#LocalNews
Published_16 March 2022
မြန်မာအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ အခု မတ်လကုန်မှာ သွားရောက်ခွင့်ရကြတော့မှာပါ။အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အလုပ်သမားတွေကို အမြန်ဆုံး စေလွှတ်နိုင်ဖို့အတွက် ထိုင်းနိုင်ငံဘက်ကိုရောက်သွားတဲ့အခါ ကွာရန်တင်းဝင်ရမယ့် အစီအစဉ်တွေက အစ စီစဉ်ပေးနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 16 March 2022
သီတဂူဆရာတော်ကြီး၏ သက်တော်(၈၅)နှစ်ပြည့် ဝိဇာတမွေးနေ့တွင် ရတနာစေတီဆင်များရှင် ဘုရားကြီးကို ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယ နေ့ မတ်လ ၁၆ ရက်၊ နံနက် ၅ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ ရတနာစေတီဆင်များရှင် ဘုရားကြီးကို ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို အဘိဓဇမဟာရဋ္ဌဂုရု သီတဂူအဓိပတိဆရာတော်ဘုရားကြီးကိုယ်တော်တိုင်ဦးဆောင်၍ စစ်ကိုင်းမြို့ပေါ်မှ သံဃာတော်များနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ သံဃာတော်များ စုပေါင်းကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူဇော်ပွဲအပြီးတွင်ရတနာစေတီဆင်များရှင်ဘုရားကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် ရေစက်ချ အခမ်းအနားကိုလည်း ဒီက နေ့ နံနက်(၈)နာရီအချိန်တွင် ရတနာစေတီဆင်များရှင်ဘုရားကြီး၏ ဓမ္မာရုံပေါ်တွင် ဆက်လက်ကျင်းပခဲ့တယ်လို့ သိရပါတယ်။
"ဆရာတော်၏ ကြီးမားသော မေတ္တာအရိပ်မှာ ၂၂ နှစ်တာ ကာလတိုင်အောင် နေခွင့်ရခဲ့၍ အခွင့်ရေးများစွာ ရရှိခဲ့ပါပြီ။ အလွန့်အလွန် ကျေးဇူးကြီးမားသော ဆရာတော်ကြီးသည် သက်တော် ၈၅ နှစ်ပြည့်ပြီဖြစ်၍ နောက်ထပ် နောက်ထပ် နှစ်များစွာ ခန္ဓာ့ဝန် လောကဝန် သာသနာ့ဝန် တို့ကို စိတ်ရှိတိုင်း ကိုယ်ပါ၍ ချမ်းသာစွာ ဆောင်ရွက်နိုင်ပါစေ။"လို့ ဒေါက်တာ ကောဝိဒသိရီ သီတဂူစတားဆရာတော် က သီတဂူဆရာတော်ကြီး အတွက် မွေးနေ့ ဆုမွန် ကောင်း တောင်းပေးခဲ့သည် ကို ယခုလို ကြည်ညိုဖွယ်ရာ တွေ့ မြင်ရပါတယ်။
အဆိုပါ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ ရတနာစေတီဆင်များရှင်စေတီတော်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်ကို တင်လှူပူဇော်သော မင်္ဂလာအခမ်းအနားကိုလည်း တပေါင်းလဆန်း(၁၃)ရက် နံနက်တွင် သီတဂူဆရာတော်ဘုရားကြီးကိုယ်တိုင်ဦးဆောင်၍ ပြုလုပ်ခဲ့တယ်လို့ လည်း သီတဂူစတားအဖွဲ့ က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဓါတ်ပုံ - သီတဂူစတား။
ymg/kg
#Yangon_Media_Group
#LocalNews
Published - 16 March 2022
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက မြန်မာနိုင်ငံဗုဒ္ဓဘာသာလောကနှင့် သက်ကြီးရွယ်အိုများအား လှူဒါန်းပေးအပ်သော ကပ်ရောဂါကာကွယ်ရေးပစ္စည်းများအား လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို မတ်လ ၁၅ ရက်နေ့က ရန်ကုန်မြို့ ရှိ တရုတ်သံရုံး၌ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
"ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားလာကတည်းက တရုတ်-မြန်မာနှစ်နိုင်ငံက တစ်လှေတည်းစီးတစ်ခရီးတည်းသွားကာ အပြန်အလှန်ထောက်ခံအားပေး၍ ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုဖော်ဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ကပ်ရောဂါတိုက်ဖျက်ရေးလိုအပ်ချက်အရ တရုတ်နိုင်ငံအစိုးရနဲ့ လူနေမှုအဖွဲ့အစည်း နယ်ပယ်အသီးသီးက မြန်မာနိုင်ငံသို့ Vaccine ၊ အောက်ဆီဂျင်စက်နှင့် နှာခေါင်းစည်းအပါအဝင် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများစွာ ထောက်ပံ့ပေးပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံနယ်ပယ်အသီးသီးအတွက် ဂရုပြုမှုနှင့် နွေးထွေးမှုများပေးအပ်ခဲ့ပါတယ်။"လို့ သံအမတ်ကြီး Mr. Chen Hai က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးအ နေနဲ့ ယခုအကြိမ်တွင် မြန်မာ-တရုတ် ဗုဒ္ဓဘာသာကူးလူးဖလှယ်ရေးအသင်းမှတစ်ဆင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံး ဒေသအသီးသီးဘုန်းကြီးကျောင်း၊ ဘိုးဘွားရိပ်သာနှင့် ကိုဗစ်-၁၉ ကုသရေးစင်တာများသို့ ကပ်ရောဂါကာကွယ်ရေးသုံး နှာခေါင်းစည်း အခုရေ ၃၆၀,၀၀၀ အား လှူဒါန်းပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဆက်လက်၍ သံအမတ်ကြီး Mr. Chen Hai က "တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူများသည် အချင်းချင်းရင်းနှီး၍ ဗုဒ္ဓရေစက်ချင်းတူညီကြောင်း၊ မိမိသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ ဥက္ကဋ္ဌဆရာတော်၊ ဗန်းမော်ဆရာတော်ကြီးနှင့် အကြိမ်များစွာတွေ့ဆုံခဲ့ပြီး တရုတ်-မြန်မာ ဗုဒ္ဓဘာသာလောက ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်မှုကို ဆွေးနွေးခဲ့ကြောင်း၊ ဗန်းမော်ဆရာတော်ကြီးက မြန်မာ-တရုတ်ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှုကို အလွန်ချီးကျူးခဲ့ပြီး နှစ်နိုင်ငံ ဗုဒ္ဓဘာသာဝင်များ အတူတကွကြိုးပမ်းမှုဖြင့် ကမ္ဘာကြီးပိုမိုငြိမ်းချမ်း ချစ်ကြည်လာစေမည်ဟု မျှော်လင့်ကြောင်း" ကိုလည်း အဆိုပါ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ထို နောက် ရွှေသံလွင်ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်ဝင်းက "တရုတ်နိုင်ငံကလှူဒါန်းပေးအပ်မှုကိုကျေးဇူးတင်ရှိကြောင်း၊ မြန်မာ-တရုတ် ဗုဒ္ဓဘာသာကူးလူးဖလှယ်ရေးအသင်းတွင် ဗန်းမော်ဆရာတော်ကြီးက နာယကအဖြစ်ထမ်းဆောင်ပြီး တရုတ်နိုင်ငံ၏ယခုအကြိမ်လှူဒါန်းပေးအပ်မှုကို အလွန်တန်ဖိုးထားကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံဗုဒ္ဓဘာသာလောကနှင့် သက်ကြီးရွယ်အိုများအတွက်ဂရုပြုမှုကို အလိုအပ်ဆုံးလူများ၏ လက်ထဲရောက်အောင် ပိုဆောင်ပေးပြီး မြန်မာ-တရုတ်ကူးလူးဖလှယ်မှုကို ဆက်လက်တိုးမြှင့်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း" ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် တာဝန်ရှိသူများ၊ မြန်မာ-တရုတ်ဗုဒ္ဓဘာသာကူးလူးဖလှယ်ရေးအသင်းဥက္ကဋ္ဌ၊ ရွှေသံလွင်ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်ဝင်း နှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး။
ymg/kg
#Yangon_Media_Group
#DailyNews
Published - 16 March 2022
(၁) မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ယခုလကုန်တွင် သွားရောက်နိုင်မည်
(၂) ပန်းဥယျာဉ်လူမှုကူညီရေးအသင်းက ရန်ပုံငွေ အခက်အခဲကြောင့် နယ်လှည့်ဆေးကုသပေးမှု တွေကို ခေတ္တရပ်နား
(၃) နေ့စဉ်မိုးလေဝသ သတင်း
(၄) ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခကြောင့် ထိုင်းနိုင်ငံ၏ခရီးသွားလုပ်ငန်း နစ်နာထိခိုက်မှုများရှိလာ..... အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ။
#Yangon_Media_Group
#LocalNews
Published_16 March 2022
မြန်မာနိုင်ငံတွင် ၂၀၁၇ မှစတင်၍ ဖွင့်လှစ်ထားခဲ့သော Crystal Jade Kitchen Myanmar ၏ဆိုင်ခန်းများအားလုံးကို အပြီးတိုင်ပိတ်သိမ်း၍ Crystal Jade Kitchen Brand အနေဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည် ဖြစ်ကြောင်း အသိပေးထားခြင်း ဖြစ်သည်။
"၆ နှစ်တာခရီးလမ်းတစ်လျှောက်စဉ်ဆက်မပြတ် အားပေးမှုများအတွက် Crystal Jade Kitchen Myanmar မှ အထူးကျေးဇူးတင်ရှိပါတယ်"ဟု ယင်းတို့၏ လူမှုကွန်ရက်တွင် ထုတ်ပြန်ချက်ဖော်ပြထားသည်။
အဆိုပါ ဆိုင်မှ အားပေးသုံးဆောင်ခဲ့ကြရသော အစားအသောက်များကို အမြဲ အမှတ်ရနေမည့် အကြောင်းများကိုလည်း စားသုံးသူများက ယင်းတို့ ၏ ထုတ်ပြန်မှုအောက်တွင် မှတ်ချက် ပြုထားကြသည်ကို တွေ့ရသည်။
Crystal Jade မြန်မာ၏ ပထမဆုံးဆိုင်ခွဲကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 2 နှင့် Sedona Hotel တွင်ဖွင့်လှစ်ခဲ့ပြီး ယင်းနောက် Junction City နှင့် Union Business Centre တို့တွင် ထပ်မံ၍ ဆိုင်ခွဲများဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ymg/mt
Yangon_Media_Group
#WorldPolitics
Published 16 March 2022
ရုရှားနိုင်ငံက အမေရိကန်မှ အစိုးရအုပ်ချုပ်ရေးထိပ်သီးအရာရှိတွေကို ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ကြောင်း အင်္ဂါနေ့ကကြေညာခဲ့ပါတယ်။ ထိုပုဂ္ဂိုလ်တွေထဲမှာ အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'၊ နိုင်ငံခြားရေးဝန်ကြီး'တိုနီဘလင်ကန်'၊ ကာကွယ်ရေးဝန်ကြီး'လွိက်အော်စတင်'၊ နောက်ထပ်အုပ်ချုပ်ရေးအရာရှိတွေနဲ့ နိုင်ငံရေးပုဂ္ဂိုလ် ၁၀ ဦးတို့ ပါဝင်ကြပါတယ်။
ဒီလိုအရေးယူပိတ်ဆို့ခြင်းများပြုလုပ်ခြင်းဟာ အမေရိကန်ကို တန်ပြန်ဒဏ်ခတ်ပိတ်ဆို့တဲ့သဘောဖြစ်ကြောင်း ရုရှားတို့ကအသိပေးလိုက်ပါတယ်။ ရုရှား-ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး အမေရိကန်နဲ့အနောက်တိုင်းနိုင်ငံများက ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'အပါအဝင် ရုရှားထိပ်သီးခေါင်းဆောင်များကို အမည်ပျက်စာရင်းထည့်သွင်းကာ ဒဏ်ခတ်ပိတ်ဆို့ခဲ့ကြပါတယ်။
ရုရှားတို့ အခုနောက်ဆုံးဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့ ပုဂ္ဂိုလ်စာရင်းကို ခရမ္မလင်နန်းတော်က အင်္ဂါနေ့မှာကြေညာလိုက်ကာ ဒီဒဏ်ခတ်ပိတ်ဆို့ခြင်းဟာ အမေရိကန်လက်ရှိအစိုးရအဖွဲ့ရဲ့ ရုရှားမုန်းတီးရေးလမ်းစဉ်ကို တန်ပြန်အရေးယူလိုက်တဲ့သဘောဖြစ်ကြောင်း ဖော်ပြသွားပါတယ်။
ဒဏ်ခတ်ပိတ်ဆို့ခံလိုက်ရတဲ့ပုဂ္ဂိုလ် ၁၃ ဦးမှာ သမ္မတ'ဘိုင်ဒန်'က ထိပ်ဆုံးကပါဝင်လာပြီး သူ့နောက်မှာတော့ 'ဘလင်ကန်'၊ 'အော်စတင်'၊ စစ်ဦးစီးချုပ်ဥက္ကဌ ဗိုလ်ချုပ်'မာ့ခ်မီလေ'၊ နိုင်ငံတော်လုံခြုံရေးအကြံပေးအရာရှိ'ဂျိတ်ခ်ဆာလီဗန်'၊ စီအိုင်အေညွှန်ကြားရေးမှူး'ဝီလီယံဘန်းစ်'၊ အိမ်ဖြူတော်မီဒီယာရှင်းလင်းပွဲတာဝန်ခံ'ယန်ဆာကီ' တို့ပါဝင်ပါတယ်။
အဲဒီစာရင်းအောက်မှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း'ဟီလာရီကလင်တန်'၊ ယူကရိန်းစွမ်းအင်ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ 'ဘိုင်ဒန်'ရဲ့သားဖြစ်သူ'ဟန်တာ'တို့လည်း ပါဝင်ပါတယ်။
အမည်ပျက်စာရင်းထဲမှာထည့်သွင်းထားတဲ့ပုဂ္ဂိုလ်တွေကို ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဝင်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။ ဒါပေမဲ့လည်း အမေရိကန်အရာရှိပုဂ္ဂိုလ်တွေအနေနဲ့ ရုရှားအကျိုးစီးပွားအတိုင်းဆောင်ရွက်မယ်ဆိုပါက အဆက်အသွယ်ဖြတ်သွားမှာမဟုတ်ဘူးလို့ ဖော်ပြထားပါသေးတယ်။
ဒဏ်ခတ်ပိတ်ဆိုမယ့်စာရင်းထဲကို နောက်ထပ်ပုဂ္ဂိုလ်တွေ ထပ်မံထည့်သွင်းသွားဦးမှာဖြစ်ပြီး ရုရှားမကောင်းကြောင်းထုတ်ဖော်လှုဆော်နေတဲ့ ရုရှားမုန်းတီးရေးသမားတွေ၊ အမေရိကန်ထိပ်သီးအရာရှိတွေ၊ စစ်ရေးအရာရှိတွေ၊ ဥပဒေရေးရာအရာရှိတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ မီဒီယာသတင်းထောက်တွေကို အမည်ပျက်စာရင်းထဲထည့်သွင်းသတ်မှတ်သွားမှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။
အမေရိကန်တို့က အစောပိုင်းတုန်းက ရုရှားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မီဒီယာလုပ်ငန်းရှင်တွေကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ရာ အခုရုရှားတို့အရေးယူပိတ်ဆို့ခြင်းတွေဟာ ကလဲ့စားချေတုန့်ပြန်တဲ့သဘောသက်ရောက်နေပါတယ်။
ယူကရိန်းကို ရုရှားတို့စစ်ရေးကျူးကျော်မှုပြုလုပ်ပြီး ၃ ပတ်နီးပါးကာလအတွင်း ရုရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာဒဏ်ခတ်ပိတ်ဆိုခြင်းအများဆုံးခံနေရတဲ့ နိုင်ငံဖြစ်နေပါပြီ။
အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂတို့ က အရေးယူဒဏ်ခတ်ခြင်းများချမှတ်ခဲ့တဲ့အပြင် နာမည်ကြီးပုဂ္ဂလိကကုမ္ပဏီတွေဖြစ်တဲ့ မက်ဒေါ်နယ်၊ ကိုကာကိုလာ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများဖြစ်တဲ့ ဗီဇာကတ်၊ မာစတာကတ်တို့ ကပါ ရုရှားနိုင်ငံမှာ လုပ်ငန်းဆောင်ရွက်ခြင်း ရပ်ဆိုင်းထားခဲ့ပါတယ်။
Source: RT
#LocalNews
Published_ 16 March 2022
ခြွင်းချက်ပြုဖော်ပြထားသော ကိစ္စရပ်များမှအပ လူ ၄၀၀ ဦးအထိ မတ်လ ၁၆ ရက် နေ့မှစ၍ စုဝေးခွင့်ပြုကြောင်း ကျန်းမာရေးကြီးဌာနက ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဉပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အမိန့်ထုတ်ပြန် လိုက်ကြောင်း ဖော်ပြထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း များနှင့် စပ်လျဉ်း၍ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရန်အတွက် လူ ၅၀ ဦးအစား လူ ၁၀၀ ဦး ထက်ပို၍ စုဝေးခြင်းမပြုရန် ၂၉-၁၀-၂၀၂၁ ရက်စွဲပါအမိန့်အမှတ် ၄၇၉/၂၀၂၁ ဖြင့် လည်းကောင်း၊ ဘာသာရေးဆိုင်ရာအခမ်းအနားများနှင့် သာရေး/နာရေးဆိုင်ရာ ကိစ္စရပ် များအတွက် လူ ၂၀၀ ဦးအထိ စုဝေးခွင့်ပြုကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်စွဲပါ အမိန့်အမှတ် ၅၃၈/၂၀၂၁ ဖြင့် ထုတ်ပြန်ခဲ့ပါတယ်။
ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများအပေါ် သုံးသပ်ချက်များ အရ ကိုဗစ်-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှု နှုန်းတိုမှာ သိသာစွာကျဆင်းလာကြောင်း တွေ့ရှိရသဖြင့် ခြွင်းချက်ပြုဖော်ပြ ထားသော ကိစ္စရပ်များမှအပ လူ ၄၀၀ ဦးအထိ မတ်လ ၁၆ ရက်နေ့မှစ၍ စုဝေးခွင့်ပြုကြောင်း ထုတ်ပြန်လိုက်ပါတယ်။
ကိုဗစ်-19 ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတိုက ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက် ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထား ပါတယ်။
ယနေ့ညထုတ်ပြန်ချက်များအရ ခွဲနမူနာစုစုပေါင်း ၂၃,၅၀၀ ခုအား စစ်ဆေးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၆၈၃ ဦး တွေ့ရှိရပြီး၊ ယနေ့အတွက် ရောဂါ ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂.၉၁ ရာခိုင်နှုန်း ရှိပါတယ်။
#ymg_mnn
Yangon_Media_Group
#WorldHealth
Published - 16 March 2022
ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့နေသည်မှာ အချိန်အတော်ကြာရှိနေပြီဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးအများအပြား ထွက်ပေါ်ထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါပြင်းထန်တဲ့လူနာတွေကိုကုသရာမှာတော့ ရွေးချယ်စရာနည်းလမ်းများများစားစားမရှိပါဘူး။
အိုင်ယာလန်ခွဲစိတ်အထူးကုတော်ဝင်ကောလိပ်နဲ့ ကျန်းမာရေးသိပ္ပံ ဘော်မောင့်ဆေးရုံတို့က လက်တွေ့စမ်းသပ်ချက်ပြုလုပ်ခဲ့ကြရာ ရောဂါပြင်းထန်စွာခံစားနေရတဲ့ကိုဗစ်လူနာတွေကို ထိရောက်စွာကုသပေးနိုင်မယ့်နည်းလမ်း ရှာတွေ့ခဲ့ကြပါတယ်။
ဒီစမ်းသပ်တွေ့ရှိချက်ကို Clinical Advances ဂျာနယ်မှာ ကြာသပတေးနေ့က ဖော်ပြခဲ့ကြပါတယ်။ အသက်ရှူလမ်းကြောင်းထိခိုက်ခြင်းရောဂါလက္ခဏာ(ARDS) ဖြစ်လာနိုင်တဲ့ ကိုဗစ်လူနာတွေမှာ ရောင်ရမ်းခြင်းလျော့ကျစေတဲ့ အယ်လ်ဖာ-၁ အန်တီထရစ်ပ်ဆင်(AAT) ပရိုတိန်းဖြင့် ကုသခြင်းဖြင့် ရရှိလာတဲ့အကျိုးသက်ရောက်မှုတွေကို လေ့လာသုံးသပ်ခဲ့ကြပါတယ်။
ARDS ဆိုတာက အသက်ရှူလမ်းကြောင်းထိခိုက်ပျက်စီးကာ အလွန်ရောင်ရမ်းခြင်းဖြစ်ပေါ်လာတဲ့အခြေအနေဖြစ်ပြီး အသက်အန္တရာယ်ရှိတတ်ပါတယ်။
ARDS လက္ခဏာခံစားနေရတဲ့ ကိုဗစ်လူနာတွေကို လက်ရှိမှာကုသနည်းလမ်းတွေက အနည်းငယ်သာရှိနေပါတယ်။
AAT ပရိုတိန်းဆိုတာကတော့ လူ့ခန္ဓာကိုယ်ထဲရှိ အသည်းအင်္ဂါကထုတ်လွှတ်လိုက်တဲ့ သဘာဝပရိုတိန်းတစ်မျိုးဖြစ်ပြီး သွေးလမ်းကြောင်းထဲရောက်ရှိကာ ဖျားနာရောဂါများဖြစ်ပွားခြင်းကြောင့် အဆုတ်ပျက်စီးမှုတွေကို ကာကွယ်ပေးလေ့ရှိပါတယ်။
ယခုစမ်းသပ်မှုမှာ ကျန်းမာတဲ့သွေးလှူရှင်များရဲ့ သွေးထဲက AAT ပရိုတိန်းတွေကိုထုတ်ယူလိုက်ကာ ARDS လက္ခဏာခံစားနေရတဲ့ ကိုဗစ်လူနာတွေရဲ့သွေးကြောထဲသွင်းပေးပြီး ရောင်ရမ်းခြင်းကိုလျှော့ချပေးပါတယ်။
AAT ပရိုတိန်းနဲ့ကုသလိုက်တဲ့လူတွေဟာ တစ်ပတ်အကြာမှာ ရောင်ရမ်းခြင်းသက်သာသွားတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီကုသနည်းက ဘေးကင်းစိတ်ချရတဲ့အပြင် လူနာတွေရဲ့ကိုယ်ပိုင်ကိုဗစ်ခုခံအားစနစ်ကိုလည်း ထိခိုက်ခြင်းမရှိပါဘူး။
"ကိုဗစ်ရောဂါကူးစက်ပြီး ရောဂါပြင်းထန်စွာဖြစ်ပွားတဲ့သူတွေဟာ ခန္ဓာကိုယ်တလျှောက်ရောင်ရမ်းခြင်းများ ဖြစ်ပေါ်လာတတ်တယ်လို့ သိထားပါတယ်၊ ARDS လက္ခဏာပေါ်ပေါက်လာနိုင်ချေအလွန်များပြီး အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်ပွားနိုင်ပါတယ်" လို့ ပူးတွဲလေ့လာသူ ဒေါက်တာ'အိုလီဗာမက်အယ်ဗေနီ'က ဆိုပါတယ်။
"AAT ပရိုတိန်းက ကိုဗစ်ရောဂါပြင်းထန်ခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ ရောင်ရမ်းခြင်းမျိုးတွေနဲ့ အလားတူရောင်ရမ်းခြင်းအခြေအနေတွေကို ကာကွယ်တဲ့နေရာမှာအသုံးပြုနိုင်ပါတယ်" လို့ ပြောကြားလိုက်ပါတယ်။
Source: The Jerusalem Post
#WorldHealth
Published - 16 March 2022
ကနေဒါနိုင်ငံ ဟာမီလ်တန်ရှိ မက်မာစတာတက္ကသိုလ်မှ ရူပဗေဒပညာရှင်များ၊ ဓာတုဗေဒပညာရှင်များနဲ့ ရောဂါခုခံအားဆိုင်ရာ ပညာရှင်များစုပေါင်းစမ်းသပ်မှုပြုလုပ်ခဲ့ရာ သွေးနီဥများကို ဗိုင်းရပ်စ်အမှုန်နဲ့ပေါင်းစည်းစေခြင်းဖြင့် SARS-CoV-2 ကိုခုခံကာကွယ်နိုင်မယ့် ရောဂါခုခံအားထွက်ရှိစေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဒီနည်းလမ်းအသစ်ကို ပညာရှင်တွေအချင်းချင်းလေ့လာသုံးသပ်ပြီးပြီဖြစ်ပြီး ကာကွယ်ဆေးထိုးနိုင်မယ့်နည်းလမ်းအသစ် ဖြစ်လာနိုင်ပါတယ်။
ကြွက်တွေနဲ့စမ်းသပ်ရာမှာ သွေးနီဥအမြှေးပါးတွေကို SARS-CoV-2 စပိုက်ခ်ပရိုတိန်းထဲမှာထည့်သွင်းကာ ဗိုင်းရပ်စ်လိုအမှုန်လေးတွေဖြစ်ပေါ်လာစေပြီး ကိုယ်ခံအားစနစ်ကိုလှုံ့ဆော်ပေးခြင်းဖြင့် ပဋိပစ္စည်း(antibody)များထွက်ရှိစေပါတယ်။
လက်ရှိအသုံးပြုနေတဲ့ကာကွယ်ဆေးတွေက ရောဂါခုခံအားစနစ်အပြင်းအထန်လှုံ့ဆော်စေပြီး အချိန်ခဏသာတာရှည်ခံကြောင်း မက်မာစတာတက္ကသိုလ် ရူပဗေဒနဲ့နက္ခတ္တဗေဒဌာနမှ ပရော်ဖက်ဆာ'မိုက်ကယ်ရိုင်းစတက်ဒါ'က ဆိုပါတယ်။
စမ်းသပ်ချက်များအရ ဆဲလ်တွေကိုဗိုင်းရပ်စ်ပရိုတိန်းအများအပြားဖြင့် ပေါင်းစပ်လိုက်ပေမယ့် ဘေးထွက်ဆိုးကျိုးအနည်းငယ်သာရှိပြီး အခြားကာကွယ်ဆေးအမျိုးအစားတွေထက် ပိုမိုထိရောက်တာရှည်ခံနိုင်မှာဖြစ်ပါတယ်။
အဆိုပါနည်းလမ်းဟာ မျိုးရိုးဗီဇပစ္စည်းတွေကိုအသုံးပြုခြင်းမရှိဘဲ ခုခံအားထွက်ရှိစေတာဖြစ်ပါတယ်။'ရိုင်းစတက်ဒါ'နဲ့တပည့်တွေဟာ သွေးနီဥတွေကိုပြုပြင်ပြောင်းလဲကာ ကင်ဆာ၊ အယ်လ်ဇိုင်းမားရောဂါတွေလို ရောဂါဆိုးကြီးတွေကိုပစ်မှတ်ထားတဲ့ဆေးတွေ စမ်းသပ်ပြီးနောက် ဒီနည်းလမ်းအတိုင်းစမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်။
"ဒီနည်းလမ်းက ကျွန်တော်တို့ရဲ့သွေးထဲရှိဆဲလ်တွေကို အဆင့်မြှင့်တင်ပေးပါတယ်။ ဒီကာကွယ်ဆေးက ခန္ဓာကိုယ်ထဲရှိ နာနိုရိုဘော့လိုဆဲလ်တွေကိုအသုံးချပြီး ရောဂါပိုးတစ်ခုခုဝင်ရောက်လာတဲ့အခါ တိုက်ခိုက်ပေးကြမှာဖြစ်ပါတယ်" လို့ 'ရိုင်းစတက်ဒါ'က ရှင်းပြသွားပါတယ်။
Source: The Jerusalem Post
#LocalNews
Published -16 Mar 2022
ကလေးအကျဉ်းထောင်တွင် အကျဉ်းသား၊အချုပ်သား ၅၀ ဦးခန့်မှ အကျဉ်းထောင်တာဝန်ခံအရာရှိအပါအဝင် အရာရှိ ၃ ဦးအား ဓားစာခံပြုလုပ်၍ အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်ရန် ကြံစည်ကြိုးစားမှုဖြစ်ပွားခဲ့တယ်လို့ နစကရဲ့ထုတ်ပြန်ချက်အရသိပါတယ်။
ဖြစ်စဉ်မှာ ကလေးအကျဉ်းထောင်၌ မတ်လ၁၅ရက်ယနေ့ညနေပိုင်းတွင် အကျဉ်းထောင်တာဝန်ခံအရာရှိနှင့် ဒုတိယတာဝန်ခံအရာရှိတို့ ၂ ဦး ဦးဆောင်သည့် ဝန်ထမ်းများမှ စည်းကမ်းထိန်းသိမ်းရုံး၌ လုံခြုံရေးကိစ္စရပ်များပြောဆိုနေစဉ် အမှတ်(၅)အိပ်ဆောင်မှ အချုပ်သား ဗန်ဒိန်း (ဘ)ဦးလျန်ပုန် ခေါင်းဆောင်သည့် အင်အား ၅၀ ဦးခန့်မှ အကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူ၊ ဒုတိယတာဝန်ခံအရာရှိ ဦးစီးအရာရှိ ဦးချိုမင်းလတ်နှင့် ဒုကြီးကြပ်ရေးမှူး ဦးရန်ပိုင်မျိုး တို ၃ ဦးအား ဓားစာခံပြုလုပ်၍ အကျဉ်းထောင်အတွင်းမှ ထွက်ပြေး လွတ်မြောက်ရန် ကြံစည်ကြိုးစားမှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
အချုပ်သား ဗန်ဒိန်း(ဘ)ဦးလျန်ပုန် ခေါင်းဆောင်သည့်အဖွဲ့မှ တာဝန်ခံအရာရှိပါ၃ ဦး အား ဓားစာခံအဖြစ်ဖမ်းချုပ်စဉ် တာဝန်ခံအရာရှိမှ ပြန်လည်ခုခံသဖြင့် လွှတ်မြောက်သွားခဲ့ပြီး ဒုတိယ တာဝန်ခံအရာရှိနှင့် ဒုကြီးကြပ်ရေးမှူး ၂ ဦးတိုအား စည်းကမ်းထိန်းသိမ်းရေးရုံးဘေး၌ ချုပ်နှောင်ထားခဲ့ရာ အကျဉ်းထောင်တာဝန်ခံအရာရှိမှ ဗဟိုကင်းပေါ်သို့ ချက်ချင်းတက်ရောက်ပြီး Hand Speaker ဖြင့် ဖမ်းဆီးထားသော အရာရှိ ၂ ဦးအား ပြန်လွှတ်ပေးရန်နှင့် မိမိအိပ်ဆောင်သို့ ပြန်လည်ဝင်ရောက်ရန် အကြိမ်ကြိမ် ပြောကြားခဲ့သော်လည်း လိုက်နာမှုမရှိသဖြင့် ၎င်းတို့ အား ချောက်လှန့် သည့် သဘောအနေဖြင့် MA-11 သေနတ်ဖြင့် ၃ ချက် မိုးပေါ်သို့ ပစ်ခတ်ခဲ့သော်လည်း လိုက်နာခြင်း မရှိသဖြင့် ၎င်းလူအုပ်စုအောက်ပိုင်းသို့ MA-11 သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ အချုပ်သား ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အချုပ်သား ၆ ဦးနှင့် အကျဉ်းသား ၁ ဦး၊ ပေါင်း ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေနတ်ဖြင့်ပစ်ခတ်ချိန်တွင် ဒုတိယတာဝန်ခံအရာရှိနှင့် ဒုကြီးကြပ်ရေးမှူးတို့ မှာ ပြန်လည် လွတ်မြောက်လာကာ အချုပ်သားများမှာ ဆေးရုံဆောင်နှင့် အမှတ်(၅)အိပ်ဆောင်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့ပြီး ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် ထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဓားစာခံအဖြစ်ထိန်းသိမ်းခံရစဉ် ဒုကြီးကြပ်ရေးမှူး၏ ဝဲဘက်လည်ပင်းနှင့် မေးရိုးတို့ ၌ ပြတ်ရှဒဏ်ရာ ၁ ချက်စီ(မစိုးရိမ်ရ)ရရှိသွားသဖြင့် ကလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကုသ ပေးလျက်ရှိပြီး အကျဉ်းထောင်၌ ပုံမှန်လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်ဆောင်ရွက် လျက်ရှိ တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ymg/hm
#Yangon_Media_Group
#local_news
Published_ 16 March 2022
ထန်တလန်မြို့နယ်နှင့် ဖလမ်းမြို့နယ်တို့မှ မြေဧရိယာ နှစ်သောင်းကျော်ကို အမျိုးသားဥယျာဉ်အဖြစ် မတ်လ ၁၀ ရက်မှ စတင်သတ်မှတ်ကြောင်း နစက၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ထားပါတယ်။
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်အတွင်းရှိ မြေဧရိယာ ၁၂၃၄၁ ဒသမ ၈ ဧကကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက် မီအေပီ၊ ရဟူတူ၊ လှိမ်ရောင်းမ် အမျိုးသားဥယျာဉ်အဖြစ်လည်းကောင်း၊ ထန်တလန်မြို့နယ်နှင့် ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်အတွင်းရှိ ဧရိယာ ၉၉၈၄ ဒသမ၂၈ ဧကကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ကာကွယ်ရန်အတွက် ဇိန်မှုတောင်အမျိုးသားဥယျာဉ်အဖြစ်လည်းကောင်း သတ်မှတ် ကြေညာလိုက်တာဖြစ်ပါတယ်။
မီအေပီတောင်သည် ထင်ရှားသော ကျောက်တောင်ကြီးဖြစ်ပြီး ထန်တလန်မြို့မှ ၂၃ မိုင်ခန့်အကွာတွင် တည်ရှိ၍ ထန်တလန်−ဟရီဖီး−ဝေါင်သူး ကားလမ်းဖြင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို ကားလမ်းပေါက်ပြီး ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာ အပန်းဖြေနိုင်သောနေရာဖြစ်ခြင်း၊ သစ်ပင်မျိုးစုံနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝခြင်း၊ ဘူမိရူပသွင်ပြင် ထူးခြားသောဒေသဖြစ်ခြင်းတို့ကြောင့် ကာကွယ် ထိန်းသိမ်းရန်ရည်ရွယ်၍ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဇိန်မှုတောင်ကိုမူ ကွန်သဲချောင်းမကြီးရဲ့ အဓိကရေဝေရေလဲဧရိယာ ဖြစ်ခြင်း၊ သဘာဝတောရိုင်းတိရစ္ဆာန်များနေထိုင်ကျက်စားသည့် ဧရိယာဖြစ်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ တည်ရှိရာဒေသဖြစ်ခြင်း၊ ဘူမိရူပသွင်ပြင်ထူးခြားမှုရှိခြင်း၊ စည်းကမ်းမဲ့တရားမဝင် အမဲလိုက်ခြင်းကို အချိန်မီထိန်းသိမ်း ကာကွယ်ရန်လိုအပ်ခြင်းတိုကြောင့် ကာကွယ် ထိန်းသိမ်းရန်ရည်ရွယ်၍ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ချင်းပြည်နယ်ရဲ့ အမှတ်အသားသင်္ကေတ အထင်ကရပြယုဂ်ဖြစ်သည့် ထင်းရှူး၊ တောင်ဇလပ်ဖြူ၊ တောင်ဇလပ်အနီ၊ သစ်ခွမျိုးများပေါက်ရောက်ခြင်း၊ မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် တောဆိတ်၊ တောင်ဆိတ်၊ ကျားသစ်နှင့် သင်းခွေချပ်စသည့် တောရိုင်း တိရစ္ဆာန်များ ကျက်စားနေထိုင်ခြင်း၊ အောက်ချင်းငှက်တို့ သားပေါက်ရာ ဒေသဖြစ်ခြင်း၊ ထူးခြားသည့် ဘူမိရုပ်သွင်များရှိခြင်းတိုကြောင့် သဘာဝ အခြေခံခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာရရှိနိုင်မည်ဖြစ်သဖြင့် အမျိုးသားဥယျာဉ်များအဖြစ် သတ်မှတ်ကြေညာခြင်းဖြစ်ကြောင်း သိရပါတယ်။
ထိုပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာ အကျယ်အဝန်း ၁၂၃၅၅ ဧကရှိသည့် နယ်မြေကို ခါချဉ်တောင် ကြိုးပြင်ကာကွယ်တောအဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာ ၁၃၈၀၃ ဧကရှိသော နယ်မြေကို ကိုးကွေ့ တောင်ကြိုးပြင်ကာကွယ်တောအဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရွာငံမြိုနယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁၅၀၀၀ ဧကရှိသည့် နယ်မြေကို ဟန်လင်းတောင်ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ကြောင်း လည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။
#ymg_mnn
Yangon_Media_Group.
Page 1545 of 1616