#HealthScience
Published 13 April 2022
သိပ္ပံပညာရှင်များက ကြွက်တွေရဲ့ sterm cell ပင်မဆဲလ်တွေကနေ သုတ်ပိုးများဖန်တီးနိုင်ခဲ့တာကြောင့် မျိုးမအောင်တဲ့အမျိုးသားတွေအတွက် မျှော်လင့်ချက်ရှိလာပြီဖြစ်ပါတယ်။
စုံတွဲ(၇)တွဲမှာ တစ်တွဲလောက်က သန္ဓေမအောင်တဲ့ပြဿနာရင်ဆိုင်နေရပြီး ဒီပြဿနာတဝက်လောက်က အမျိုးသားတွေနဲ့ သက်ဆိုင်နေပါတယ်။
အခုဆိုရင် သိပ္ပံပညာရှင်တွေက ဓာတ်ခွဲခန်းထုတ်သုတ်ပိုးဆဲလ်တွေကို ကြွက်ထီးတွေထဲသို့ထိုးသွင်းခဲ့ရာ ကြွက်ကလေးတွေမွေးဖွားနိုင်ခဲ့ပါတယ်။
အဆိုပါနည်းလမ်းကို ဗြိတိန်ကျွမ်းကျင်ပညာရှင်များက 'tour de force' လို့ ခေါ်ဝေါ်ခဲ့ပြီး ကြွက်သန္ဓေသားလောင်းကရတဲ့ ပင်မဆဲလ်တွေကနေ စတင်စမ်းသပ်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
တိုကျိုတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက စမ်းသပ်မှုကိုဦးဆောင်ခဲ့ကြကာ ပင်မဆဲလ်တွေကို အော်ဂဲနစ်ဒြပ်ပေါင်းတွေထဲမှာထည့်ပြီး သုတ်ပိုးဆဲလ်တွေဖြစ်လာအောင် ဖန်တီးလိုက်ကြပါတယ်။
ထို့နောက် အဆိုပါဆဲလ်တွေကို ကြွက်ထီးတွေရဲ့ ဝှေးစေ့ထဲသို့ ထိုးသွင်းခဲ့ရာမှာအရွယ်ရောက်လာတဲ့သုတ်ပိုးဖြစ်လာပြီး ဖန်ပြွန်သန္ဓေသားနည်းပညာဖြင့် 'မ'မျိုးဉနဲ့ပေါင်းစပ်စေခဲ့ပါတယ်။
အဲဒီနောက်အောင်မြင်မှုရရှိခဲ့ပြီး ကြွက်ကလေးတွေအများအပြားမွေးဖွားနိုင်ခဲ့ပါတယ်။
လန်ဒန်ဖရန်ဆစ်ခရစ်တက္ကသိုလ်မှ ပရော်ဖက်ဆာ'ရော်ဘင်လိုဗဲလ်ဘက်ဂျ်'က ဒီနည်းပညာနဲ့ လူသားသုတ်ပိုးတွေ ဖန်တီးလာနိုင်လောက်တယ်လို့ Science ဂျာနယ်မှာဖော်ပြခဲ့ပါတယ်။
ဒီနည်းလမ်းသာတကယ်ဖြစ်ပေါ်လာရင် လူသားသုတ်ပိုးဆဲလ်တွေရရှိဖို့ အရင်ဆုံးအရေပြားဆဲလ်တွေကို ပင်မဆဲလ်အဖြစ်ပြောင်းလဲရမှာဖြစ်ပါတယ်။
Source: DailyMail
#Yangon-Media_Group
#Local_News
Published_ 13 April 2022
၂၀၂၂-ခုနှစ် သင်္ကြန်ပွဲတော်ကာလအတွင်း သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ရထားတချို့ ယာယီရပ်နားသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အမြန်ရထားများအနေဖြင့် ဧပြီ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ ရန်ကုန်-မန္တလေး လမ်းပိုင်း၌ အမှတ် (၃ /၄) အဆန်/အစုန် ရထားများ၊ ရန်ကုန်-ပြည်လမ်းပိုင်း၌ အမှတ် (၇၁ /၇၂) အဆန်/အစုန်ရထားများ၊ RBE ရထားခရီးစဉ်များအားလုံး ရပ်နားထားမှာဖြစ်ပါတယ်။
ရန်ကုန်မြို့ပတ် ဆင်ခြေဖုံးလမ်းပိုင်းရထားများ ဧပြီ ၁၂ ရက်မှ ၁၆ ရက်အထိ ခ/၁ မှ ခ/၄ အထိ (၄) စီးနှင့် င/၁ မှ ၁/၆ အထိ (၆) စီး ရပ်နားထားမှာ ဖြစ်ပါတယ်။
အမှတ် ၁ အဆန် / ၂ အစုန် စာပိုရထား သည်သင်္ကြန်ကာလ ရပ်နားခြင်းမရှိဘဲ ပုံမှန်အတိုင်းနေ့စဥ် အစုန် / အဆန် ပြေးဆွဲသွားမှာဖြစ်ပြီး၊ ယာယီရပ်နားထားသော ရထားခရီးစဉ်များ ဧပြီ ၁၇ ရက်တွင် ပြန်လည်ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 13 April 2022
၂၀၂၂ ခုနှစ် နှစ်မှစ၍ ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကြံတန်ချိန် ၁၁၃,၀၀၀ အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်စေရေးအတွက် ဝန်ဆောင်မှုပေးခဲ့ကြောင်း တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဧပြီလ ၁ ရက်မှစတင်ပြီး အရေးပေါ်ဂိတ်ဖြတ်သန်းရေး ကြိုတင်စာရင်းပေးသွင်းကာ စတင်ဆောင်ရွက်ချိန်မှစ၍ ချင်းရွှေဟော်နယ်စပ်ဂိတ်ရှိ တရုတ်-မြန်မာနှစ်နိုင်ငံ ပျမ်းမျှ နေ့စဉ် ကုန်စည်ပို့ဆောင်မှုပမာဏသည် တန်ချိန် ၂၀၀၀ ကျော်ခဲ့ပြီဟု သံရုံးကဆိုပါတယ်။
ချင်းရွှေဟော်နယ်စပ်စစ်ဆေးရေးဂိတ်သည် အရေးပေါ်ဂိတ်ဖြတ်သန်းရေး ကြိုတင် စာရင်းပေးမှုယန္တရားကို စတင်ခဲ့ပြီးနောက် နေ့စဉ်တာဝန်ချိန်အလှည့် ၂ ကြိမ်ဖြင့် ရဲအင်အား ၃၀ ကျော် အသုံးပြု၍ နယ်စပ်ဖြတ်ကျော်ကြံသယ်ယူပို့ဆောင်ရေး အာမခံချက်ရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။
ymg-mnn
#Yangon_Media_Group
#WorldHealth
Published 13 April 2022
ကိုရိုနာဗိုင်းရပ်စ်ရဲ့ ကူးစက်မြန်မျိုးဗီဇကွဲအိုမီခရွန်မှ ထပ်မံခွဲထွက်လာတဲ့ဗိုင်းရပ်စ်မျိုးနွယ်ခွဲအသစ်(၂)ခုကို လေ့လာလျက်ရှိပြီး အဆိုပါဗိုင်းရပ်စ်မျိုးခွဲအသစ်တွေရဲ့ ကူးစက်မှုနှုန်းနဲ့ ရောဂါပြင်းထန်မှုတွေကို သိရှိဖို့အတွက် မျိုးခွဲဗိုင်းရပ်စ်အသစ်ကူးစက်ထားသူအချို့ကို WHO က လိုက်လံစောင့်ကြည့်သုံးသပ်လျက်ရှိပါတယ်။
မူလအိုမီခရွန် BA.1 မှခွဲထွက်လာတဲ့ BA.4 နဲ့ BA.5 တို့ကို စောင့်ကြည့်လေ့လာရမယ့်စာရင်းထဲ ထည့်သွင်းသတ်မှတ်လိုက်ပြီး BA.1 , BA.2 တို့အပြင် BA.1.1 နဲ့ BA.3 တို့ကိုလည်း စောင့်ကြည့်လျက်ရှိပါတယ်။
ရောဂါခုခံအားတွေကို ရှောင်ထွက်သွားနိုင်တဲ့အခြေအနေကိုသိရဖို့ ဗိုင်းရပ်စ်သန္ဓေပြောင်းလဲပုံတွေကို ထပ်မံလေ့လာဖို့လိုအပ်တာကြောင့် အဆိုပါမျိုးနွယ်ခွဲအသစ်တွေကို ခြေရာခံစောင့်ကြည့်နေရတာဖြစ်ကြောင်း WHO က ရှင်းပြပါတယ်။
ဗိုင်းရပ်စ်တွေက အချိန်တိုင်းသန္ဓေပြောင်းလဲနေတာဖြစ်ပေမယ့် သူတိုရဲ့ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်အချို့ကသာ ရောဂါခုခံအားရှောင်ရှားခြင်းဖြစ်စေပြီး ရောဂါပြင်းထန်မှုအခြေအနေပြောင်းလဲစေတာဖြစ်ပါတယ်။
အခုအချိန်ထိ ကူးစက်မှုအားလုံးရဲ့ ၉၄ ရာခိုင်နှုန်းဟာ BA.2 မျိုးနွယ်ခွဲကူးစက်ခြင်းကြောင့်ဖြစ်ပါတယ်။
BA.2 က အခြားအိုမီခရွန်မျိုးနွယ်ခွဲတွေအားလုံးထက် ကူးစက်မြန်တယ်ဆိုပေမယ့် ရောဂါပြင်းထန်နိုင်ချေကတော့ ပိုဆိုးရွားခြင်းမရှိပါဘူး။
ကမ္ဘာတဝန်းမှာ BA.4 နဲ့ BA.5 ကူးစက်မှုတွေဟာ ဒါဇင်အနည်းငယ်သာရှိသေးကြောင်း WHO က ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၁၀ ရက်နေ့မှ မတ်လ ၃၀ ရက်အတွင်း တောင်အာဖရိက၊ ဒိန်းမတ်၊ ဘော့စ်ဝါနာ၊ စကော့တလန်၊ အင်္ဂလန်နိုင်ငံတို့မှာ BA.4 ဗိုင်းရပ်စ်တွေ့ရှိထားကြောင်း ယူကေကျန်းမာရေးအေဂျင်စီက ပြီးခဲ့တဲ့အပတ်ကပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်း BA.5 ကူးစက်မှုအားလုံးကို တောင်အာဖရိကမှာတွေ့ရှိခဲ့ရပြီး ဘော့စ်ဝါနာကျန်းမာရေးဝန်ကြီးဌာနက BA.4 နဲ့ BA.5 ကူးစက်သူ ၄ ဦးတွေ့ရှိခဲ့ကာ အားလုံးကအသက် ၃၀ မှ ၅၀ အတွင်းဖြစ်ပြီး ကာကွယ်ဆေးအပြည့်ထိုးနှံထားသူတွေဖြစ်ကာ ရောဂါလက္ခဏာအနည်းငယ်သာခံစားခဲ့ရကြောင်း အတည်ပြုခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#LocalNews
Published -13 Apr 2022
အမ်းမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ငွေကျပ် ၃၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သန်း ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၅ ရက်နေ့ ညနေ ၆ နာရီအချိန် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်း(ပဲပဒုံ)ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ရန်ကုန်မှ မြောက်ဦး သို့ ဇော်မျိုးသန့်(ခ)ဖိုးထူး မောင်းနှင်ပြီး သိန်းသန်းမြင့်လိုက်ပါလာသော NISSAN DIESEL ၆ ဘီးယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်ရှိ အထည်ထုပ်များအတွင်း ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သန်း သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ ည ၁၁ နာရီခွဲအချိန် သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများ တာဝန်ခံသယ်ဆောင်သူ ကျော်မင်းသိန်း(ခ) သိန်းရွှေ နှင့် ထက်ဝေယံ၊ လှအောင်ဇံ၊ နန်းအောင်လင်း၊ မိုးချေ နှင့် မိုးကျော် တို့အား PROBOX ယာဉ်တစ်စီးနှင့်အတူ မြောက်ဦးမြို့တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ တယ်လို့ သိရပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ ပူးပေါင်းအဖွဲ့သည် ဧပြီလ ၆ ရက်နေ့ နံနက် ၁ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မြတ်လေးပတ်လမ်းရှိ ဂိုဒေါင်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သန်းနှင့် MITSUBISHI CANTER မော်တော်ယာဉ်တစ်စီးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ဒေသကာလတန်ဖိုးငွေကျပ် ၃၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၂၅ သန်း ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။
သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန်တိုင်းဒေသကြီး မှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေး ယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#WorldNews
Published 13 April 2022
အသက် ၈ နှစ်အရွယ်ကလေးတစ်ယောက်ဟာ ညီဖြစ်သူရဲ့မျက်နှာကိုသေနတ်ဖြင့် ပစ်ခတ်မိခဲ့ကာ မတော်တဆသေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဖော်ပြလိုက်ပါတယ်။
ကလေးတွေရဲ့ အဖေဖြစ်သူ အသက် ၂၉ နှစ်အရွယ်'ဒန်တေပက်တာဆန်'ကို သောကြာနေ့ညက ဖမ်းဆီးလိုက်ကာ ကလေးတွေအပေါ် ရက်စက်ကြမ်းကြုတ်မှု၊ ဒုတိယအဆင့်လူသတ်မှုတို့ဖြင့် တရားစွဲဆိုခံထားရပါတယ်။
ဂျော်ဂျီယာ ဒီကပ်လ်ခရိုင်မှာ နေ့လည် ၁ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း WAGA-TV မှာကြေညာခဲ့ပါတယ်။
သူတို့နေထိုင်ရာအိမ်အပေါ်ထပ်အိပ်ခန်းထဲမှာ အသက် ၈ နှစ်ကလေးက ကြမ်းပြင်ပေါ်ကသူ့အဖေသေနတ်ပြောင်းရှည်ကို ကောက်ယူကာ ညီဖြစ်သူ အသက် ၆ နှစ်ကလေးရဲ့မျက်နှာကိုချိန်ပြီး ပစ်ခတ်မိတာဖြစ်ကြောင်း စုံစမ်းရေးမှူးတွေက တင်ပြခဲ့ကြပါတယ်။
အဲဒီအိမ်ထဲမှာ မွေးချင်းမောင်နှမကလေး ၇ ယောက်နဲ့ အရွယ်ရောက်ပြီးသူ ၄ ဦးနေထိုင်ကြပါတယ်။
'ပက်တာဆန်'နဲ့ ဦးလေးဖြစ်သူတို့က အောက်ထပ်မှာတီဗီကြည့်နေစဉ် သေနတ်ပစ်သံကြားလိုက်တာကြောင့် အပေါ်ထပ်ကိုအမြန်ပြေးတက်ပြီး လာရောက်ကြည့်ရှုခဲ့ပါတယ်။
အပစ်ခံရတဲ့ကလေးကို ဆေးရုံကိုခေါ်သွားပေမယ့် ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒီသတင်းကြားလိုက်ရတဲ့ အိမ်နီးနားချင်းတွေက အံ့အားတုန်လှုပ်ခဲ့ရပါတယ်။ ဘေးအိမ်မှာနေတဲ့ 'ဟီရမ်မက်ဒေါ်နယ်လ်'က ဒီကလေးကို သူ့သားအရင်းလို ချစ်ခဲ့ရကြောင်း 11 Alive ကို ပြောကြားခဲ့ပါတယ်။
နောက်ထပ် အိမ်နီးချင်းတစ်ဦးဖြစ်တဲ့ 'ပဲရစ်ရှ်ဟာ့စ်'က သူတို့မောင်နှမတွေနဲ့ အိမ်နီးနားချင်းက ကလေးတွေ အတူတကွဆော့ကစားတတ်ကြပြီး စက်ဘီးစီးလေ့ရှိကြကြောင်း ပြောပြပါတယ်။
"ကလေးဆုံးရှုံးခဲ့ရတဲ့အတွက် သူတို့မိသားစုကို ဂရုဏာသက်မိပါတယ်။ အခုခေတ်မှာကလေးတွေကို သေချာစောင့်ကြည့်နေရပါတယ်။ သူတို့က အသိမြန်အတတ်မြန်ကြတယ်။ ဒါကြောင့် မဆင်မခြင်မလုပ်သင့်ဘူး" လို့ 'ဟာ့စ်'ကဆိုပါတယ်။
အိမ်နီးချင်းနောက်တစ်ယောက်ဖြစ်တဲ့ 'အန်းနက်ဘာဘာ'ကလည်း "အသက် ၆ နှစ်ကလေးလေးက ကျွန်မမြေးလေးနဲ့ ကစားနေကြပါ။ ဒီသတင်းကြားရတာ အင်မတန်ဝမ်းနည်းမိပါတယ်။ ကလေးတစ်ယောက်က သေနတ်ကိုင်ပြီးပစ်လိုက်တယ်ဆိုတော့ ပိုပြီးဝမ်းနည်းမိပါတယ်" လို့ 'ဘာဘာ'ကပြောပြလိုက်ပါတယ်။
Source: The US Sun
#Yangon_Media_Group
Published 12 April 2022
နယူးယောက်မြို့၊ ဘရွတ်ကလင်းက မြေအောက်ဘူတာရုံတစ်ခုမှာ ရုံးတက်ချိန် ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ၁၃ဦး ဒဏ်ရာရရှိခဲ့ပြီး မပေါက်ကွဲသေးတဲ့ ပေါက်ကွဲပစ္စည်းတွေ များစွာတွေ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အရေးပေါ်လူနာတင်ယာဉ်တွေဟာ အခင်းဖြစ်ပွားတဲ့ ၃၆လမ်းဘူတာရုံအပြင်ဘက်လမ်းပေါ်မှာ တန်းစီရပ်နားထားကြပါတယ်။ မနက်၈နာရီ၂၇မိနစ်မှာ အပစ်ခံရသူတစ်ဦးက ၉၁၁ကို ဖုန်းဆက်သွယ်ခေါ်ဆိုခဲ့တာဖြစ်တယ်လို့ နယူးယောက်ရဲဌာနပြောရေးဆိုခွင့်ရအမျိုးသမီးကပြောပါတယ်။
ရထားတွဲတစ်တွဲထဲမှာ စပစ်ခတ်တာကို သူမြင်တယ်လို့ လူတစ်ဦးက ပြောပါတယ်။
ကျူးလွတ်သူဟာ ယခုထက်ထိလွတ်မြောက်နေဆဲဖြစ်ပါတယ်လို့ မန်ဟန်တန်ခရိုင်ဥက္ကဋ္ဌ မာ့ခ်လီဗိုင်း ကပြောပါတယ်။
သမ္မတဂျိုးဘိုင်ဒင်ကို ဖြစ်ပျက်တာတွေတင်ပြထားပြီး သမ္မတဟာ နယူးယောက်အရာရှိတွေနှင့်ဆက်သွယ်ဆောင်ရွက်နေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
Source AFP
Published 12 April 2022
ဧပြီ ၁၂ရက် အင်္ဂါနေ့က အမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့အောက်ရထားဘူတာရုံတစ်ခုမှာ လူတော်တော်များများ သေနတ်ပစ်ခံကြရပြီး အနည်းဆုံး ၁၃ဦးခန့်ဟာ ဒဏ်ရာတွေရရှိသွားပါတယ်။ အဲဒီအပြင် မပေါက်ကွဲသေးတဲ့ ဗုံးတွေကိုလည်း အာဏာပိုင်တွေက ရှာတွေ့ခဲ့ကြပါတယ်။
ဘရွတ်ကလင်းဆန်းဆက်ပတ်ခ် ရပ်ကွက်ရဲ့ ၃၆လမ်း မြေအောက်ဘူတာရုံမှာ အင်္ဂါနေ့မနက်က အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သတင်းမီဒီယာတွေကပြောပါတယ်။ စီအင်န်အင်န်နှင့် အခြားမီဒီယာတွေကတော့ အနည်းဆုံး လူငါးဦးဟာ သေနတ်နှင့်အပစ်ခံရတယ်လို့ နယူးယောက်မီးသတ်ဌာန သတင်းအရင်းအမြစ်ကို ကိုးကားပြီး သတင်းပေးပို့ကြပါတယ်။
ဒီအပစ်ခံရတဲ့သူတွေဟာ ဒဏ်ရာရသူတွေထဲ ပါမပါတော့ မသဲကွဲပါဘူး။
အရာရှိတွေဟာ အခင်းဖြစ်ရာနေရာကို သွားရောက်တုန့်ပြန်ဆောင်ရွက်နေကြပြီး လူဘယ်နှစ်ဦးအပစ်ခံရတယ်ဆိုတဲ့ အသေးစိတ်မသိရသေးဘူးလို့ နယူးယောက်ရဲဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရိုက်တာ သတင်းဌာနကိုပြောပါတယ်။
လူတွေအနေနှင့် အဲဒီနေရာတစ်ဝိုက်မှာ မနေကြဖို့ နယူးယောက်ရဲက သတိပေးထားပါတယ်။
Source Reuters
Published 12 April 2022
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းကို တပ်ဖြန့်မှု ပြီးပြည့်စုံလုနီးပါး ဖြစ်နေပြီလို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့က ပြောပါတယ်။
ရုရှားတပ်တွေဟာ ဒွန်းညက်စ်နှင့် လူဟန့်စ်ဒေသတွေကို တပ်တွေ ပေးပို့တာ ပြီးပြည့်စုံလုဖြစ်နေပြီလို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အိုလက်ဆန်ဒီယာ မိုတူဇိုင်ယာညက်က ပြောပါတယ်။ ယူကရိန်းစစ်တပ်ဟာ ရုရှားတိုက်တွေနှင့် တိုက်ခိုက်ဖို့အတွက် အသင့်ပြင်ဆင်ထားပြီးဖြစ်ပြီး အဲဒါမကြာမီဖြစ်လာလိမ့်မယ်လို့ မျှော်မှန်းထားတယ်လို့ သူကပြောပါတယ်။
တစ်ရက်တည်းမှာပဲ ဒွန်ညက်ဒေသ၊ချာဆစ်ယာမှာရှိတဲ့ ယူကရိန်းစစ်တပ်ရဲ့ ဗဟိုကွပ်ကဲရေးစင်တာကို ရုရှားတပ်ဖွဲ့တွေက ကင်ဇယ်လ်ဟိုက်ပါဆိုးနစ် ဒုံးကျည်တွေနှင့် ဖျက်ဆီးပစ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အီဂေါကိုနက်ရှန်ကော့ဗ်က ပြောပါတယ်။
ရုရှားတပ်တွေဟာ တိုချကာ-ယူ ဒုံးကျည်တွေ တာတိုပစ်စနစ်တစ်ခု၊ ယူကရိန်းစစ်တပ်ရဲ့ မာလ်တီဘာရယ်လ် လောင်ချာစနစ်နှစ်ခု ကိုလည်း ဖျက်ဆီးပစ်ခဲ့ပြီး ဒွန်ညက်ဒေသ၊နီလီဒိုဗိုက ယူကရိန်းမျိုးချစ်၄၀ဦးနီးပါးကိုလည်း သတ်ပစ်နိုင်ခဲ့တယ်လို့ သူကပြောပါတယ်။
Source CMG
#LocalNews
Published - 12 Apr 2022
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) ဥက္ကဌ ဦးရွှေမင်း(ခ)ဆီဖာလာလူးသည် ယနေ့မွန်းလွဲပိုင်းအချိန်တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊နိုင်ငံတကာရေးရာဌာန၊အရှေ့တောင်အာရှရေးရာညွှန်မှူး Mr. Zhao Qiang နှင့် အဖွဲ့အား Online ဖြင့်လက်ခံတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အဆိုပါ ပါတီရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
တွေ့ဆုံဆွေးနွေးရာ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် တရုတ်ကွန်မြူနှစ်ပါတီကြားကောင်းမွန်သည့် ဆက်ဆံရေး၊တရုတ်-မြန်မာအိမ်နီးချင်းကောင်းဆက်ဆံရေးဆိုင်ရာများ၊တရုတ်နိုင်ငံတွင် လူဝင်မှုအက်ဖြင့် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားများအရေး၊ပြည်တွင်းတည်ငြိမ်အေးချမ်းရေးဆိုင်ရာများနှင့် ဒေသတွင်းအခြေအနေများ၊နယ်စပ်ကုန်သွယ်ရေးဆိုင်ရာအခက်အခဲများအရေးနှင့် အထွေထွေကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#Local_News
Published_ 12 April 2022
မြန်မာအလုပ်သမား ၉၁ ဦး တောင်ကိုရီးယားက ထပ်မံခေါ်ယူခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဒီကနေ့ ဧပြီ ၁၂ ရက်တွင် Re-entry လုပ်သား ၁၇ ဦး၊ ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၁၃ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၁၉ ဦး နှင့် စိုက်ပျိုးရေးလုပ်သားသစ် ၄၂ ဦး စုစုပေါင်း ၉၁ ဦးကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ မြန်မာအလုပ်သမားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမား သံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ပါတယ်။
ဧပြီ ၄ ရက်နေ့ကလည်း မြန်မာအလုပ်သမား ၉၈ ဦးကို တောင်ကိုရီးယားက ခေါ်ယူခဲ့ပါသေးတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_12 April 2022
သင်္ကြန်ရုံးပိတ်ရက်ကာလ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များကို ပုံမှန်အတိုင်း နေ့စဉ်ပြေးဆွဲ သွားမှာဖြစ်ကြောင်း သိရပါတယ်။
သင်္ကြန်ရုံးပိတ်ရက်ကာလဖြစ်သော်လည်း အမှတ် (၈၉) အဆန်နှင့် အမှတ် (၉၀) အစုန် ရန်ကုန်-မော်လမြိုင် ရထားကို ရပ်နားသွားမှာမဟုတ်ဘဲ ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အမှတ် (၉၀) အစုန် မော်လမြိုင်-ရန်ကုန် ရထားသည် မော်လမြိုင်ဘူတာမှ နံနက် ၈ နာရီ တွင်စတင်ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို ည ၈ နာရီ ရောက်ရှိကာ နေ့စဉ် ပြေးဆွဲပေးနေပါတယ်။ ထို့ပြင် ရထားလက်မှတ်ခနှုန်းထားတွေလည်း အပြောင်းအလဲမရှိဘူးလို့ ဆိုပါတယ်။
ရန်ကုန်မှ မော်လမြိုင်သို့ သွားလိုသူများအနေဖြင့် အမှတ် (၈၉) အဆန်ရထားသည် ရန်ကုန် ဘူတာကြီးမှ နေ့စဉ် နံ နက် ၆ နာရီခွဲတွင် ရထားစတင်ထွက်ခွာပြီး မော်လမြိုင်သို့ ည ၆ နာရီခွဲခန့်တွင် ရထားဆိုက်ရောက်မှာ ဖြစ်ပါတယ်။
ခရီးသွားများအနေဖြင့် ရထားလက်မှတ်ဝယ်ယူရာတွင် နိုင်ငံသားမှတ်ပုံတင် (မူရင်း) ဖြင့်သာ လက်မှတ်ဝယ်ယူနိုင်မည်ဖြစ်ပြီး ယခင်ကဲ့သို့ ထောက်ခံစာများ/ ဝန်ထမ်းကဒ် များဖြင့် လက်မှတ် ဝယ်ယူရရှိနိုင်မည်မဟုတ်ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1506 of 1617