perfect Money(PM) တို့ကို Facebook Account များနှင့် Web Page များအသုံးပြု၍ ရောင်း/ဝယ်ခြင်း၊ လဲလှယ်ခြင်းများ မပြုလုပ်ရန် ပြီးခဲ့သည့် ၂၀ ၂၀ ခုနှစ် မေလ (၁၅) ရက်က အမိန့်အမှတ် (၉/၂ဝ၂ဝ) ဖြင့်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊
▪️ ဗဟိုဘဏ်မှ တားမြစ်ချက်များ ထုတ်ပြန်ထားသော်လည်း ယခုအခါတွင် နိုင်ငံတော်အတွင်း၌ USDT(အမေရိကန်ဒေါ်လာနှင့်တန်ဖိုးညီမျှသော တရားမဝင်ငွေကြေး) အပါအဝင် တရားမဝင် ဒစ်ဂျစ်တယ်ငွေကြေးများကို ရောင်း/ဝယ် လဲလှယ်ခြင်းများ၊ USDT အသုံးပြု၍ ဟွန်ဒီလုပ်ငန်းများ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိရကြောင်း ၊
▪️ ယင်းသို့ဆောင်ရွက်သူများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ငွေစာရင်းများ ပိတ်သိမ်းခြင်း၊ တရားစွဲအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
▪️ သို့ဖြစ်၍ ပြည်သူများအနေဖြင့် ဗဟိုဘဏ်က တားမြစ်ထားသည့် ယင်းတားမြစ်ချက်များကို ပါဝင်ဆောင်ရွက်ခြင်း မပြုလုပ်ရန်နှင့် ဖောက်ဖျက်ကျူးလွန်ကြောင်းတွေ့ရှိပါက ငွေစာရင်းများပိတ်သိမ်းခြင်းအပြင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရလည်းကောင်း၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရလည်းကောင်း ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ခံရမည်ဖြစ်ကြောင်း ဗဟိုဘဏ်က အသိပေးထားကြောင်း သိရသည်။
#tthl #Yangon_Times
နေပြည်တော်ကထွက်ရှိတဲ့ စိန်တစ်လုံးသရက်တွေကို ရန်ကုန်ကိုအဓိကတင်ပို့နေပြီး လက်ရှိမှာရာသီကုန်ချိန်ရောက်နေပေမယ့် ဈေးနှုန်းတွေကျဆင်းနေတယ်လို့သရက်စိုက်ပျိုးရောင်းချသူတွေဆီက သိရပါတယ်။
#Local_News
Published_ 25 May 2024
#စိန်တစ်လုံးသရက် #ဈေးနှုန်းကျဆင်း
#NN#Yangon_Times
မုန်တိုင်းမိုးရွာစဉ် စိုက်ပျိုးရေးလုပ်ငန်းစတင်ပါက ရေကြီးနစ်မြုပ်မျောပါကာ ဆုံးရှုံးနိုင်တယ်။ မေလ(၂၅)ရက်မှ(၂၇)ရက်အတွင်း ရွာနေတဲ့မိုးဟာ မုန်တိုင်းမိုးဖြစ်တယ်။ မုတ်သုန်မိုးရွာမှ စိုက်ပျိုးရေးစသင့်တယ်။
(မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်း)
#Local_News
Published_ 25 May 2024
#မုန်တိုင်းမိုးရွာနေချိန် #ရေကြီးနစ်မြုပ်မျောပါ
#tthl #Yangon_Times
#Local_News
Published_ 25 May 2024
▪️ မိုခါမုန်တိုင်းနည်းတူ ယခုဆိုက်ကလုန်းမုန်တိုင်းအတွက်လည်းသက်ဆိုင်ရာပြည်နယ်နှင့်တိုင်းအစိုး ရအဖွဲ့များက ကြိုတင်သတိပေးမှု၊ လိုအပ်သည့် ပြင်ဆင်မှုအချို့နှင့် ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ထားကြရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နစကဒုဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကမှာကြားထားကြောင်း သိရသည်။
▪️ အဆိုပါလိုအပ်ချက်များကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်း အဝေး (၁/၂၀၂၄) တက်ရောက်ရင်းမှာကြားခဲ့ခြင်းဖြစ်သည်။
▪️နစကဒုဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက "ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ကြိုတင်ခန့်မှန်းလျက် အဝါရောင်အဆင့် သတ်မှတ်ထုတ်ပြန်ထားသည့် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲလျက် မေလ ၂၆ ရက်ပတ်ဝန်းကျင်တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝင်ရောက်နိုင်မှု၊ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအပါအဝင် ကမ်းရိုးတန်းဒေသတစ်လျှောက် မုန်တိုင်းအန္တရာယ် သတိပေး ချက်များလည်း ရှိနေကြောင်း၊
▪️ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့များကလည်း ကြိုတင်သတိပေးမှု၊ လိုအပ်သည့် ပြင်ဆင်မှုအချို့နှင့် ဇာတ်တိုက်လေ့ကျင့်မှုတို့ကိုလည်း မိုခါမုန်တိုင်းနည်းတူ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ မုန်တိုင်းဝင်ရောက်မှုမရှိသော်လည်း မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ခြင်း၊ ကမ်းရိုးတန်းဒေသတစ်လျှောက် မိုးကြီးခြင်း၊ လေပြင်းကျရောက်ခြင်းနှင့် နောက်ဆက်တွဲ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်လာနိုင်သည်ကိုလည်း ကြိုတင်သုံးသပ်လျက် ပြင်ဆင်ခြင်း၊ ဒေသခံများအား စဉ်ဆက်မပြတ်သတိပေးခြင်း ပြုလုပ်ရန် လိုအပ်ကြောင်း "ပြောကြားခဲ့သည်။
▪️ ယင်းအပြင် အာဆီယံဒေသအတွင်းတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ AHA Center မှ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ဇန်နဝါရီလမှ မေလအထိ နှိုင်းယှဉ်ချက်များကို ပြုစုထားရာတွင် ၂၀၂၃ ခုနှစ် အတွင်း မြေငလျင်လှုပ်ရှားမှု၊ ရေကြီးရေလွှမ်းမိုးမှု၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲမှု စုစုပေါင်း ၈၂၉ ကြိမ် ဖြစ်ပွားခဲ့ပြီး
▪️ ၂၀၂၄ ဇန်နဝါရီလမှ မေလအထိ (၅) လတာကာလအတွင်း ၅၃၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနှိုင်းယှဉ်ချက်များကို ကြည့်မည်ဆိုပါက သဘာဝဘေး အန္တရာယ်ဖြစ်ပွားမှုကြိမ်နှုန်းများ ပိုမိုများပြားလာသည်ကို တွေ့ရှိရကြောင်း၊
▪️ ဘေးသင့်အန္တရာယ် ဖြစ်ပွားမှုကြောင့် ထိခိုက်ဆုံးရှုံးမှုမှာ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၄၂ ဒသမ ၄ သန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ဇန်နဝါရီလမှ မေလအထိ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း ပျက်စီးဆုံးရှုံးသည်ကို တွေ့ရကြောင်း၊
▪️ သဘာဝလွန်ဘေးအန္တရာယ်ဆိုင်ရာ နှိုင်းယှဉ်ဇယားအရ ဆိုးကျိုးအဖြစ်ဆုံးမှာ ရေဘေးအန္တရာယ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း မကြာမီတွင် မိုးရာသီကို ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 25 May 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဒရယ်ဖိုကျေးရွာ၊ ရန်ကုန်-ပဲခူးလမ်းမကြီးဘေး၊ တိုးဂိတ်အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကာ အမျိုးသား တစ်ဦး ေ_သဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
▪️ မေလ ၂၅ရက် မနက် ၄နာရီခွဲခန့်က ဖြစ်ပွားခဲ့ကာ ယာဉ်တိုက်မှုကြောင့် ကားအတွင်းလူညှပ်နေသဖြင့် လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
▪️ အဆိုပါ ယာဉ်တိုက်မှုကြောင့် အမျိုးသား (၃)ဦးအနက် အမျိုးသား(၁)ဦး(သေဆုံး)ကာ အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)နှင့် နောက်ထပ် အမျိုးသား(၁)ဦးမှာ ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အခြေနေရရှိခဲ့ကြောင်း သိရသည်။
▪️ ယင်းထိခိုက်ဒဏ်ရာရရှိသူများကို MEDICAL လူငယ်များလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published_ 25 May 2024
▪️ ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့်မြောက်ပိုင်းရှိ လူဦးရေ ၁ ဒသမ ၆ သန်းခန့် ဆေးရုံကျန်းမာရေးစောင့်ရှောက်ခွင့်မရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
▪️ မြန်မာ့လူသားချင်းစာနာမှု ဆိုင်ရာအကျပ်အတည်းဟာ ပြည်သူတွေအပေါ် ကြီးမားတဲ့ အန္တရာယ်ဖြစ်စေပြီး ပြင်းထန်တဲ့ ပဋိပက္ခနဲ့အတူ ပြန်လည်ပေါ်ပေါက်လာတဲ့ စိုးရိမ်ဖွယ်ရာ လူမျိုးရေးတင်းမာမှုနဲ့ မြင့်တက်လာတဲ့ ပြည်တွင်းနေရပ် စွန့်ခွာမှုတွေကြောင့် အန္တရာယ်ရှိတဲ့အခြေအနေကို ရောက်ရှိနေတယ်လို့ UNOCHA က ဆိုထားပါတယ်။
▪️ ရခိုင်ပြည်နယ်၌ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေဟာ ပြင်းထန်နေဆဲ တိုက်ပွဲတွေနဲ့ လူမျိုးရေးတင်းမာမှုတွေနဲ့အတူ စိုးရိမ်ဖွယ်ရာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ရာသီအပူဆုံးကာလဖြစ်တဲ့အလျောက် သောက်သုံးရေရှားပါးတာနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားတာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
▪️ ကရင်ပြည်နယ်မှာ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့ ပြင်းထန်တဲ့ မြဝတီမြို့သိမ်းတိုက်ပွဲကြောင့် ပြည်တွင်းနဲ့ နယ်စပ်ဖြတ်ကျော်နေရပ်စွန့်ခွာထွက်ပြေး ရတာတွေ ဖြစ်ပွားခဲ့ပါတယ်။ မြဝတီမြို့နဲ့ အနီးအနားကျေးရွာတွေက လူဦးရေ ၄,၀၀၀ လောက်ဟာ မြန်မာ-ထိုင်းနယ်စပ်မှာ အိမ်မပြန်နိုင်သေးဘဲ နေရပ်စွန့်ခွာနေကြရဆဲ ဖြစ်ပါတယ်။
▪️ မုတ်သုံရာသီဝင်လာတာနဲ့အတူ မိုးသက်လေပြင်းတွေကြောင့် ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေက မြို့နယ်တစ်ချို့မှာ လွန်ခဲ့တဲ့လပိုင်းတွေအတွင်း လူနေအိမ်တွေနဲ့ အခြားအဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့ပြီး လိုအပ်နေသူတွေထံ အကူအညီတွေဆက်လက် ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်ရဲ့ ပထမသုံးလပတ်အတွင်း လူဦးရေ တစ်သန်းနီးပါးထံ အကူအညီတွေ ပေးနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
▪️ ၂၀၂၄ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်ဟာ စိုးရိမ်စရာကောင်းလောက်အောင် ရန်ပုံငွေရရှိမှုနည်းပါးနေပြီး၊ ရန်ပုံငွေရရှိမှုအခြေအနေပြမှတ်တမ်းအရ လိုအပ်ချက်ရဲ့ ၁၀ ရာနိုင်နှုန်းပဲရရှိသေးတယ်လို့ သိရပါတယ်။
#Ymg_mnn #Yangon_Media_Group
၂၅ မေ ၂၀၂၄
မေလ ၂၆ ရက်ပတ်ဝန်းကျင်တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝင်ရောက်နိုင်မှု၊ မုန်တိုင်းအရှိန်ကြောင့်ဖြစ်ပေါ်လာနိုင် သည်များကို ကြိုတင်သတိပေးခြင်း၊ပြင်ဆင်ခြင်းနှင့်ဇာတ်တိုက်လေ့ကျင့်ခြင်းတွေဆောင်ရွက်ကြဖို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မှာကြားပါတယ်။
မေလ၂၄ရက်က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပတဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၁/၂၀၂၄)တွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားရာတွင် ထည့်သွင်းမှာကြားခဲ့တာဖြစ်ပါတယ်။
မုန်တိုင်းဝင်ရောက်မှုမရှိသော်လည်း မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ခြင်း၊ ကမ်းရိုးတန်းဒေသတစ်လျှောက် မိုးကြီးခြင်း၊ လေပြင်းကျရောက်ခြင်းနှင့် နောက်ဆက်တွဲ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်လာနိုင်သည်ကိုလည်း ကြိုတင်သုံး သပ်လျက် ပြင်ဆင်ခြင်း၊ ဒေသခံများအား စဉ်ဆက်မပြတ်သတိပေးခြင်း ပြုလုပ်ရန် လိုအပ်တယ်လို့ ဒုတိယဗိုလ်ချူပ်မှူးကြီးက ပြောပါတယ်။
သဘာဝဘေးအန္တရာယ်ကို မည်သူမျှတားဆီး၍မရသည့်အတွက် မိုခါမုန်တိုင်းအပါအဝင် ယခင်ဖြစ်ပွားခဲ့သည့် အတွေ့အကြုံ များကိုသင်ခန်းစာရယူပြီးကြိုတင်ကာကွယ်ခြင်း၊ပြင်ဆင်ခြင်း၊ဇာတ်တိုက်လေ့ကျင့်ခြင်း၊ဖြစ်ပွားချိန်တွင်အရေးပေါ်ကူညီကယ် ဆယ်ရေးနှင့်တုံ့ပြန်မှုဆောင်ရွက်ခြင်းနှင့်ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ သတ်မှတ် လုပ်ငန်းစဉ် များအလိုက် လျင်မြန်စွာ ဆောင်ရွက်သွားကြဖို့ ဒုတိယဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းမှာကြားခဲ့ကြောင်း နစကသတင်း ထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။
အစည်းအဝေးတွင် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒေါက်တာ စိုးဝင်းတို့က သဘာဝဘေးအန္တရာယ်မကျရောက်မီ အသိပညာပေးခြင်းလုပ်ငန်းစဉ်များနှင့် ကျရောက်လာပါက တုံ့ပြန်ရေး၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိမှုများကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့တယ်လို့သိရှိရပါတယ်။
@ymg/knl
#World_News
Published 25 May 2024
▪️ တရုတ်က ထိုင်ဝမ်နားတဝိုက်မှာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာပြီးနောက် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က တရုတ်ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံသွားမှာဖြစ်ကြောင်း ပင်တဂွန်က မေလ ၂၄ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
▪️ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ စင်္ကာပူမှာကျင်းပမယ့် ကာကွယ်ရေး အရာရှိပုဂ္ဂိုလ်များ နှစ်စဥ်စည်းဝေးနေကျ ရှန်ဂရီလာဆွေးနွေးပွဲမှ အော်စတင်ဟာ တရုတ်ရေတပ်ဗိုလ်ချုပ်ကြီး ဒေါင်ကျွန်နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ပင်တဂွန်က ဆိုပါတယ်။
▪️ တရုတ်က ယခုရက်ပိုင်းတွေမှာ ထိုင်ဝမ်ကျွန်းကို သိမ်းပိုက်ဖို့ စမ်းသပ်တဲ့အနေနဲ့ စစ်သင်္ဘောများ တိုက်လေယာဥ်များဖြင့် ဝန်းရံလှုပ်ရှားနေပါတယ်။
▪️ ထိုင်ဝမ်သမ္မတသစ်ဖြစ်လာတဲ့ လိုင်ချင်ထယ်က ထိုင်ဝမ်ရဲ့ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ ကတိပြုပြီးနောက် တရုတ်က စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။
▪️ ဧပြီလတုန်းက အော်စတင်က ဒေါင်ကျွန်နဲ့ တယ်လီဖုန်းပြောဆိုခဲ့ပြီးနောက် တွေ့ဆုံဆွေးနွေးဖို့ မျှော်လင့်နေခဲ့တာ ဖြစ်ပါတယ်။
▪️ အမေရိကန်နဲ့ တရုတ်အစိုးရတို့က တင်းမာမှုတွေ လျော့ကျလာစေရန် ဆက်ဆံရေးမြှင့်တင်လာကြပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း ပြီးခဲ့တဲ့လက ပေကျင်းနဲ့ ရှန်ဟိုင်းသို့ လာရောက်လည်ပတ်ခဲ့ပါတယ်။
▪️ အော်စတင်က လာမယ့်သီတင်းပတ်မှာ အာဆီယံ ကာကွယ်ရေးဝန်ကြီးများနဲ့ တွေဆုံဆွေးနွေးရန် ကမ္ဘောဒီးယားသို့ သွားရောက်မှာဖြစ်ပြီး ပြင်သစ်မှာ ခရီးစဥ်အဆုံးသတ်မှာ ဖြစ်ပါတယ်။
▪️ အောင်စတင်ဟာ ကျန်းမာရေးကိစ္စများကြောင့် သူ့ရဲ့တာဝန်များကို လက်ထောက် ကာကွယ်ရေးဝန်ကြီး ကက်သ်လင်းဟစ်ခ်ထံ ယာယီလွှဲပြောင်းရန် စီစဥ်နေပေမယ့်လည်း ခရီးစဥ်ကိုတော့ ကြေညာထားတာ ဖြစ်ပါတယ်။
▪️ ယခင်က ဖြစ်ဖူးထားတဲ့ ဆီးအိမ်ကိစ္စနဲ့ ပတ်သက်ပြီး အသေးစားခွဲစိတ်မှု ပြုလုပ်ရဖို့ရှိတယ်လို့ ပင်တဂွန်မှ ဗိုလ်ချုပ်ကြီး ပတ်ရိုင်ဒါက ပြောပြပါတယ်။
▪️ ထိုရောဂါပြဿနာ စတင်ဖြစ်ပွားစဥ်က အော်စတင်ဟာ သူ့ကျန်းမာရေးအကြောင်းကို အထက်သို့ မတင်ပြခဲ့တာကြောင့် ရီပတ်ဘလစ်ကန် နိုင်ငံရေးသမားများက ဝေဖန်တိုက်ခိုက်ခဲ့ကြပါတယ်။
#Source: CNA
#Local_News
Published 25 May 2024
▪️ မုန်တိုင်းမိုးကြောင့် ရန်ကုန်တိုင်းတွင် သစ်ပင်လဲပြိုခြင်းများ၊ လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်ခဲ့ခြင်းများရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နှင့် YESC သင်္ဃန်းကျွန်းတို့မှ သိရသည်။
▪️ မေလ(၂၄) ရက်နေ့၊ ၁၃ ၀၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ အထက(၄)ကျောင်းဝန်းအတွင်း သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သိရသဖြင့် တာမွေမြို့နယ်မီးသတ်စခန်းမှ ရှင်းလင်းရေးလုပ်ငန်းမားဆောင်ရွက်ခဲ့သည်ဟုဆိုသည်။
▪️ မေလ(၂၄)ရက်နေ့၊ ၁၄ ၄၅အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်၊ လှိုင်သီတာ(၅)လမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သိရသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။
▪️ မေလ(၂၅)ရက်တွင်(07:40)သင်္ဃန်းကျွန်းမြို့ရုံး ခွဲရုံ၏6.6kVပြည်သာယာဖီဒါသည်16/2ရပ်ကွက်တွင်းသစ်ပင်လဲပိမှုကြောင့်ယာယီဓာတ်အားပြတ်တောက်ခဲ့ပြီး09:35ဓာတ်အားပြန်ရနိုင်ခဲ့ကြောင်း သိရသည်။
▪️ တာမွေမြို့နယ်တွင် မုန်တိုင်းသက်ရောက်မှုမကျ ရောက်ခင်မေလ(၂၄)ရက်မနက်ကတည်းက နေအိမ်၊တိုက်ခန်း၊ ဓာတ်ကြိုးများနှင့်မလွတ်သည့် သစ်ပင် ၊သစ်ကိုင်းများကို စည်ပင်သာယာရေးကော်မတီမှ ကြိုတင် ခုတ်ထွင်ရှင်းလင်းထားကြောင်း တာမွေမြို့နယ်ဒေသခံများ ထံမှသိရသည်။
#tthl #Yangon_Times
#World_Health
Published 25 May 2024
▪️ အုတ်ဂျုံက ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစေ့အဆန်တွေထဲက တစ်မျိုးဖြစ်ပါတယ်။
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ မရှိမဖြစ် အာဟာရဓာတ်များ ပါဝင်ပြီး အုတ်ဂျုံစားသုံးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကို လေ့လာတွေ့ရှိထားကြပါတယ်။
▪️ (၁) အစာခြေခြင်းကိုထောက်ပံ့ခြင်း
အုတ်ဂျုံတွေမှာ အမျှင်ဓာတ်များ ပါဝင်တာကြောင့် ဝမ်းသွားခြင်းကို အထောက်အကူ ဖြစ်စေပါတယ်။
အစာအိမ်ပြဿနာ ရှိသူတွေအတွက် ထိရောက်မှုရှိသလို ခန္ဓာကိုယ်ကို ချောမွေ့စွာ လည်ပတ်နေစေမှာ ဖြစ်ပါတယ်။
▪️ (၂) ကိုလက်စ်ထရောလ်လျှော့ချကာ နှလုံးရောဂါကာကွယ်ပေးခြင်း
သူ့မှာပါဝင်တဲ့ ဘီတာဂလူကန် အမျှင်ဓာတ်က ကိုလက်စ်ထရောလ်ကို လျော့ကျစေပါတယ်။
အူထဲကနေ သွေးထဲသို့ စုပ်ယူတဲ့ ကိုလက်စ်ထရောလ်ကို လျှော့ချပေးပါတယ်။
▪️ (၃) ဂလူတန်လုံးဝမပါဝင်ခြင်း
အုတ်ဂျုံမှာ သဘာဝအတိုင်း ဂလူတန်မပါဝင်ပေမယ့် ဝယ်ယူခါနီးမှာတော့ ဂလူတန်တစ်နည်းနည်းဖြင့် ပါဝင်လားဆိုတာကို သေချာဖတ်ရှုသင့်ပါတယ်။
▪️ (၄) မဂ္ဂနီဆီယမ်ကြွယ်ဝခြင်း
အင်ဇိုင်းလုပ်ဆောင်ချက်နဲ့ စွမ်းအင်ထုတ်လုပ်ခြင်းအတွက် မဂ္ဂနီဆီယမ်က အရေးကြီးပါတယ်။
သွေးကြောတင်းမာမှုတွေကို ပြေလျော့စေပြီး နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။
▪️ (၅) ကိုယ်အလေးချိန်ကျစေရန် ကူညီခြင်း
အုတ်ဂျုံက ကယ်လိုရီနည်းပြီး ဖြည်းဖြည်းချင်း ချေဖျက်တာကြောင့် ဗိုက်ပြည့်ဝနေစေပါတယ်။
ဆာလောင်စိတ်ကို လျှော့ချပေးတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်စွာ ကိုယ်အလေးချိန်ကျစေရန် အကူအညီဖြစ်စေပါတယ်။
#Source: Interesticle
#World_Health
Published 25 May 2024
▪️ ဒုခ်ဟူးမန်းကာကွယ်ဆေးအဖွဲ့အစည်းမှ သုတေသီများက ကာကွယ်ဆေးဖြင့် HIV ကို တွန်းလှန်နိုင်မယ့် ပဋိဇီဝပစ္စည်းများကို ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။
▪️ အဆိုပါ ပဋိပစ္စည်းတွေက ဗိုင်းရပ်စ်မျိုးကွဲ အမျိုးမျိုးကို ချေဖျက်နိုင်စွမ်းရှိကြောင်း တွေ့ရှိထားပါတယ်။
▪️ ထိုနည်းပညာက ဗိုင်းရပ်စ်ဗီဇပြောင်းလဲသွားရင်တောင်မှ မပြောင်းလဲတည်ရှိနေတဲ့ HIV အပြင်ဘက်နေရာလေးကို ပစ်မှတ်ထားတာဖြစ်ပြီး မျိုးဗီဇကွဲအမျိုးမျိုးရဲ့ ကူးစက်မှုတွေကို ကာကွယ်သွားမှာ ဖြစ်ပါတယ်။
▪️ ပထမအဆင့် စမ်းသပ်မှုမှာ HIV မရှိတဲ့ ကျန်းမာသန်စွမ်းသူ အယောက် ၂၀ ကို စမ်းသပ်နေဆဲ ကာကွယ်ဆေး ၂ ကြိမ် သို့မဟုတ် ၃ ကြိမ် ထိုးပေးခဲ့ပါတယ်။
▪️ ထိုအခါမှာ ကိုယ်ခံအားကို သိသိသာသာ မြှင့်တင်ပေးနိုင်ခဲ့တာကို တွေ့ရှိရပါတယ်။
▪️ စထိုးပြီးချင်း သီတင်းပတ်အကြာမှာပဲ ပဋိပစ္စည်းတွေ သိသိသာသာ ထွက်ရှိလာပါတယ်။
▪️ စမ်းသပ်ခံတစ်ဦးမှာ အသက်အန္တရာယ်မရှိတဲ့ ဓာတ်မတည့်ခြင်းတစ်မျိုး ဖြစ်ပေါ်ခဲ့တာကြောင့် စမ်းသပ်မှုရပ်ဆိုင်းခဲ့ပါတယ်။
▪️ ပိုမိုကျယ်ပြန့်ထိရောက်ဖို့အတွက် နောက်ထပ်သုတေသနများ ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။
▪️ ကာကွယ်ဆေး ထိရောက်မှုကနေ ဗိုင်းရပ်စ်မလွတ်မြောက်နိုင်အောင် နေရာအားလုံးကို ထိမှန်အောင်ပြုလုပ်ဖို့ လိုအပ်ကြောင်း သုတေသီတွေက ဆိုပါတယ်။
▪️ ကျယ်ကျယ်ပြန့်ပြန့် ထိရောက်မယ့် ပဋိပစ္စည်းတွေကို ကာကွယ်ဆေးကနေ အလျင်အမြန် ပေးစွမ်းနိုင်ခြင်းက ကြီးမားတဲ့ အောင်မြင်မှုဖြစ်ပြီး အမျိုးမျိုးသော HIV မျိုးဗီဇကွဲတွေကို ချေဖျက်နိုင်မယ့် စွယ်စုံရကာကွယ်ဆေး ရရှိလာရန် မျှော်လင့်လာနိုင်ပါတယ်။
#Source: India Today
Page 174 of 1457