#WorldPolitics
Published- 07 April 2022
ရုရှာတို့က ယူကရိန်းအရပ်သားပြည်သူတွေကိုသတ်ပစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေကြပေမယ့် ဥရောပနိုင်ငံအချို့က စီးပွားရေးအကျိုးကိုသာ ဦးစားပေးငဲ့ကြည့်နေကြတယ်လို့ ယူကရိန်းကဝေဖန်စွပ်စွဲလိုက်ကာ ဒီစစ်ပွဲကြီးအမြန်ဆုံးအဆုံးသတ်ဖို့ ရုရှားကိုစီးပွားရေးအရ ပြင်းထန်ထိရောက်တဲ့ဒဏ်ခတ်ပိတ်ဆို့ မှုများချမှတ်ပေးရန် တိုက်တွန်းလိုက်ပါတယ်။
ကမ္ဘာပေါ်မှ ဒီမိုကရက်တစ်နိုင်ငံတွေအနေနဲ့ ရုရှားလောင်စာဆီကိုငြင်းပယ်ကာ ရုရှားဘဏ်တွေကို နိုင်ငံတကာငွေကြေးစနစ်အသုံးပြုခြင်းကနေ လုံးဝပိတ်ပင်တားဆီးဖို့ သမ္မတ'ဇယ်လန်စကီ'က ကြာသပတေးနေ့က နေ့စဉ်ဗီဒီယိုမှတ်တမ်းရိုက်ကူးရာမှာပြောကြားလိုက်ပါတယ်။
ယူကရိန်းနိုင်ငံဘူချာမြို့ ကလမ်းတွေမှာ အရပ်သားပြည်သူတွေသေဆုံးနေတဲ့ပုံတွေ ထွက်ပေါ်လာတာကြောင့် နိုင်ငံတကာမှရှုတ်ချဝေဖန်မှုတွေမြင့်တက်လာခဲ့ပြီးနောက် ရုရှားတပ်ဖွဲ့တွေက သူတို့ ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကိုဖုံးဖိဖို့ ကြိုးစားလာကြကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
"ရုရှားစစ်တပ်က နည်းဗျူဟာပြောင်းလာကြပြီး လမ်းတွေစခန်းတွေကအလောင်းတွေကို ဖယ်ရှားဖို့ ပြုလုပ်လာကြပါတယ်။ ဒါဟာသက်သေအထောက်အထားကို ဖုံးကွယ်ဖို့ လုပ်နေတာပါပဲ" လို့ 'ဇယ်လန်စကီ'ကဆိုပါတယ်။
ရုရှားဘက်ကတော့ အရပ်သားပြည်သူတွေကိုပစ်မှတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုငြင်းဆန်လိုက်ကာ ဘူခြာမြို့ပေါ်ကအလောင်းပုံတွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုပျက်ပြားအောင်နဲ့ ရုရှားကို နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့ မှုတွေချမှတ်လာနိုင်အောင် အကွက်ဆင်ကြံစည်ထားတာဖြစ်ကြောင်း တုန့်ပြန်လိုက်ပါတယ်။
ဝါရှင်တန်က ဗုဒ္ဓဟူးနေ့မှာနောက်ထပ်ဒဏ်ခတ်ပိတ်ဆို့ မှုများချမှတ်ခဲ့ကြောင်း ကြေညာခဲ့ရာ ရုရှားသမ္မတ'ပူတင်'ရဲ့ သမီးနှစ်ယောက်နဲ့ ရုရှားနိုင်ငံပိုင် Sberbank ဘဏ်တို့ လည်းပါဝင်ခဲ့ပြီး ရုရှားမှာရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်နေတဲ့ အမေရိကန်တွေကိုလည်း ပိတ်ပင်မှုတွေပြုလုပ်ခဲ့ပါတယ်။
အမေရိကန်တိုက G20 စီးပွားရေးဖိုရမ်အဖွဲကနေ ရုရှားကိုထုတ်ပယ်ချင်နေပြီး အင်ဒိုနီးရှားမှာပြုလုပ်မယ့် G20 အစည်းအဝေးပွဲတွေမှာ ရုရှားမှအရာရှိများတက်ရောက်လာပါက သပိတ်မှောက်သွားမှာဖြစ်ပါတယ်။
ဒီစစ်ပွဲကြီးအဆုံးသတ်ဖို့က ရုရှားကိုတကယ်ပြင်းထန်ထိရောက်တဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်း ယူကရိန်းသမ္မတရုံးမှဦးစီးချုပ်'အန်ဒရီယာမက်'က ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ ဖြစ်စေချင်တာက ရုရှားကိုပို့ ဆောင်နေတဲ့ နည်းပညာတွေ၊ ပစ္စည်းကိရိယာတွေ၊ သယံဇာတတွေ၊ ရှားပါးသတ္တုရိုင်းတွေတင်ပို့ နေတာကို ပိတ်ဆို့တားဆီးပြီး ရုရှားမှာလက်နက်ပစ္စည်းတွေ မထုတ်လုပ်နိုင်တော့အောင် ရပ်တန့်ပစ်ဖို့ပါ"
အခုကြုံတွေ့နေရတဲ့ပြဿနာက အချို့ခေါင်းဆောင်တွေက စစ်ရာဇဝတ်မှုတွေနဲ့ စစ်ပွဲဖြစ်ပွားနေမှုထက် စီးပွားရေးဆုံးရှုံးမှာကို ပိုစိုးရိမ်နေကြတယ်လို့ ထင်မြင်ကြောင်း 'ဇယ်လန်စကီ'ကပြောသွားပါတယ်။
ကျောက်မီးသွေးပိတ်ပင်လိုက်ပါက လက်ရှိစာချုပ်ချုပ်ဆိုမှုတွေကို အကျိုးသက်ရောက်နိုင်မလားဆိုတဲ့ကိစ္စအပါအဝင် အချို့ကိစ္စတွေမှာ သေချာလျှောက်တင်ဆွေးနွေးဖို့ လိုအပ်နေသေးတာကြောင့် ဥရောပသမဂ္ဂ(EU)သံတမန်တွေအနေနဲ့ ဗုဒ္ဓဟူးနေ့က ဒဏ်ခတ်ပိတ်ဆို့ မှုအသစ်တွေချမှတ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။
ရုရှားနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့တရုတ်ကတော့ ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံမှဒဏ်ခတ်ပိတ်ဆို့ မှုတွေထပ်မံပြုလုပ်လာတာကြောင့် သတိထားလုပ်ကိုင်ဖို့ မှာကြားထားပြီး တရုတ်နိုင်ငံရှိ ထုတ်လုပ်ရေးစက်ရုံလုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိ ရုရှားနဲ့ချုပ်ဆိုထားတဲ့စာချုပ်တွေကိုလေးစားမှုရှိပေမယ့် နောက်ထပ်စာချုပ်အသစ်တွေကိုတော့ ချုပ်ဆိုသွားမှာမဟုတ်ကြောင်း သတင်းအရင်းအမြစ်အချို့ က ရိုက်တာသတင်းဌာနကို ပြောကြားသွားပါတယ်။
Source: Reuters
#LocalNews
Published_ April 7 2022
မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်း၏ ရန်ကုန်ဘက်ခြမ်းရှိ ချဉ်းကပ်တံတားယက်မကြီးများ တပ်ဆင်ခြင်းလုပ်ငန်းများကို မကြာမီရက်ပိုင်းအတွင်း ဆောင်ရွက်တော့မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ချဉ်းကပ်တံတားယက်မကြီးများ တပ်ဆင်ခြင်းလုပ်ငန်းကို ဧပြီလ ၉ ရက် နံနက် ၄ နာရီမှ ဧပြီ ၁၈ ရက် နံနက် ၄ နာရီထိ ဆောင်ရွက်မည်ဖြစ်သောကြောင့် လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်း (ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား) အပိုင်းကို ယာယီပိတ်ထားမည်ဖြစ်ကြောင်းလည်း သိရသည်။
ယင်းကာလအတွင်း ပြည်လမ်းနှင့် ဘုန်းကြီးလမ်း (အောက်ဘလောက်)မှ လာသည့် မော်တော်ယာဉ်များအနေဖြင့် ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းတို့မှ လမ်းလွှဲမောင်းနှင်ပေးကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ တံတားဦးစီးဌာနစီမံကိန်းစီမံခန့်ခွဲရေးအဖွဲ့က အသိပေးထုတ်ပြန်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။
ကိုရီးယားမြန်မာချစ်ကြည်ရေး ရန်ကုန်-ဒလ သံမဏိကြိုးဆိုင်းတံတားကြီးမှာ တံတားအရှည် ၁,၈၇၂ ဒသမ ၅ မီတာ (၆,၁၄၄ ပေ)၊ ပင်မတံတားအရှည် မီတာ ၅၉၀ (၁,၉၃၆ ပေ) ရှိပြီး အကျယ် ၂၆ ဒသမ ၅ မီတာ (၈၇ ပေ) ရှိ ယာဉ်သွားလမ်း လေးလမ်းပါ တံတားဖြစ်ကြောင်း ၊ တံတား ခံနိုင်ဝန်မှာ ၇၅ တန် ဖြစ်ပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများကို ကိုဗစ်ကာလအတွင်း ရပ်နားထားခဲ့ရာမှ၂၀၂ဝပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် ပြန်လည်စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားကို တောင်ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (EDCF) ချေးငွေ၊ မြန်မာအစိုးရထည့်ဝင်ငွေတို့ဖြင့် တည်ဆောက်ရန် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂ဝ၁၂ ခုနှစ် အောက်တိုဘာလကတည်းက သဘောတူခဲ့ကြောင်း၊ တောင်ကိုရီးယားနိုင်ငံက အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း ချေးပေးကာ မြန်မာအစိုးရဘက်က အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်း စိုက်ထုတ်တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်ထားပြီး၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ပန္နက်ရိုက်အခမ်းအနားပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#WorldHealth
Published - 07 April 2022
အသက်ရှည်ကျန်းမာစွာနေထိုင်ခြင်းက လူ့ဘဝမှာအရေးအကြီးဆုံးအရာဖြစ်ပြီး ကင်ဆာရောဂါမဖြစ်အောင်နေထိုင်ဖို့ ကလည်း အရေးပါတဲ့ကဏ္ဍဖြစ်နေပါတယ်။
ရောဂါဘယတွေတိုက်ထုတ်ပြီး ကင်ဆာကာကွယ်နိုင်တဲ့အဟာရတွေရရှိဖို့ ဘယ်လိုအစားအစာတွေကိုစားသုံးသင့်သလဲ?
ကယ်လီဖိုးနီးယားမှ အဟာရနှင့်ကျန်းမာရေးပညာရှင် ပရော်ဖက်ဆာ'ဆူဆန်စမစ်ဂျုန်းစ်'က ကင်ဆာရောဂါကို ကာကွယ်နိုင်မယ့် အစားအစာတွေအကြောင်း Fox News Digital နဲ့အင်တာဗျူးမှာ ပြောဆိုဆွေးနွေးသွားပါတယ်။
*ပဲပင်ပေါက်
ကျန်းမာရေးအတွက်အသင့်တော်ဆုံးအစားအစာထဲမှာ ပဲပင်ပေါက်လည်းပါဝင်ပါတယ်။
အမျိုးမျိုးသောပဲပင်ပေါက်တွေက အဟာရဓာတ်များစွာပေးစွမ်းနိုင်ပြီး ကင်ဆာကိုကာကွယ်ပေးနိုင်ပါတယ်။ ဘရော့ကိုလီပဲပင်ပေါက်ကို တစ်နေ့တစ်ပန်းကန်ခွဲစားသုံးပေးပါက ကင်ဆာဖြစ်နိုင်ချေကို ၅၀ ရာခိုင်နှုန်းလျှော့ချပေးနိုင်တယ်လို့ 'ဂျုန်းစ်'က ပြောပြပါတယ်။
လတ်ဆတ်တဲ့ပဲပင်ပေါက်တွေကို ဈေးနှုန်းအလွန်သက်သာစွာဖြင့်ရရှိနိုင်ပြီး အချိန်ခဏလေးနဲ့အပင်ပေါက်လာကြပါတယ်။
*အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
ဟင်းနုနွယ်၊ ကိုက်လန်၊ မုန်ညင်းဖြူ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီပင်ပေါက်၊ ကြံမဆိုင်စတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်အားလုံးဟာ ကင်ဆာကိုကာကွယ်နိုင်အောင်ကူညီပေးပါတယ်။
လူသားတွေနဲ့စမ်းသပ်မှုပေါင်း ၂၀၆ မျိုးပြုလုပ်ခဲ့ကြရာ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေက ကင်ဆာကိုကာကွယ်နိုင်သလို နှလုံးကြွက်သားသန်မာစေပြီး အဝလွန်ခြင်းမှလည်းကာကွယ်ပေးနိုင်ကြကြောင်း 'ဂျုန်းစ်'က ပြောပြသွားပါတယ်။
*ခရမ်းချဉ်သီး
ဆီးကျိတ်ကင်ဆာမဖြစ်အောင် ခရမ်းချဉ်သီးကအသင့်တော်ဆုံးပဲဖြစ်ပါတယ်။
ခရမ်းချဉ်သီးရဲ့အဟာရအပြည့်ဝဆုံးအပိုင်းက အနီရောင်ရှိတဲ့အခွံနေရာတွေဖြစ်ပါတယ်။
*လက်ဖက်စိမ်း
မနက်ခင်းမှာ လက်ဖက်စိမ်းရည်သောက်သုံးခြင်းက ကျန်းမာရေးအတွက်ကောင်းကျိုးရရှိလာနိုင်ပါတယ်။ လက်ဖက်စိမ်းဟာ ကင်ဆာကာကွယ်ပေးနိုင်ရုံသာမက ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့အစွမ်းလည်းရှိပြီး ကိုယ်အလေးချိန်လျော့ကျစေပါတယ်။
*အစေ့အဆန်များ
ဗာဒံစေ့မှာ ပရိုတိန်း၊ အမျှင်ဓာတ်နဲ့ ဗိုက်တာမင်-အီးတို့ ကြွယ်ဝစွာပါဝင်ပါတယ်။
ရေစိမ်ထားတဲ့ဗာဒံစေ့တွေကို ကြိတ်စက်ထဲမှာ ရေ ၄ ခွက်နဲ့ထည့်ကြိတ်ပြီး ဗာဒံစေ့နိုဖျော်ရည်အဖြစ်သောက်သုံးနိုင်ပါတယ်။
ကွာစေ့မှာ အိုမီဂါ-၃ ဖက်တီးအက်ဆစ်၊ ဗိုက်တာမင်-အီးတိုပါဝင်ပြီး အသားရည်ဝင်းစေတဲ့အပြင် အစာချေဖျက်ခြင်းနဲ့ ကိုယ်ခံအားမြှင့်တင်ပေးခြင်းတို့ မှာ ကူညီပေးပါတယ်။
Source: New York Post
#WorldHealth
Published - 07 April 2022
အကြိုစမ်းသပ်လေ့လာမှုတွေပြုလုပ်စဉ်က ကိုဗစ်ရောဂါကိုကုသပေးနိုင်မယ်လို့ ယူဆခဲ့ကြတဲ့ remdesivir ဆေးနဲ့ camostat ဆေးတို့ ဟာ လက်တွေ့စမ်းသပ်မှုများပြုလုပ်ရာမှာ ထိရောက်မှုမရှိခဲ့ကြောင်း သုတေသီများကဖော်ပြခဲ့ကြပါတယ်။
၂၀၂၀ မတ်လမှ ၂၀၂၁ ဇန်နဝါရီလအတွင်း အသက်ရှူကိရိယာလိုအပ်ခဲ့တဲ့ ဥရောပ ၅ နိုင်ငံမှ ဆေးရုံတက်လူနာ ၈၄၃ ဦးကို သုတေသီများလေ့လာခဲ့ကြပါတယ်။
ထိုလူနာတွေထဲက လူအချို့ကို Gilead Sciences မှထုတ်တဲ့ remdesivir ဆေးကို ၁၀ ရက်တိုင်သုံးစွဲစေခဲ့ပြီး အချို့လူတွေကိုတော့ ပြုစုစောင့်ရှောက်မှုဖြင့်သာ စမ်းသပ်ခဲ့ကြပါတယ်။
နောက်နှစ်ပတ်အကြာမှာတော့ ထိုအဖွဲ့နှစ်ဖွဲ့ စလုံးမှလူနာတွေမှာ ထူးခြားသက်သာလာတဲ့လက္ခဏာမတွေ့ခဲ့ရကြောင်း ကြာသပတေးနေ့က ဖော်ပြခဲ့ကြပါတယ်။
၂၀၂၀ နိုဝင်ဘာလမှ ၂၀၂၁ မတ်လအတွင်း ဂျပန်နိုင်ငံမှ ကိုဗစ်ရောဂါအပျော့စားခံစားခဲ့ရတဲ့လူနာ ၁၅၅ ဦးကို Ono Pharmaceutical ကုမ္ပဏီမှ ပန်ကရိယဆေး camostat mesylate ဆေးဖြင့် ၁၄ ရက်ကြာဆေးပေးကုသပေးပြီး အချို့လူတွေကိုတော့ အာနိသင်မရှိတဲ့ဆေးဖြင့်စမ်းသပ်ခဲ့ကြပါတယ်။
camostat ဆေးက ကိုရိုနာမျိုးဗီဇကွဲအမျိုးမျိုးကူးစက်စေတဲ့ဆဲလ်တွေကို တားဆီးပေးခဲ့တဲ့ အင်ဇိုင်းမ်တစ်မျိုးဖြစ်ပါတယ်။
ဒါပေမဲ့လက်တွေ့စမ်းသပ်ရာမှာတော့ လူနာတွေရဲ့အသက်ရှူလမ်းကြောင်းမှဗိုင်းရပ်စ်တွေကို လျင်မြန်စွာရှင်းထုတ်ပေးနိုင်ခြင်းမရှိခဲ့ကြောင်း ဂျပန်သုတေသီများက စနေနေ့ကဖော်ပြခဲ့ကြပါတယ်။
ဒီလိုတွေ့ရှိချက်များအရ အကြိုစမ်းသပ်မှုရလာဒ်များက လက်တွေ့သုံးစွဲရာမှာ တကယ်ထိရောက်မှုရှိ/မရှိကို သေချာလေ့လာဆန်းစစ်သွားဖို့ လိုအပ်ကြောင်း သိရှိရပါတယ်။
အဆိုပါတွေ့ရှိချက်နှစ်မျိုးစလုံးကို medRxiv ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
#Yangon_Media_Group
Published 6 April 2022
ရုရှားနှင့်တရုတ်နယ်စပ်ကိုဖြတ်သန်းစီးဆင်းနေတဲ့ ဝူဆူလီမြစ်ရဲ့ ဟူလင်အပိုင်းမှာ မြစ်ရေတွေဟာ ဧပြီ၄ရက်နေ့က စတင်အေးခဲလာနေပါတယ်။
အေးခဲနေသောရေခဲမြစ်ရေဟာ မြစ်အောက်ပိုင်းကို ဖြည်းဖြည်းညင်သာစီးဆင်းနေတာဟာ ရှုမဆုံးတဲ့ မြင်ကွင်းတစ်ခုဖြစ်လာနေပါတယ်။ အချို့ရေခဲတုံးကလေးတွေဟာ မြစ်ကမ်းနဖူးနှင့် ဆောင့်မိသွားတတ်တာလည်း တွေ့ရပါတယ်။
ဒီနှစ်မှာ ဝူဆူလီမြစ်ရေစတင်အေးခဲတာဟာ ခါတိုင်းနှစ်တွေထက် သုံးရက်နေ ခုနှစ်ရက်အထိပိုစောတာကိုတွေ့ရပါတယ်။ အဲဒါကြောင့် ခရီးသွားတွေ အန္တရာယ်ကင်းရှင်းစေရေးအတွက် ဒေသဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေဟာ မြစ်တလျောက်လှည့်လည်ပေးနေကြပါတယ်။
Source CMG
#WorldBusiness
Published 06 April 2022
အီကွေဒေါနိုင်ငံဟာ ကမ္ဘာပေါ်မှာ ငှက်ပျောသီးအများဆုံးတင်ပို့ရာ နိုင်ငံဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published 6 Apr 2022
မြန်မာနိုင်ငံဗဟိုဘဏ်ကထုတ်ပြန်လိုက်သော ငွေကြေးမူဝါဒအပြောင်းအလဲက exporter များအပေါ် များစွာအကျိုးသက်ရောက်မှုရှိနေပြီး၊ ကုန်စည်များ အရောင်းအဝယ်ဖြစ်မှု နှေးကွေးသွားနိုင်သလို မတ်ပဲနှင့် ပဲမျိုးစုံအရောင်းအဝယ်အနေနဲ့လည်း ဈေးချဝယ်ယူမှုတွေရှိလာနိုင်ကာ တောင်သူတွေ အကျိုးအမြတ်နည်းသွားနိုင်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
Published 6 April 2022
တာဝန်ပြီးဆုံးလို့ပြန်လည်ထွက်ခွာမယ့် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Ms. Andrea Marie Faulkner ဟာ ယနေ့ ဧပြီ(၆)ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံးမှာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ထံ လာရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဲသလိုတွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံရေးကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူတို့အကြား ပူးပေါင်းဆောင်ရွက်မှုများကို ကဏ္ဍပေါင်းစုံ၌ ဆက်လက်တိုးမြှင့် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ အကြမ်းဖက်အဖွဲ့မျာနှင့် အကြမ်းဖက်သမားများက နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရားပျက်စီးစေရန် အပြစ်မဲ့ပြည်သူများနှင့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားနိုင်ငံ့ဝန်ထမ်းများ အပေါ် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသည့် အခြေအနေများ၊ အဆိုပါ အကြမ်းဖက် ကိစ္စရပ်များတွင် ပါဝင်ပတ်သက်သူများ၊ အားပေးအားမြှောက်ပြုလုပ်သူများကို ဥပဒေ နှင့်အညီသာ အရေးယူဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
အဲဒီအပြင် မြန်မာနိုင်ငံသို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် လာရောက်ခဲ့မှုကို ဩစတြေးလျနိုင်ငံအနေဖြင့် ဝမ်းမြောက်ကြိုဆိုပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ အပြုသဘောဆောင်သည့်ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်နိုင်မည် ဟု ယုံကြည်သည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဘုံသဘောတူညီ ချက်(၅)ရပ်အပေါ် ဆောင်ရွက်နိုင်သည်မှန်သမျှကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး အကြမ်းဖက်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာစံနှုန်းများအတိုင်းသာ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်နိုင်ရေး အတွက်လည်း ဆောင်ရွက်ပေး၍ရနိုင်သည်မှန်သမျှကို တွေ့ဆုံဆွေးနွေးနိုင်ရေးစီစဉ် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် အာဆီယံအသင်း၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဌာန AHA Centre မှတစ်ဆင့် အကူအညီများပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင်လည်း မြန်မာနိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရသူများနှင့် ပဋိပက္ခကြောင့် ထိခိုက်ခဲ့ရသူ များရှိပြီး အစိုးရကိုကူညီမှုနှင့် ပြည်သူကိုကူညီမှုကို ကွဲပြားစွာ သိမြင်စေလိုသည့် အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ နစက,က သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံရာတွင် နစကဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့တက်ရောက်ကြပြီး ဩစတြေးလျနိုင်ငံသံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံစစ်သံမှူး Colonel Anthony Egan နှင့် သံရုံး ဒုတိယအတွင်းဝန် Mr. Bryan Bong တို့တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။
#LocalNews
Published_6 April 2022
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို အခုနှစ်ကုန်ထိ စောင့်ကြည့်ဖို့လိုတယ်လို့ ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ PPST ရဲ့ အဖွဲ့ဝင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက YMG ကို ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published - 6 April 2022
လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ယနေ့ ဧပြီလ (၆)ရက် ၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နေရာများတွင် ယာယီဓာတ်အားပြတ်တောက်နေပြီး ဓာတ်အားပြန်လည်ပေးနိုင်ရေးအချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ကြေညာထားပါတယ်။
ယခုလို လျှပ်စစ်ဓါတ်အားပြတ်တောက်ရခြင်းဟာ ဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ခြင်း ကြောင့်ဖြစ်တယ်လို့လည်း YESC ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published_6 April 2022
ရုရှားခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံကို စင်းလုံးငှားလေယာဉ်နဲ့ လာလည်နိုင်ဖို့စီစဉ်တာကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းပြီး လုပ်ဆောင်ဖို့ရှိနေပါတယ်။
#Yangon_Media_Group
#LocalNews
Published_6 April 2022
ထိုင်း-မြန်မာ နယ်စပ်အနီးမြို့များတွင် မြန်မာအလုပ်သမားများအား နယ်စပ်ဖြတ်ကျော်လက်မှတ်ဖြင့်ခေါ်ယူ၍ အလုပ်လုပ်ခွင့်ရရှိစေရန် ထိုင်းတပ်မတော်ကော်မရှင် နှင့် ထိုင်းအောက်လွှတ်တော်ကော်မတီ အဖွဲ့တို့ ဧပြီလ ၅ ရက်က မဲ့ဆောက်ဘက်ခြမ်း အမှတ် ၂ ချစ်ကြည်ရေးတံတား အစည်းဝေးခန်းမတွင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
"ပါစ်စပို့စာအုပ်မလိုဘူး၊ချင်းရိုင် မဲ့ဆောက် တတ်ခရိုင် ကန်ကျနဘုရီ ရနောင်းခရိုင်တွေမှာ အရင်ကလုပ်ရတဲ့ နယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့ပဲ သွားရောက်ခွင့်ရပါမယ်။ယင်းအတွက်၊ပြီးတော့ ကိုဗစ်ကြောင့် ပိတ်ထားတဲ့ ထိုင်း မြန်မာနယ်စပ် မဲ့ဆောက်-မြဝတီ အမှတ် ၁ တံတား ပြန်လည်ဖွင့်လှစ်ဖို့၊ စစ်ဘေးရှောင်တွေကို ကူညီဖို့လည်း ပါတယ်"ဟု ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးကပြောသည်။
ကိုဗစ်ကာလနောက်ပိုင်းပိတ်ထားသော မဲ့ဆောက်-မြဝတီ အမှတ် ၁ တံတား ပြန်လည်ဖွင့်လှစ်ရန်၊ထိုင်း မြန်မာ နှစ်နိုင်ငံကြား ခရီးသွားအလည်ပတ် နယ်စပ်ဝင်ထွက်ပေါက်ဂိတ် ပြန်လည် ဖွင့်လှစ်ရန်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းအပြင် သွင်းကုန် ပို့ကုန်လုပ်ငန်းများ မြင့်တင်ရန် အမှတ် ၁ တံတား နှင့် အမှတ်၂ တံတား တို့ကို ဖြတ်သန်းရာတွင် အချိန်ထပ်မံတိုးမြှင့်ဖွင့်လှစ်ပေးရန် ၊တရားမဝင် အလုပ်သမား တင်သွင်းမှုကာကွယ်တားဆီးရန်၊လူကုန်ကူးမှုတိုက်ဖျက်ရန်နှင့် နယ်စပ်တလျှောက် တည်ငြိမ်လုံခြုံမှုရှိစေရန်၊မြန်မာပြည်တွင်း စစ်ရေးပဋိပက္ခကြောင့် ထိုင်းနိုင်ငံနယ်စပ်ဘက်ခြမ်းတွင် ထွက်ပြေးခိုလှုံလာနေသော မြန်မာစစ်ဘေးရှောင်များအတွက် ယာယီတည်းခိုနေထိုင်သောနေရာများရှိ စစ်ဘေးရှောင်များအား ကူညီရန်လည်းပါဝင်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်မှ ၂၀၂၂ ခုနှစ် လက်ရှိကာလထိ ထိုင်းဒေသတွင်း နေရာ ၅ ခုတွင် စစ်ဘေးရှောင် ၁၁,၂၄၂ ဦး ရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1514 of 1617