Published 10 April 2022
ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းဟာ တနင်္ဂနွေနေ့က ပါလီမန်မှာပြုလုပ်တဲ့ အယုံအကြည်မရှိအဆို မဲခွဲရာ မှာ ရှုံးနိမ့်သွားပြီးနောက် ရာထူးမှ ဖြုတ်ချခံလိုက်ရပါတယ်။ သူ့ရဲ့ စီးပွားရေး ပြိုလဲပျက်စီးမှုနှင့် သူ့ရဲ့ မဲဆွယ်ပွဲ ကတိပေးတွေအပေါ် ပျက်ကွက်ခဲ့မှုတွေကြောင့် သူ့ရဲ့မဟာမိတ်တွေက သူ့ကိုစွန့်ခွာခဲ့ပြီးနောက် ယခုလို အယုံအကြည်မရှိမဲခွဲခဲ့တာဖြစ်ပါတယ်။
နှောင့်နှေးမှုတွေခဏခဏဖြစ်ခဲ့ရတဲ့ ၁၃နာရီကြာ ပါလီမန်အစည်းအဝေးအပြီး ဒေသစံတော်ချိန် မနက်(၁)နာရီမတိုင်ခင်မှာ အောက်လွှတ်တော်ဥက္ကဋ္ဌက အာယက်ဆာဒစ်က မဲရလာဒ်ကို ကြေညာခဲ့ပါတယ်။
အမတ်၃၄၂ဦးပါဝင်တဲ့ အောက်လွှတ်တော်မှာ အတိုက်အခံပါတီတွေက မဲ၁၇၄မဲဖြင့် အများစုမဲ ရအောင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆာဒစ်က ပြောပါတယ်။
ဝန်ကြီးချုပ်အသစ်ရွေးချယ်ဖို့ ပါလီမန်ကို တနင်္လာနေ့မှာ ခေါ်ယူထားပါတယ်။
အသက်(၆၉)နှစ်အရွယ် ဝန်ကြီးချုပ် အီမရန်ခန်းဟာ လူဦးရေသန်း၂၂၀ရှိပြီး ၇၅နှစ်ခန့်ကြာသမိုင်းမှာ နှစ်တွေရဲ့တစ်ဝက်ခန့် စစ်တပ်အုပ်ချုပ်ခဲ့တဲ့ နျူကလီးယားလက်နက်ပိုင် ပါကစ္စတန်နိုင်ငံကို ၃နှစ်ခွဲကြာ အုပ်ချုပ်ပြီးနောက် အဖယ်ရှားခံလိုက်ရတာ ဖြစ်ပါတယ်။
တစ်ခါက ခရစ်ကက်ကြယ်ပွင့်ဖြစ်ခဲ့ပြီး နိုင်ငံရေးသမားဘဝ ရောက်လာတဲ့ အီမရန်ခန်က သူ့ကိုဖြုတ်ချဖို့ အမေရိကန်က လျှို့ဝှက်ပူးပေါင်းကြံစည်နေတယ်လို့ ပြောခဲ့ပါတယ်။
ပါကစ္စတန်ရဲ့ ဩဇာအာဏာကြီးမားလှတဲ့ စစ်တပ်ဦးစီးချုပ် ကာမာဂျာဗက် ဘဂျာဝါနှင့် ဝန်ကြီးချုပ်ခန်တို့တွေ့ဆုံအပြီးမှာ မဲခွဲဖို့ဖြစ်လာတာလို့ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်နှစ်ခုက ရိုက်တာသတင်းဌာနကိုပြောပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ်အသစ်ဖြစ်လာနိုင်တဲ့ ခန်းကိုဖြုတ်ချခဲ့သူ ရှီဘက်ဇ်ရှာရစ်ဟာ အသစ်စဖို့ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။
“ အာရုံသစ်ဟာ စတင်ခဲ့ပြီ။ မဟာမိတ်တွေက ပါကစ္စတန်ကို ပြန်လည်တည်ဆောက်မယ်” လို့ အသက်၇၀ အရွယ် ရှာရစ်က ပါလီမန်မှာပြောပါတယ်။
ရှာရစ်ဟာ ပါကစ္စတန်ဝန်ကြီးချုပ် သုံးကြိမ်ဖြစ်ခဲ့တဲ့ နာဝတ်ဇ်ရှာရစ်ရဲ့ ညီအငယ်ဆုံးဖြစ်ပြီး အုပ်ချုပ်ရေးတော်တယ်လို့ အမည်ကောင်းရှိပါတယ်။
ခန်းကိုဖြုတ်ချခဲ့တာဟာ ပါကစ္စတန်ရဲ့ နိုင်ငံရေးမတည်ငြိမ်မှုအတွက် အားကျစရာမဟုတ်တဲ့ မှတ်တမ်းအသစ်တစ်ခု ဖြစ်ပါတယ်။ ဗြိတိသျှတို့ထံမှ ၁၉၄၇ခုနှစ်မှာ လွတ်လပ်ရေးရပြီးကတည်းက ပါကစ္စတန်မှာ ဘယ်ဝန်ကြီးချုပ်မှ သက်တမ်းပြည့်တဲ့ အထိ တာဝန်ထမ်းဆောင်ခြင်း မပြုနိုင်ခဲ့ပါဘူး။
ပါလီမန်ဟာ ၂၀၂၃ ဩဂုတ်လတိုင်အောင် သက်တမ်းရှိနပါတယ်။ ဒါပေမယ့် အတိုက်အခံတွေက ရွေးကောက်ပွဲကို ခပ်စောစောပြုလုပ်လိုကြပါတယ်။ ဒါပေမယ့် ခန်းရှုံးနိမ့်ပြီးတဲ့နောက် သူတို့က ရွေးကောက်ပွဲဟာ လွတ်လပ်မျှတဖို့ လိုတယ်လို့ ပြောဆိုလာကြပါတယ်။
Source Reuters
Published 9 April 2022
ဂိုစတိုမဲလ် လေဆိပ်မှာရှိတဲ့ ကြေမွပျက်စီးနေတဲ့ လခြမ်းကွေးသဏ္ဍာန် လေယာဉ်ရပ်နားရုံအောက်က ကမ္ဘာ့အကြီးဆုံး လေယာဉ်ကြီးဟာ ကြေမွ ကျိုးကွဲနေပါတယ်။
အန်တိုနော့ဗ် An-225 အမ်ရီယာ ကုတင်လေယာဉ်ကြီးဟာ လက်ရှိပျံသန်းနေတဲ့ လေယာဉ်တွေထဲမှာ အကြီးဆုံးဖြစ်ပြီး တောင်ပံ တစ်ဖက်နှင့်တစ်ဖက်အကြား ၈၈ မီတာ အကျယ်ရှိပါတယ်။ ရုရှားတို့ တိုက်ခိုက်မှုကြောင့် တစ်စစီကျိုးပဲ့သွားရတာဖြစ်ပါတယ်။
အမ်ရီယာဆိုတာ ယူကရိန်းဘာသာအရ အိပ်မက်လို့ အဓိပ္ပါယ်ရပါတယ်။ လေယာဉ်ဦးပိုင်းမှာ အဲဒီစာကိုပုံနှိပ်ထားခဲ့တာဖြစ်ပေမယ့် အခုတော့ သတ္တူအပိုင်းအစအများအပြားထိမှန်မှုကြောင့် အဲဒီအမည် မရှိတော့ပါဘူး။
တစ်ကြိမ်တစ်ခါက အမျိုးသား ဂုဏ်သိက္ခာတစ်ခုရဲ့ ဇာစ်မြစ်တစ်ခုအဖြစ် အဲဒီလေယာဉ်ဟာရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလေယာဉ်ဟာ ရုရှားတပ်တွေကို မြို့ပြင်ဂိတ်တွေမှာ ဆက်ထိန်းထားဖို့ တိုက်ပွဲဆင်ရာမှာ စတေးလိုက်ရတာဖြစ်ပါတယ်။
Source AFP
#HealthMatter
Published - 9 April 2022
(၁) တောရိုင်းတိရစ္ဆာန်တွေနှင့် လူသားတွေရဲ့ ကူးလူးဆက်ဆံမှုဟာ ပြည်သူ့ကျန်းမာရေးအတွက် ဘယ်လောက် စိုးရိမ်စရာ ကောင်းနေသလဲ??
(၂) မြန်မာနိုင်ငံမှာ တောရိုင်းတိရိစ္ဆာန်တွေကို အွန်လိုင်းကနေ တရားမဝင်ရောင်းဝယ်မှု တဟုန်ထိုးမြင့်တက်လာနေတယ်လို့ WWF က မကြာသေးခင်က အစီရင်ခံစာထုတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ ကိုဗစ်ကပ်ရောဂါဘေးအပေါ် ဘယ်လောက်သက်ရောက်မှုရှိနိုင်သလဲ??
(၃) ကပ်ရောဂါဘေးဆိုးတွေ ထပ်မကြုံရအောင် တိရစ္ဆာန်နှင့် လူသားတို့ရဲ့ ဆက်ဆံရေးကို ဘယ်လိုထိန်းကျောင်းကြရမလဲ??? ဆိုတာတွေကို ဆရာကြီးဒေါက်တာခင်မောင်လွင်က ပြောဆိုဆွေးနွေးထားပါတယ်။
#Yangon_Media_Group
Published 9 April 2022
ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ဂျပန်ရဲ့ တစ်ပတ်ရစ်ကားဟောင်းတင်ပို့တဲ့လုပ်ငန်းကို ထိခိုက်မှုတွေရှိနေပါတယ်။
ဖေဖော်ဝါရီလကုန်ပိုင်းလောက်ကစပြီး ဂျပန်နိုင်ငံ ချီးဘားစီရင်စုမှာ ရုရှားကိုတင်ပို့မယ့် တစ်ပတ်ရစ်ကားပေါင်း ၃၀၀၀ ကျော် စုပုံနေပါတယ်။
ပြီးခဲ့တဲ့လက လုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကျုံ့သွားတယ်လို့ အချို့ ကားရောင်းလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။ ဒီကားဟောင်းတွေနှင့် ဘာဆက်လုပ်ရမယ်မှန်းမသိဘူးလို့ ဆိုပါတယ်။
ယူကရိန်းနှင့် အထူးစစ်ဆင်ရေးစတင်ကတည်းက ရုရှားကို သင်္ဘောတင်ပို့လုပ်ငန်းတွေ ပြတ်တောက်ခဲ့ရပါတယ်။ ရုရှား ဘဏ်တွေကို ပိတ်ဆို့အရေးယူမှုတွေရဲ့ ရူဘဲလ်ငွေတန်ဖိုးကျဆင်းနေမှုတွေက ဂျပန်ရဲ့ တစ်ပတ်ရစ်ကား တင်ပို့မှု စီးပွားဝန်းကျင်ကို ပိုမိုဆိုးရွားနေစေတာဖြစ်ပါတယ်။
Source CMG
#LocalNews
Published - 9 April 2022
အိန္ဒိယ - မြန်မာနယ်စပ်မြို့ဖြစ်သည့် တမူးမြို့တွင် ရပ်/ ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ထပ်မံ၍ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဥ်ဟာ မတ်လ ၈ ရက် နေ့၊ ညပိုင်းအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တမူးမြို့၊ စျေးတန်း(၁၁)ရပ်ကွက်တွင်နေထိုင်သူ ရာအိမ်မှူး ကိုထွန်းထွန်း(ခ)ငထွန်းအား မြို့တွင်းရှိနေအိမ်တွင် မျက်နှာဖုံးစွပ် လူ(၃)ဦးမှ လာရောက်ဖမ်းစီးခေါ်ဆောင်သွားပြီး ဒီကနေ့ မတ်လ ၉ ရက် နေ့တွင် တမူးမြို့တွင်းတစ်နေရာ၌ အလောင်းအား လာရောက်ပစ်ထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
" ဒီလိုဖြစ်စဥ်တွေက တမူးမှာ တော်တော်များနေပြီလေ။ အုပ်ချုပ်မှူးတွေက ပြောရရင် သေမယ့်ရက်ကို ထိုင်စောင့်နေရသလိုဖြစ်နေတယ်။ သူတို့က မြို့ထဲဝင်လာတယ်၊ လာဆွဲတယ် ပြီးရင် အလောင်းပြန်လာထားတယ်၊ အဲ့လိုတွေဖြစ်နေတာပေါ့၊ အခုဆို အုပ်ချုပ်ရေးမှူးတွေ တော်တော်များများ နှုတ်ထွက်စွာတင်ထားကြပြီ" လို့ တမူးမြို့ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။
ပြီးခဲ့သည့် နှစ်မှစ၍ တမူးမြို့ရှိ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများအနေနဲ့ လက်နက်ကိုင်အဖွဲ့များ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး ယနေ့အချိန်အထိ အုပ်ချုပ်ရေးမှူး (၃၀)နီးပါးခန့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
" ပြောရရင် တမူးမြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူးတွေအတွက် လုံခြုံရေးအာမခံချက်က ဘာမှမရှိဘူးလေ။ တမူးမြို့မှာ ဒီလိုဖြစ်စဥ်တွေ အကြိမ်ကြိမ်ဖြစ်နေတယ်။ တစ်စုံတစ်ရာ ဖေါ်ထုတ်အရေးယူတဲ့သတင်းလည်း မကြားရဘူး။ ပြောရရင် အားလုံးက ကြောက်နေကြတာပေါ့။"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
ယင်းဖြစ်စဥ်တွေ ကြောင့် ရပ်/ ကျေး အုပ်ချုပ်ရေးမှူးတွေအ နေနဲ့ နှုတ်ထွက်တာတွေ CDM လုပ် ရှောင်တိမ်းတာတွေလည်း ရှိနေတယ်လို့ တမူးမြို့ဒေသခံတွေက ပြောပါတယ်။
အဆိုပါ လက်နက်ကိုက်အဖွဲ့ဟာ အိန္ဒိယနယ်မြေကို အခြေပြု၍ လှုပ်ရှားနေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်တယ်လို့လည်း သိရပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published_9 April 2022
ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရမည်ဆိုကာ ငွေလိမ်လည်မှု ရခိုင်ပြည်နယ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း ရခိုင်အမျိုးသားကွန်ရက်ရုံး (Arakan National Network) က သိရသည်။
ကျောက်ဖြူ ၊ မင်းပြား၊ ရသေ့တောင်မြို့နယ်များမှ လူ ၁၀ ဦး ထံမှ ရခိုင်ပြည်နယ်မူလနေရပ်ဇာတိ ကျောက်တော်မြို့နယ်၊အပေါက်ဝကျေးရွာအုပ်စု၊ရင်းဒါးကျေးရွာမှ အမျိုးသမီးက အဆောင်အတူနေသူများအား ထိုင်းနိုင်ငံတွင် အလုပ်အကိုင်များရရှိမည်ဟုပြောဆို၍ တစ်ဦးလျှင်(၁၇)သိန်းစီ စုစုပေါင်းသိန်း(၁၇၀)ကို လက်ခံရယူလိမ်လည်ကာ ရှောင်တိမ်းနေခြင်း ဖြစ်ကြောင်း သိရသည်။
"သူက အဆောင်အတူနေတဲ့ ရသေ့တောင်မြို့နယ်၊ကံပြင်ကျေးရွာက မခင်ခင်ဆန်းရဲ့ မှတ်ပုံတင်အမှတ် ၁၁/ရသတ(နိုင်)၀၉၆၇၈၇ ကိုပါယူသွားတယ်။ရှောင်နေသူက မဦးစောနွယ် လို့ ခေါ်ပါတယ်။အခု အလိမ်ခံရသူတွေ ကိုယ်စား ရန်ကုန် လှိုင်သာယာမှာနေတဲ့ ဦးမဲမောင်က ဦးဆောင်ပြီးတော့ ရခိုင်အမျိုးသားကွန်ရက်ရုံးကို တိုင်ထားပါတယ်"ဟု ရခိုင်တိုင်းရင်းသားတစ်ဦးက YMG ကို ပြောသည်။
လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လာရောက်တိုင်တန်းထားသည့်အတွက် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ကာ စုံစမ်းမှု ပြုလုပ်နေကြောင်း ရခိုင်အမျိုးသားကွန်ရက်ရုံး (Arakan National Network) က သိရသည်။
"ပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်ငံအောင် အများပြည်သူအားလပ်ရက်တွေမှာ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေအပါအဝင် တခြားရွှေ့ပြောင်းလုပ်သားတွေကို လုပ်ငန်းခွင်ပြဿနာတွေအပြင် နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်လိုတယ်ဆိုရင် ပြင်ဆင်ထားရမယ့် အချက်အလက်တွေ တရားဝင် MOU နဲ့ သွားရမယ့် လုပ်ငန်း အဆင့်ဆင့်တွေ၊ရပိုင်ခွင့် အပါအဝင် ကိုယ်နဲ့ မကွာ သိမ်းထားရမှာက ဘာတွေ ဆိုတာနဲ့ ပတ်သက်လို့ အသိပညာတွေလည်း အကြိမ်ကြိမ် ပေးနေပါတယ်။
ရခိုင်အမျိုးသားကွန်ရက်က ရခိုင်အမျိုးသားအကျိုးစီးပွားကိုကာကွယ်ဖော်ဆောင်ဖို့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုသာဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာအရှုပ်အရှင်းတွေ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်တွေနဲ့ မိသားစုဆွေမျိုးတွေကြားမှာ အလွန်တရာသိမ်မွေ့တဲ့ပြဿနာတွေကို ဖြေရှင်းဖို့ ဖွဲ့ထားတာမဟုတ်ပါဘူး။ဒါပေမယ့်လည်း အမျိုးသားတရားဝင်ထောက်ခံမှုအရ ယုံကြည်ကိုးစားပြီးတော့ ရောက်လာတဲ့ တိုင်ကြားလာတဲ့ဘယ်လိုပြဿနာမျိုးကိုပဲဖြစ်ဖြစ် တာဝန်မဲ့ပြီးငြင်းပယ်တာမျိုးမလုပ်ဘဲနဲ့ အခုလို ရှုပ်ထွေးနေတဲ့ ကာလတွေမှာ အတတ်နိုင်ဆုံး ဖြေရှင်းပေးသွားမှာပါ"ဟု ရခိုင်အမျိုးသားကွန်ရက်ရုံးက တရားဝင်ပြောကြားထားသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 9 April 2022
နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ဧပြီ ၁၇ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်မှစ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြန်လည်ဖွင့်လှစ်မှာဖြစ်ရာ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI)က ပြည်တွင်း၊ပြည်ပခရီးစဉ်များကို တိုးချဲ့ပြေးဆွဲသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ခရီးစဉ်များအနေဖြင့် မလေးရှား၊ စင်ကာပူနှင့် ဘန်ကောက်ခရီးစဉ်များကို တစ်ရက် တစ်ကြိမ် နေ့စဉ်ပြေးဆွဲသွားမည်ဖြစ်ပြီး ကွမ်ကျိုး(တရုတ်)နှင့် အင်ချွန်း(တောင်ကိုရီးယား) ခရီးစဉ်များကို တစ်ပတ်သုံးကြိမ်၊ အိန္ဒိယ၊ ဒူဘိုင်းနှင့် ဂျပန်နိုင်ငံ ခရီးစဉ်များကို တစ်ပတ်တစ်ကြိမ်၊ ဖူးခက်(ထိုင်း)နှင့် ပီနန်(မလေးရှား) ခရီးစဉ်ကို တစ်ပတ်နှစ်ကြိမ် MAI က ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။
ထို့ပြင် မန္တလေး-ဘန်ကောက် ခရီးစဉ်ကိုလည်းပြေးဆွဲရန် ဆောင်ရွက်လျက်ရှိကာ ဒေလီ(အိန္ဒိယ)၊ ဒူဘိုင်းနှင့် ဂျပန် ခရီးစဉ်များကိုလည်း တစ်ပတ်တစ်ကြိမ် ပြေးဆွဲရာမှ တစ်ပတ်သုံးကြိမ် တိုးမြှင့်ပြေးဆွဲရန် အစီအစဉ်ရှိကြောင်း သိရပါတယ်။
MAI လေကြောင်းအနေနဲ့ နိုင်ငံတော်ရဲ့ သယ်ယူပို့ဆောင်ရေးသတ်မှတ်ချက်နဲ့အညီ ပူးပေါင်းပါဝင် ပံ့ပိုးခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်ကစပြီး ယနေ့အထိ ၂၇ နှစ်တိုင် အောင်မြင်စွာ ဖြတ်သန်းခဲ့တာကြောင့် ရှေ့ဆက်ပြီး နိုင်ငံတော်ကချမှတ်တဲ့သတ်မှတ်ချက်များနဲ့အညီ ကမ္ဘာ့ခရီးသွားလုပ်ငန်း မြန်မာနိုင်ငံမှာ ပြန်လည်အသက်ဝင်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာ တစိုက်မတ်မတ် ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
ပြည်တွင်းလေဆိပ် ၁၈ ခုကို ပြေးဆွဲဖို့ရှိပြီး ကိုဗစ်ရောဂါကို နှစ်နှစ်ကျော်ခံစားခဲ့ရတဲ့အတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းကို ပြန်လည်လုပ်ဆောင်တဲ့အခါမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ သတ်မှတ်စည်းကမ်းနဲ့အညီ ခရီးသွားတွေကို ဝန်ဆောင်မှုပေးသွားမယ်လို့ ဆိုပါတယ်။
မြန်မာနှစ်သစ်ကူးသင်္ကြန်ကာလ၌ MAI လေကြောင်းလိုင်းအနေဖြင့် သံတွဲ၊ စစ်တွေနှင့် ကျောက်ဖြူကို ပြေးဆွဲသွားမည်ဖြစ်ပြီး မန္တလေး၊ မြစ်ကြီးနား၊ ပူတာအို၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြိတ်၊ ကော့သောင်း၊ နေပြည်တော်၊ လားရှိး စသည့် လေဆိပ် ၁၈ ခုကို ပြေးဆွဲသွားမှာဖြစ်ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 9 Apr 2022
ဧပြီလ ၉ ရက်နေ့ ယနေ့ နေ့လည်ပိုင်း ၁ နာရီဝန်းကျင်ခန့်က တွံတေးမြို့၊ တွံတေးတံတားအဆင်းတွင် ယာဉ် ၆ စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
"ကမ်ဘဲ့လမ်းဆုံကတည်းက ကားတွေစပိတ်မိနေတာ နေ့လည် ၁၂ နာရီတည်းက ခုချိန်ထိတံတားပေါ် ကားမရောက်သေးဘူး"လို့ ယာဉ်မောင်းတစ်ဦးကပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် တွံတေးတံတားအနီးဝန်ကျင်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေတယ်လို့သိရပြီး မအူပင်မြို့သို့ သွားရာလမ်းတွင်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိပါတယ်။သင်္ကြန်ရက်ရှည် ရုံးပိတ်ရက်ကြောင့် နေရပ်ပြန်သူတွေ များပြားနေပြီး အဝေးပြေးလမ်းမကြီးတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 9 Apr 2022
ထီးခီး ထားဝယ် မေတ္တာလမ်းပိုင်းပစ်ခတ် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ရေနံဓာတ်ငွေ့ရည်(LPGas)တင်ယာဉ်များ ပြန်လည်ဆွဲယူခဲ့တယ်လို့ သြရကုမ္ပဏီက ထုတ်ပြန်ပါတယ်။
"ကျူးလွန်လိုက်တဲ့သူကတော့ ဘယ်လိုစိတ်နဲ့လုပ်လိုက်တယ်မသိပေမဲ့ တခြားတဘက်မှာတော့ ပစ္စည်းကိရိယာမစုံမလင်နဲ့ လုံခြုံမှုမရှိတဲ့နေရာမှာ မဖြစ်ဖြစ်အောင်ဆယ်ယူရတာ အရမ်းကို ခက်ခဲပင်ပန်းလွန်းလှပါတယ် ထမင်းဟင်းချက်တဲ့ ဂက်စ်သယ်ယူရတဲ့လမ်းကြောင်းလည်း အရမ်းခက်ခဲလာပြီဆိုတာ ပြောပြစရာမလိုတော့ပါဘူး နောက်ဆုံးမှာတော့ ဒုက္ခပေါ်ဒုက္ခဆင့် အခက်အခဲဖြစ်ကြရတာတို့ ပြည်သူတွေပါပဲ တို့အားလုံးရဲ့ အတိတ်က အကုသိုလ်အကျိုးဆက်တွေများ ဖြစ်နေမလား "ဟု သြရကုမ္ပဏီကထုတ်ပြန်ထားပါတယ်။
ထီးခီး မေတ္တာ ထားဝယ်လမ်းကြောင်းက စယ်ဒေါ့်ထူးကုမ္ပဏီမှ တင်သွင်းပြီး တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်များအတွင်း အများပြည်သူအသုံးပြုရန်အတွက် ထမင်းချက်သည့်ဂက်စ်များတင်ဆောင်လာသည့် AwRa ကုမ္ပဏီပိုင် ဂက်စ်သယ်ယာဉ် ၂စီး ထားဝယ်မြို့အနီး ၂၀၂၂ ခုနှစ် ၄ လပိုင်း ၁ ရက်နေ့က အကြမ်းဖက်ဖျက်ဆီးခံခဲ့ရပါတယ်။
LP Gas ရေနံဓာတ်ငွေရည် ယာဉ်နှစ်စီးအား လက်နက်ကိုင်များမှ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ယာဉ်၏ အရှေ့ပိုင်းများမှာ မီးလောင်ကျွမ်းခဲ့သော်လည်း ယာဉ်ပေါ်လိုက်ပါလာသူများမှာတော့ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published_9 April 2022
တစ်လီတာကို ၂,၀၀၀ ကျပ် အောက်ပြန်ကျလာသော ပြည်တွင်းစက်သုံးဆီဈေး သင်္ကြန်ပြီးလျှင်ထပ်တက်လာမည်ကို စိုးရိမ်နေကြကြောင်း စက်သုံးဆီအသုံးပြုသူများက ပြောဆိုနေကြသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တစ်လီတာလျှင် ငွေကျပ် နှစ်ထောင်ကျော်ထိ မြင့်တက်နေသော စက်သုံးဆီဈေးနှုန်းများမှာ လက်ရှိတွင် ၁,၉၀၀ ခန့် ဖြစ်သွားသည့်အတွက် စက်သုံးဆီအသုံးပြုနေသူများက ကြိုဆိုနေကြသော်လည်း သင်္ကြန်အလွန်တွင် ထပ်တက်လာမည်ကို စိုးရိမ်နေကြခြင်းလည်း ဖြစ်သည်။
"အရင်က 92 တစ်လီတာကို ၂,၀၁၅ ကျပ် ထိ ဖြစ်သွားတယ်။အခု ၁,၉၀၀ ဝန်းကျင်ဆိုတော့ တစ်လီတာကို တစ်ရာ တစ်ရာ့ငါးဆယ်ကျော်လောက် ကွာသွားတယ်။ကျွန်တော်တို့ အခုက သင်္ကြန်ကာလကို ရောက်တော့မှဖြစ်လို့ ကားကြီးတွေကလည်း အသုံးပြုတာလျော့ကျလာတာလည်းပါတယ် ၊ ဆီက အရန်ဆီတွေလည်း ရောက်လာတယ်လို့ သတင်းထွက်နေတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဆီဈေးက ကျလာတယ်။ဒါကို ထပ်မတက်ဖို့ လိုတယ်။လက်ရှိ သက်ဆိုင်သူတွေက ဒီဈေးကို ထိန်းချုပ်ထားပြီး အဲဒီထက် ဈေးကျလာအောင် လုပ်ပေးလိုတယ်လို့ မြင်တယ်ဗျာ"ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။
စက်သုံးဆီဈေး မြင့်တက်ခဲ့သောကြောင့် အဝေးပြေးကုန်စည်လုပ်ငန်းတွင် အချို့ယာဉ်များ ရပ်ဆိုင်းခဲ့ရသည့်အခြေအနေများ ရှိခဲ့ကြောင်း၊ယင်းအပြင် မော်တော်ယာဉ်စီးနင်းခများလည်း မြို့တွင်း မြို့ပြင်၊အဝေးပြေးယာဉ်များလည်း ဈေးတက်ခဲ့ကာ အခြေခံစားသောက်ကုန်အပါအဝင် ကုန်ဈေးနှုန်းများဈေးတက်ခဲ့ကြသည်။
ပြည်ပသို့ နိုင်ငံခြားငွေ အသုံးပြုပြီး သွင်းကုန်အတွက်ပေးချေခြင်း၊ ဝန်ဆောင်မှုနှင့် အခြားစရိတ်များအတွက် ပေးချေခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် အမြတ်ဝေစုပေးပို့ခြင်းနှင့် ရင်းနှီးငွေပြန်လည်ပေးပို့ခြင်း၊ ပြည်ပတွင် ရင်းနှီးမြှုပ်နှံမှုအတွက် လွှဲပြောင်းခြင်း၊ ပြည်ပချေးငွေနှင့် အတိုးများ ပြန်လည်ပေးဆပ်ခြင်း၊ အသုံးစရိတ်တွေ လွှဲပို့ခြင်းများအတွက် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ယူရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက AD လိုင်စင်ရ ဘဏ်များအနေဖြင့် တစ်ဒေါ်လာလျှင် ၁,၈၅၀ ကျပ်ဖြင့် ရောင်းချပေးရမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီလ ၃ ရက်တွင် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းတွင် စက်သုံးဆီဈေးများ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ဗဟိုဘဏ်က မူသစ်မူဟောင်းကို ကျွန်တော်တို့ မသိဘူး၊ကျွန်တော်တို့က အခု ဆီဈေးကျတယ်။နောက်ပြန်မတက်ရင်ပြီးရောဗျာ"ဟု အငှားယာဉ်မောင်းတစ်ဦးက YMG ကို ပြောပြခဲ့သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 9 April 2022
ခရီးသွားလာသူတွေများပြားသည့်အတွက် ရန်ကုန်မြို့အထွက်က အမြန်လမ်း (Zero)မိုင်တွင်
ကားများ ပိတ်ဆို့လျက်ရှိတယ်လို့ သိရပါတယ်။
သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ခရီးသွားလာကြသူများနှင့် အလုပ်ရက်ရှည်ပိတ်လို့ မိမိမွေးရပ်ဌာနေသို့ ပြန်ကြသူများဟာ ဒီက နေ့ မတ်လ ၉ ရက်နေ့မှစလို့ ခရီးများစတင်ထွက်ခွာနေကြတာလည်း ဖြစ်ပါတယ်။
"မနက် ၆ နာရီထဲက အခုထိ တိုးဂိတ်မမြင်ရသေးဘူး။ တန်းစီနေရတယ်၊ သွားမှာက တောင်ငူပါ။" လို့ အမြန်လမ်း Zero မိုင်သို့ ရောက်ရှိနေသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ယနေ့ မနက် ၇ နာရီ ကျော်မှ စလို့ ရန်ကုန်အထွက်ဘက်ခြမ်းတွင် (Zero) မိုင်ကိုဖြတ်သန်းဖို့ စောင့်ဆိုင်းနေတဲ့ ရာနဲ့ချီတဲ့ ကားတန်းကိုလည်း ယခုလို မြင်တွေ့ရမှာဖြစ်ပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
#LocalNews
Published -9 Apr 2022
ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ဖော့ကန်ရပ်ကွက်၊YCDC ဂေါက်ကွင်းအတွင်းသို့ ရှော့တိုက်ဒုံးဟူယူဆရသော အရာကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဂေါက်ကွင်းဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ ကသိရပါတယ်။
ရှော့တိုက်ဒုံးဟုယူဆရသောအရာဖြင့် ပစ်ခတ်ခဲ့တာကြောင့် ဂေါက်ကွင်းအတွင်းရှိ ကျင်းအမှတ် (၁၈) နေရာအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဂေါက်ကယ်ရီသမားတစ်ဦး ခါးထိမှန်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ကာ ပေါက်ကွဲသည့်နေရာမှ အလျား (၄)လက်မ၊အချင်း(၅)လက်မရှိ သံပိုက်အပိုင်းအစ (၁)ခု တွေ့ရှိခဲ့တယ်လို့သိရပါတယ်။
"ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဝန်ထမ်းတစ်ဦးထိခိုက်မိပါတယ် လတ်တလောမှာ ဖြစ်စဉ်ကိုစုံစမ်းနေဆဲဖြစ်တာကြောင့် ကျန်တာတွေ ပြောလို့မရသေးပါဘူး"ဟု ရဲအရာရှိတစ်ဦးကပြောပါတယ်။
ဧပြီလ ၉ ရက် နံနက် ၇ နာရီခန့်က အဆိုပါပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အခြားနေရာအချို့တွင်လည်း အလားတူ ပစ်ခတ်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်ကို စိစစ်နေဆဲလို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
Page 1510 of 1617