Published 17 April 2022
ယနေ့ ဧပြီ(၁၇)ရက်မှာ ကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင် တံဆိပ်တွေရရှိသူတွေကို အမိန့်ထုတ်ပြန်ကြေညာခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်အချို့လည်း ရရှိသူတွေ ထဲ ပါဝင်ကြောင်းသိရှိရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်အချို့ကို နစက,က ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခဲ့တာဖြစ်ပါတယ်။အဲဒီ ခေါင်းဆောင်တွေထဲမှာ ကရင်အမျိုးသားအစည်းအရုံးKNU ခေါင်းဆောင်စောမူတူးစေးဖိုး၊RCSS/SSA-S ခေါင်းဆောင် ဦးယွက်ဆစ်၊ပအို့ဝ်အဖွဲ့PNO (ရှမ်းပြည်တောင်ပိုင်း အထူးဒေသ-၆) မှ ဦးအောင်ခမ်းထီ၊ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ခေါင်းဆောင် ဦးခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီဘALP မှ ဦးခိုင်စိုးနိုင်အောင်၊မွန်ပြည်သစ်ပါတီNMSPမှ ဦးနိုင်ရွှေကျင်နှင့် နိုင်ထောမွန်၊ KIO(ခွဲထွက်)မှ ဦးလဆန်အောင်ဝါ၊ KNU တပ်မဟာ(၆)၊တပ်ရင်း(၁၆)ဟောင်သရော အထူးအဖွဲ့ မှ ဦးစောသမူဟဲ၊KNUတပ်မဟာ(၂)သံတောင်အထူးဒေသအဖွဲ့ စောဖယ်ရီမိုး၊KNU ဖဒိုအောင်ဆန်းအဖွဲ့မှ ဖဒိုအောင်ဆန်းနှင့် အခြားခေါင်းဆောင်အချို့နှင့် ငြိမ်းချမ်းရေးအကျိုးဆောင်အချို့ ပါဝင်ကြပါတယ်။
အဲဒီအပြင် ယခင်နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနု၊ လမ်းစဉ်ပါတီခေတ်သမ္မတဟောင်း ဦးစန်းယုနှင့် ယခင် နဝတ ဥက္ကဋ္ဌနှင့်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးစောမောင်တို့ကိုလည်း အဂ္ဂမဟာသီရိသုဓမ္မာဘွဲ့တွေ ပေးအပ်ခဲ့ပါတယ်။ ပါလီမန်ခေတ် ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေကိုတော့ မဟာသရေစည်သူဘွဲ့ပေးအပ်ခဲ့ပါတယ်။
ယခင်တပ်မတော်အစိုးရလက်ထက် ခေါင်းဆောင်ဟောင်း ဗိုလ်ချူပ်မှူးကြီးသန်းရွှေကိုလည်း အဂ္ဂမဟာ သရေစည်သူဘွဲ့ပေးအပ်ခဲ့ကြောင်း အမိန့်ကြေညာစာထဲမှာ ဖော်ပြထားပါတယ်။ ဘွဲ့ထူးဂုဏ်ထူးရရှိသူတွေထဲမှာ ယခင် နဝတနှင့် နအဖလက်ထက်မှာ အဆင့်မြင့်နိုင်ငံရေးတာဝန်တွေယူခဲ့တဲ့ အငြိမ်းစား တပ်မတော်အကြီးတန်းအရာရှိကြီးတွေ အများစု ပါဝင်နေတာတွေ့ရပါတယ်၊
အဲဒီအပြင် ခေတ်အဆက်ဆက်က အနုပညာရှင်အချို့ကိုလည်း ဘွဲ့တံဆိပ်နှင့်ဆုတံဆိပ်များပေးအပ်ထားပါတယ်. အဲဒီအထဲမှာ နန်းတော်ရှေ့ဆရာတင်၊ရွှေတိုင်ညွန့်၊ဦးရွှေနန်းတင်၊ တွံတေးသိန်းတန်၊စန္ဒယားချစ်ဆွေ၊စန္ဒယားလှထွတ်၊ ဦးမြတ်လေး၊သုမောင်နှင့်ဦးစိန်ဗိုလ်တင့်တို့လည်းပါဝင်ကြပါတယ်၊
Published 17 April 2022
နှစ်ဟောင်းတွေက အားနည်းချက်တွေကို ပြုပြင်၊အားသာချက်တွေကို ဆင်ခြင်သုံးသပ်မြှင့်တင်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားတွေအတွက် ပေးဆပ်သယ်ပိုးဆောင်ရွက်သွားမယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ယနေ့ ဧပြီ၁၇ရက်မှာ ကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက် မင်္ဂလာစကား ကို နိုင်ငံပိုင်ရုပ်သံများကတစ်ဆင့် ထုတ်လွှင့်ပြောကြားရာမှာ နစကဥက္ကဋ္ဌက ယခုလိုပြောကြားတာဖြစ်ပါတယ်။
တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲရှိတဲ့အတွက် ပြည်သူလူထုစွမ်းအားနှင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွား မှာဖြစ်ပြီး အောင်မြင်မယ်လို့လည်း အပြည့်အဝယုံကြည်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။
ယခုနှစ်ကို ငြိမ်းချမ်ရေးနှစ်လို့ သတ်မှတ်ပြီး တစ်နိုင်ငံလုံးငြိမ်းချမ်းသာယာမှုရရှိရေး အစွမ်းကုန်ကြိးစားနေတယ်လို့ လည်း နစကဥက္ကဋ္ဌက ပြောပါတယ်။အဲဒီအပြင် နိုင်ငံတော်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးတို့ဟာ သူ့ရဲ့ အမျိုးသားရေးရည်မှန်းချက်ဖြစ်တယ်လို့လည်း နှစ်သစ်စကားထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
နစကဥက္ကဋ္ဌရဲ့ နှုတ်ခွန်းဆက်မင်္ဂလာစကား ရုပ်သံထုတ်လွှင့်အပြီးမှာ နိုင်ငံသား အကျဉ်းသား ၁၅၅၇ဦးနှင့် နိုင်ငံခြားသား ၄၂ ဦးတို့ကို ပြစ်ဒဏ်လျော့ပေါ့ လွတ်ငြိမ်းခွင့်အမိန့်ကိုပါ နိုင်ငံပိုင်ရုပ်သံများက ဆက်လက်ကြေညာခဲ့ပါတယ်။
Published 17 April 2022
မြန်မာနိုင်ငံတစ်လွှားမှာ အကျဉ်းကျခံနေရတဲ့ မြန်မာနိုင်ငံသား အကျဉ်းသား အကျဉ်းသူ ၁၅၇၇ ဦးနှင့်နိုင်ငံခြားသား ၄၂ဦးတို့ကို ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်တွေကို လျော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုတယ်လို့ ယနေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နစကဥက္ကဋ္ဌ လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ပါတယ်။
နိုင်ငံခြားသား ၄၂ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့လည်း အမိန့်မှာ ဖော်ပြထားပါတယ်။
မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ်၊ ဦးတန်ခူးလပြည့်ကျော်(၂)ရက်
ခရစ်နှစ် ၂၀၂၂ခုနှစ်၊ ဧပြီလ(၁၇)ရက်
ယနေ့တွင် ကျရောက်သော
မြန်မာနှစ်ဆန်းတစ်ရက်နေ့
နှစ်သစ်အခါသမယတွင်
မြန်မာပြည်သူပြည်သားအပေါင်း
ဘေးဘယာဝေးကွာ၍
အေးမြငြိမ်းချမ်းကြပါစေဟု
နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါသည်
YMG မိသားစု
Published 16 April 2022
ကမ္ဘာ့အကြီးဆုံးပတ္တမြားအရိုင်းတုံးကြီးတွေထဲမှာ တစ်တုံးကို ပင်လယ်ကွေ့စော်ဘွားနိုင်ငံ ဒူဘိုင်းမှာ လေလံတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။
၈၄၀၀ ကာရက်ရှိတဲ့ ပတ္တမြားကျောက်ရိုင်းတုံးကြီးကို ဘာ့ချ်အယ်ဟာမားလို့ ချစ်စနိုးအမည်ပေးထားပြီး အလေးချိန်အားဖြင့် ခြောက်ပေါင်ကျော်(၂.၈ကီလိုဂရမ်) ရှိပါတယ်။
အဲဒီပတ္တမြားရိုင်းကြီးကို တန်ဇန်းနီးယားကနေ တူးဖော်ခဲ့တာဖြစ်ပြီး SJ Gold and Diamond's Callisto collection အဖြစ် သောကြာနေ့က ဒူဘိုင်းဟိုတယ်တစ်ခုမှာ ပြသထားပါတယ်။
စိမ်းဖန့်ဖန်းနှင့်ခရမ်းရင့်ရောင်သန်းနေတဲ့ အဲဒီပတ္တမြားရိုင်းတုံးဟာ ဒေါ်လာသန်း၁၂၀အထိ ရနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီပတ္တမြားကြီးကို လေလံမပစ်ခင် ဒူဘိုင်းမှာ လာမယ့်ရက်(၃၀)အတွင်း အခြားနေရာတွေမှာလည်း ခင်းကျင်းပြသဦးမှာ ဖြစ်ပါတယ်။
Source: AFP
Published 16 April 2022
ဆော်ဒီရဲ့ အထင်ကရ ရုပ်မြင်သံကြားကွန်ယက်တစ်ခုက ထုတ်လွှင့်တဲ့ sketch ဆိုတဲ့ အစီအစဉ်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို အတုပြုလုပ်ပြီး ပျက်လုံးထုတ်ခဲ့ရာ လူသန်းပေါင်းများစွာကြည့်ရှုခဲ့ကြပါတယ်။ ဒီလို ရှားရှားပါပါး လုပ်ရပ်က ဆော်ဒီအာရေဗျနှင့် အမေရိကန်နိုင်ငံ တို့အကြား တဖြည်းဖြည်းဆိုးရွားလာနေတဲ့ ဆက်ဆံရေးကို ပြသနေတာဖြစ်ပါတယ်။
Sketch အစီအစဉ်ကို အကြီးမားဆုံး ပန်-အာရပ်ဖျော်ဖြေရေး ကွန်ယက်ကြီးက အမ်ဘီစီက ဒီတစ်ပတ်ထဲ ပြသခဲ့တာဖြစ်ပါတယ်။
အဲဒီအစီအစဉ်မှာ လူရွှင်တော် ကာလက်အယ်လ်ဖာရာ့ဂျ်က သမ္မတ ဂျိုးဘိုင်ဒင်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ နောက်သရုပ်ဆောင်တစ်ဦးက စကားအမှားတွေလိုက်ပြင်ပေးတဲ့ ဒုသမ္မတ ကမ်မလာဟာရစ်အဖြစ်သရုပ်ဆောင်ခဲ့ပါတယ်။ သူက ယူကရိန်းစစ်ပွဲနှင့်ပတ်သက်လို့ ရုရှားသမ္မတ ဗလက်ဒီမာပူတင်ကို တင်းမာတဲ့ သတင်းစကား တစ်မိနစ်ခန့်ပြောကြားနေစဉ် အတွင်းမှာပဲ စကားပြောစင်မြင့်မှာ နှစ်ကြိမ်အိပ်ငိုက်သွားတဲ့ ပျက်လုံးကို ထုတ်ခဲ့တာဖြစ်ပါတယ်။
Source MBC/AFP
#Local_News
Published_ 16 April 2022
ယူနက်စကို(မြန်မာ)သည် ဒေသဆိုင်ရာ မိတ်ဖက်များနှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံ၏ ဒေသကြီးလေးခုတွင် ငြိမ်းချမ်းရေး နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သော ပညာရေးဆိုင်ရာသင်တန်းများနှင့် လူငယ်များဦးဆောင်သော ရပ်ရွာစီမံကိန်းများကို ပံ့ပိုးပေးလျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ငြိမ်းချမ်းရေးနှင့် ရေရှည်တည်တံ့ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အသိပညာမြှင့်တင်ရန်နှင့် ဒေသခံရပ်ရွာများတွင် လူငယ်များအား စွမ်းအားမြှင့်တင်ရန် ဒေသဆိုင်ရာမိတ်ဖက်များမှတဆင့် ဒေသတွင်းရှိ ရပ်ရွာအခြေပြုစင်တာများ၊ လူငယ်အဖွဲ့အစည်းများနှင့် လုပ်ဆောင်နေတာဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ပညာရေးနေ့တွင် ယူနက်စကိုမှ ပညာရေးကို လူ့အခွင့်အရေးအဖြစ် အသိအမှတ်ပြုရန်နှင့် မြန်မာနိုင်ငံရှိကလေးများနှင့် လူငယ်များအတွက် သင်ကြားရေးနေရာများ လုံခြုံစေရန် အရေးကြီးကြောင်း ပြောဆိုထားပါတယ်။
ယူနက်စကိုအနေဖြင့် သက်ဆိုင်ရာ အစိုးရများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား ကမ္ဘာတစ်ဝှမ်းရှိ ဆရာဆရာမများရင်ဆိုင်လျက်ရှိသော စိန်ခေါ်မှုများကို အာရုံစိုက် အလေးထားပေးရန် တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံရှိ ကလေးများနှင့် လူငယ်များအားလုံး၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုသည် ဆရာ/ဆရာမများ၏ အရည်အသွေး၊ ဦးဆောင်မှုနှင့် စိတ်အားထက်သန်မှုတို့ပေါ်တွင် မူတည်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရှိ ကလေးများနှင့် လူငယ်များစွမ်းရည်အပြည့်အဝ ရရှိစေရန်အတွက် ဆန်းသစ်သော၊ အားလုံးအကျုံးဝင်ပြီး မျှတသောသင်ကြားနည်းများကို လိုက်လျောညီထွေဖြစ်အောင် ပံ့ပိုးပေးခြင်းနှင့် ဆရာ၊ဆရာမများအား သက်ဆိုင်ရာအရည်အချင်းများရရှိရန် ကူညီပံ့ပိုးပေးနေတယ်လို့ ယူနက်စကို(မြန်မာ)ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
Published 16 April 2022
စင်္ကာပူဘဏ္ဍာရေးဝန်ကြီး လောရင့်ဝေါင်းဟာ စင်္ကာပူဝန်ကြီးချုပ်အဖြစ် နောင်မှာ သူ့အရိုက်အရာကိုဆက်ခံမည့်သူ ဖြစ်တယ်လို့ ဝန်ကြီးချုပ် လီရှန်လွန်းက ဧပြီ ၁၆ ရက် စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
စင်္ကာပူရဲ့ အာဏာရပါတီဖြစ်တဲ့ ပြည်သူ့လှုပ်ရှားမှုပါတီ(ပီအေပီ)ရဲ့ စတုတ္ထမျိုးဆက်သစ်ပါလို့ပြောကြတဲ့အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် ဝေါင်းကို တင်မြှောက်လိုက်ကြောင်း ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။ ဒါဟာ သူ့ကို စင်္ကာပူရဲ့ ဝန်ကြီးချုပ်ဖြစ်လာစေဖို့ လမ်းခင်းပေးလိုက်တာဖြစ်ပါတယ်။
“ လောရင့်ကို ဝန်ကြီးချုပ်အဖြစ် ကျွန်တော့်နေရာဆက်ခံဖို့ အစီအစဉ်က (အကယ်လို့ ပီအေပီနိုင်ခဲ့ရင်) လာမယ့် ရွေးကောက်ပွဲ မတိုင်ခင် ဒါမှမဟုတ်ရွေးကောက်ပွဲအပြီးဖြစ်လိမ့်ယ်။ ၂၀၂၅မှာကျင်းပမယ့် ရွေးကောက်ပွဲဟာ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကြရဖို့ သေချာတယ်” လို့ စနေနေ့(ယနေ့)မှာ လီက ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ခဲ့ပါတယ်။
လီဟာ စင်္ကာပူကျွန်းနိုင်ငံကလေးရဲ့ လွတ်လပ်ရေးခေါင်းဆောင် လီကွမ်ယူရဲ့သားဖြစ်ပြီး ၂၀၀၄ခုနှစ်ကတည်းက စင်္ကာပူ ဝန်ကြီးချုပ်ဖြစ်နေသူပါ။
ချမ်းသာကြွယ်ဝတဲ့ စင်္ကပူမှာ တည်ငြိမ်မှုဟာ နိုင်ငံရဲ့ အဓိက အားသာချက်တွေထဲက တစ်ခုဖြစ်နေပါတယ်။ အဲဒါကြောင့် ဒေသတွင်းက ရင်းနှီးမြှပ်နှံသူတွေနှင့် စီးပွားရေးလုပ်ငန်းတွေအတွက် လောကနိဗ္ဗာန်ဖြစ်နေပါတယ်။ နိုင်ငံရေးကသောင်းကနင်းဖြစ်တယ်ဆိုတာ စင်္ကာပူမှာ မြင်တွေ့နေကြ အရာမဟုတ်ပါဘူး။
အသက် ၄၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝေါင်းဟာ ကိုဗစ်-၁၉ ကပ်ဘေးတစ်လျောက်မှာ မြို့ပြနိုင်ငံကလေးတစ်ခုသာဖြစ်တဲ့ စင်္ကာပူရဲ့စီးပွားရေးကို မောင်းနှင်ပေးနေသူဖြစ်ပါတယ်။သူဟာအစိုးရရဲ့ ကပ်ဘေးလုပ်ငန်းအဖွဲ့မှာ ပူးတွဲဥက္ကဋ္ဌတာဝန်ယူထားပါတယ်။အသက်၇၀ရှိပြီဖြစ်တဲ့ လက်ရှိဝန်ကြီးချုပ်လီကို ဆက်ခံမည့်သူအဖြစ် အဲဒီကတည်းက ထင်ကြေးပေးခံရသူဖြစ်ပါတယ်။
စင်္ကာပူမှာ ခေါင်းဆောင်သစ်ဆက်ခံမှုကို လွတ်လပ်ရေးရပြီးကတည်းက ပီအေပီ ပါတီကပဲ စီမံလာခဲ့တာဖြစ်ပြီး ပုံမှန်အားဖြင့် ဂရုတစ်စိုက်ကို အစီအစဉ်ချလုပ်တဲ့အလုပ်တစ်ခုဖြစ်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က ဒုဝန်ကြီးချုပ် ဟန်ဆွီကီးက ဘေးထွက်နေဖို့ မျှော်လင့်မထားတဲ့ဆုံးဖြတ်ချက်ကြောင့် လီရဲ့ ဆက်ခံသူ အစီအစဉ်ဟာ ပြတ်တောက်သွားခဲ့ရပါတယ်။
“ ကျွန်တော် အသက်(၇၀)ရှိပါပြီ။ သူအဆင်သင့်ဖြစ်တဲ့အခါ လောရင့်ကို ကျွန်တော်တာဝန်လွှဲပေးမယ်လို့ မျှော်လင့်ထားပါတယ်” လို့ လီက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ ပါတီကိုဦးဆောင်ဖို့ သူဖြစ်မလား ဝေါင်းဖြစ်မလားဆိုတာကိုတော့ နောက်ပိုင်းမှာဆုံးဖြတ်မယ်လို့ ဝန်ကြီးချုပ်လီကပြောပါတယ်။
Source: Reuters
Published 16 April 2022
ဧပြီလ(၁၆)ရက် မြန်မာသင်္ကြန်အတက်နေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်တွေကို နစက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တွေဟာ သွားရောက်အားပေးကြပြီး ရေပက်ကစားနေကြသူတွေ၊ဖျော်ဖြေနေကြသူတွေနှင့်အတူ အတာသင်္ကြန်ပွဲကို ဆက်လက်ပြီး ဆင်နွှဲခဲ့ကြတယ်လို့ နစက,က သတင်းထုတ်ပြန်ပါတယ်။
ထိုသို့ဆင်နွှဲရာတွင် မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ အပြန်အလှန်ရေပက်ဖျန်းကြပြီး ဖျော်ဖြေတင်ဆက်သူတွေကိုလည်း ဂုဏ်ပြဆုငွေတွေ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။
Published 16 April 2022
မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံဟာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့် နိုင်မယ့် အခွင့်အလမ်းကောင်းတွေ ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ပညာရှင်တစ်ဦးက ယူရေးရှားရီဗျူး ဂျာနယ်မှာ ဧပြီ ၁၆ရက် ယနေ့မှာ ရေးသားလိုက်ပါတယ်။
ရေးသားသူမှာ ဒါကာတက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး မဟာဘွဲ့ရသူ အလွတ်တန်းစာရေးဆရာ ဂျူဘီဒါ ချောင်ဒရီ Jubeda Chowdhury ဆိုသူပညာရှင်တစ်ဦးဖြစ်ပြီး “ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အလားအလာများ” ဆိုတဲ့ ခေါင်းစဉ်နှင့် သူက သုံးသပ်ချက်ရေးသားခဲ့ခြင်းဖြစ်ပါတယ်။
သူက ကာကွယ်ရေးဒီပလိုမေစီဖြင့် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်နိုင်တယ်လို့ သုံးသပ်လိုက်ပါတယ်။နှစ်နိုင်ငံနှင့် ဒေသဆိုင်ရာ ဆက်ဆံရေးတိုးမြှင့်ရာမှာ စစ်ရေးဒီပလိုမေစီဟာ နိုင်ငံတကာဆက်ဆံရေးရဲ့မရှိမဖြစ် အစိတ်အပိုင်းတွေထဲက တစ်ခုအဖြစ် ကာလရှည်ကြာကတည်းက တည်ရှိခဲ့ပြီး အဲဒါဟာ ထိရောက်တဲ့ နည်းလမ်းစဉ်လည်းဖြစ်တယ်လို့ သူကရေးပါတယ်။
မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့ဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြပြီး နိုင်ငံတကာနယ်နမိတ်၂၇၁ကီလိုမီတာထိစပ်နေကြပါတယ်။ ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးရရှိပြီးနောက် မြန်မာဟာ ၁၉၇၂ခုနှစ် ဇန်နဝါရီ ၁၃ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား အထွေထွေသဘောတူစာချုပ် တစ်ရပ်လက်မှတ်ရေးထိုးကြပြီး ဘင်္ဂလားဒေ့ရှ်ကို အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ ၁၉၈၉ ဇွန်လမှာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာသုံးခုလက်မှတ်ရေးထိုးခဲ့တယ်လို့လည်း ဆောင်းပါးမှာဖော်ပြထားပါတယ်။
မြန်မာနှင့်ဘင်္ဂလားဒေ့ရှင်စစ်တပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နယ်ပယ်ကျယ်ပြန့်လှပြီး စစ်တပ်က နှစ်ရှည်လများ အုပ်စိုးထားတဲ့ မြန်မာနိုင်ငံအတွက် အခြားနိုင်ငံတွေနှင့် စစ်တပ်အချင်းချင်း ဆက်ဆံရေးဟာ အရေးကြီးတယ်လို့ သူက ဆိုပါတယ်။အဲဒါကြောင့် နှစ်နိုင်ငံ စစ်တပ်တွေဟာ ဘုံအကျိုးစီးပွားအပေါ်အခြေခံပြီး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သင့်ကြတယ်လို့ သူက အကြံပြုတိုက်တွန်းထားပါတယ်။
မြန်မာတပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ်တပ်မတော်နှစ်ရပ်အကြားမှာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နယ်ပယ်တွေကိုလည်း ဘင်္ဂလားဒေ့ရှ်ပညာရှင်က ဖော်ထုတ်ထားပါတယ်။ အဲဒါတွေက သောင်းကျန်းသူတိုက်ဖျက်ရေး၊အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ဘင်္ဂလီဘာသာစကားကျွမ်းကျင်မှု၊မြန်မာဘာသာစကားကျွမ်းကျင်မှု၊ ရေတပ်နှင့်လေတပ်ပူးပေါင်းစစ်ရေးလေ့ကျင့်မှုနှင့် ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုများကို တွန်းလှန်ရန် ထောက်လှမ်းရေးသတင်းအချက်အလက်ဖလှယ်ရေးတို့ပဲဖြစ်ပါတယ်။
အဲဒီအပြင် သင်တန်းတွေအပြန်အလှန်စေလွှတ်ရေး၊ ထောက်လှမ်းရေးသတင်းအချက်အလက်ဖလှယ်ခြင်း၊မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျောက် တရားမဝင်လက်နက်ရောင်းဝယ်မှု၊မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်လူကုန်ကူးမှုစတဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို ဟန့်တားကာကွယ်ဖို့ နှစ်နိုင်ငံပူးတွဲ ကင်းလှည့်တာတွေကို တိုးချဲ့လုပ်ဆောင်ဖို့ သူက အကြံပြုထားပါတယ်။
စစ်တပ်ကိုယ်စားလှယ်အဖွဲ့တွေ အပြန်အလှန်စေလွှတ်ခြင်းတွေဟာ နှစ်နိုင်ငံအကြား အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ လမ်းဖွင့်ပေးတာဖြစ်တယ်လို့ သူ့အမြင်ကို ဆောင်းပါးမှာဖော်ပြထားပါတယ်။ သူက နှစ်နိုင်ငံအကြား စစ်တပ်ခေါင်းဆောင်တွေနှင့် အဆင့်မြင့်စစ်တပ်အရာရှိတွေ အပြန်အလှန်လည်ပတ်ခဲ့ကြတာတွေကို ပြန်လည်ရေးသားထားပြီး အဲဒီအလည်အပတ်ခရီးတွေက နှစ်နိုင်ငံဆက်ဆံရေးကို ဘယ်လိုအကျိုးပြုခဲ့တယ်ဆိုတာတွေကိုပါ ထည့်သွင်းသုံးသပ်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ ငြိမ်းချမ်းရေးမြတ်နိုးတဲ့ ခင်မင်ဖွယ်ကောင်းတဲ့ အိမ်နီးချင်းဖြစ်တယ်ဆိုတာ မြန်မာအနေနှင့် နားလည်သင့် တယ်လို့ သူကဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုကိုယုံကြည်တယ်။ အဲဒါကြောင့် ဘင်္ဂလားဒေ့ရှနှင့် ဆက်ဆံတဲ့အတွက် မြန်မာအတွက်လည်း အကျိုးရှိပါတယ်လို့ သူက သုံးသပ်ပြပါတယ်။
“ အိမ်နီးချင်းနှစ်နိုင်ငံအကြား စစ်တပ်ချင်းဆက်ဆံရေးဟာ ငြိမ်းချမ်းခြင်း၊သဟဇာတဖြစ်ခြင်း၊ဒေသတည်ငြိမ်ခြင်းနှင့် ဒေသဆိုင်ရာ အတွက်နှင့် ဒေသကြီးတစ်ခုလုံးအတွက် (တောင်အာရှနှင့် အရှေ့တောင်အာရှ)ပိုမိုကြီးမားသော အကျိုးစီးပွား တို့ကို အသေအချာဖြစ်ထွန်းစေနိုင်ပါတယ်” လို့ သူက အဆုံးသတ်ရေးသားထားပါတယ်။
Source: Eurasia Review: Prospects of Defense Cooperation Between Bangladesh-Myanmar by Jubeda Chowdhury
Published 16 April 2022
အသက်၂၅နှစ်အရွယ်ရှိမြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကို မလေးရှားနိုင်ငံ ကာလန်းပြည်နယ်မှာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေ တဲ့ ဗွီဒီယိုနှင့် ဆက်စပ်ပြီး ရဲကဖမ်းဆီးလိုက်တယ်လို့ စတားသတင်းစာက ရေးသားပါတယ်။ အဲဒီဗွီဒီယိုထဲမှာ အမျိုးသား တစ်ဦးဟာ ယာဉ်ကြောကြားထဲ ရည်ရွယ်ချက်ရှိရှိ ဝင်ပြေးတာကို ရိုက်ကူးထားတာပါ။
သူ့ကို ဂရှာပါဒူရန်တောပန်ဂျန်းလမ်းမှာ သံယဖြစ်သူအဖြစ် ဧပြီ ၁၅ ရက်က ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ မြောက်ပိုင်းကာလန်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
“ နောက်ထပ် စစ်ဆေးစရာတွေဆက်လုပ်ဖို့ သူ့ကိုဆက်ပြီးချုပ်မှာဖြစ်တယ်” လို့ ရဲကဆက်ပြောပါတယ်။
“ အန္တရာယ်ဖြစ်စေတဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၃၃၆နှင့် သူ့ကိုစစ်ဆေးနေပါတယ်” လို့ ရဲကအတည်ပြုပါတယ်။
၄၅စက္ကန့်သာရှိတဲ့ အဲဒီဗွီဒီယိုထဲမှာ လူတစ်ယောက်က ကားတွေရှိရာ ပြေးဝင်သွားတာကို ရိုက်ပြထားပြီး “ ဒီလိုလုပ်နေတဲ့လူကို သတိထားကြဖို့” သတိပေးစာသားရေးသားကာ ဆိုရှယ်မီဒီယာတွေမှာ ဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။
“ ဒီဗွီဒီယိုဟာ ကာလန်းက ဂိုဟောက်ဟွပ်လမ်းပေါ်မှာ ဧပြီ(၇)ရက် မွန်းလွဲ ၁၂နာရီ ၈မိနစ်ကဖြစ်ခဲ့တာကို ပြတာပါ” လို့ ရဲအရာရှိ ဗီဂျာယာရာအိုကပြောပါတယ်။
အမည်မသိအမျိုးသားတစ်ဦးဟာ လမ်းကို ရုတ်တရက်ဖြတ်ကူးလာပြီး သူ့ကိုယ်သူ ကားရဲ့ရှေ့မှန်ပေါ် ပစ်လှဲပစ်လိုက်တယ်လို့ အဲဒီကားပိုင်ရှင် အမျိုးသားတစ်ဦးက ရဲကို တိုင်ချက်ဖွင့်ခဲ့တာဖြစ်ပါတယ်။
ကားမှာ ဝက်ဘ်ကမ် ကင်မရာတပ်ထားတယ်လို့ အဲဒီသူကိုပြောလိုက်တဲ့အခါ ဒဏ်ရာနည်းနည်းရသွားတဲ့ အဲဒီသူဟာ အဲဒီနေရာကနေ ထွက်သွားတယ်လို့ အဆိုပါ ကားပိုင်ရှင်က ပြောပါတယ်။
“ဘယ်မျက်မြင်သက်သေကမှ စစ်ဆေးမေးမြန်းတာကို လာမကူညီကြဘူး” လို့ သူကဖြည့်စွက်ပြောပါတယ်။
သတင်းရထားသူတွေဟာ နီးစပ်ရာရဲစခန်းကို ကူညီသတင်းပေးကြဖို့ ရဲအရာရှိ ဗီဂျာယာကပြောပါတယ်။
Source The Star
Published 16 April 2022
ကလေးသူငယ်တွေမှာ ပြင်းထန်တဲ့ အသည်းရောဂါတွေဖြစ်ပွားလာနေတဲ့ ဆန်းကြယ်တဲ့ဖြစ်ရပ်တွေကို နိုင်ငံတော်တော် များများက ကျန်းမာရေးအရာရှိတွေက စုံစမ်းစစ်ဆေးနေကြပါတယ်။ အဲဒါဟာ အအေးမိရောဂါနှင့်ဆက်စပ်နေတဲ့ ဗိုင်းရပ်စ် တစ်မျိုးမျိုးကြောင့် ဆက်နွယ်နေဖွယ်ရှိတယ်လို့ သူတို့ကထင်ထားကြပါတယ်။
ကလေးသူငယ် အနည်းဆုံး၇၄ ဦးဟာ အသည်းရောင်အသားဝါ ဒါမှမဟုတ် အသည်းရောင်ရောဂါတစ်ခုခုဖြစ်နေကြတာကို ယူကေ က စုံစမ်းစစ်ဆေးနေပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သောကြာနေ့မှာ ပြောခဲ့ပါတယ်။ စပိန်မှာလည်း အလားတူ ဖြစ်ရပ်(၃)ခုနှင့် အိုင်ယာလန်မှာလည်း အနည်းငယ်ဖြစ်ပွားနေတာကို စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
လက်ရှိမှာ အမေရိကန်နိုင်ငံကလည်း အလားတူရောဂါဖြစ်ပွားမှု(၉)ခုကို လေ့လာစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ကျန်းမာရေး အရာရှိတွေကပြောပါတယ်။ ဖြစ်ပွားမှုအားလုံးဟာ အယ်လာဘားမားကပဲဖြစ်ပြီး အခြားနေရာတွေမှာပါ ဖြစ်နေသလားဆိုတာကို အရာရှိတွေက စောင့်ကြည့်နေပါတယ်။
“ ပြီးခဲ့တဲ့ တစ်လအတွင်း ဒီဖြစ်ရပ်တွေတိုးပွားလာနေပါတယ်။ ဒီလိုဖြစ်တာတွေကို တိုးမြှင့်ရှာကြည့်ရင် လာမယ့်ရက်တွေ အတွင်း ရောဂါဖြစ်သူတွေ တိုးလာဖွယ်ရှိတယ်” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အရာရှိတွေက သတင်းထုတ်ပြန်ချက်မှာ ပြောထား ပါတယ်။
အမေရိကန်မှာ အသည်းရောဂါခံစားရတဲ့ ကလေးတွေဟာ အသက်(၁)နှစ်မှ (၆)နှစ်အတွင်း ကလေးငယ်တွေဖြစ်ပြီး အဲဒီထဲက (၂)ဦးဟာ အသည်းအစားထိုးကုသဖို့ လိုအပ်နေပါတယ်။ ဥရောပက ကလေးတွေဟာလည်း အဲဒီအသက်အပိုင်းအခြာထဲကပဲ ဖြစ်ပါတယ်။ အချို့ကတော့ အသက်နည်းနည်းကြီးတဲ့ကလေးတွေပါနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
ဒီလစောစောပိုင်းမှာ စကော့တလန်က ကလေးငယ်(၁၀)ဦးဟာ အသည်းပြဿနာတွေဖြစ်နေတာကို သိရှိပြီးနောက် မြင်တွေ့နေကျမဟုတ်တဲ့ အဲဒီရောဂါတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စတင်သတိထားမိခဲ့တာဖြစ်ပါတယ်။ တစ်ယောက်ဟာ ဇန်နဝါရီလမှာ နေမကောင်းဖြစ်ပြီး ကျန်(၉)ဦးကတော့ မတ်လမှာ ဖြစ်ခဲ့ကြပါတယ်။ အားလုံးဟာ အသည်းအသန်ဖြစ်လာပြီးနောက် ဆေးရုံတင်လိုက်ရပါတယ်။ သူတို့ဟာ အသည်းရောင်ရောဂါဖြစ်နေတာကို တွေ့ကြရပါတယ်။
အသည်းဟာ အဟာရဓာတ်ကို ထုတ်လုပ်ပေးတယ်။ သွေးကိုစစ်ပေးတယ်။ ကူးစက်မှုကို တိုက်ခိုက်ပေးတယ်။ ရောဂါကူးစက်မှုတွေဟာ အသားဝါရောဂါ၊ဝမ်းပျက်ရောဂါ၊ဗိုက်အောင့်ရောဂါတွေဖြစ်စေတယ်။ အသည်းရောင်ရောဂါဟာ မကုသရင် အသက်အန္တရာယ်ရှိပါတယ်။
အဲဒီကစပြီး ဗြိတိန်ကျန်းမာရေးအရာရှိတွေက အနည်ဆုံး၆၄ဦး အသည်းရောဂါဖြစ်ကြတာတွေ့ကြရပါတယ်။ တစ်ယောက်မှ မသေဆုံးပေမယ့် (၆)ဦးဟာ အသည်းအစားထိုးဖို့လိုအပ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
ဓာတ်ခွဲခန်းစစ်ဆေးမှုများအရ အဲသလိုဖြစ်ရတာဟာ ပုံမှန်အားဖြင့် အသည်းရောဂါဖြစ်စေတတ်တဲ့ အေ၊ဘီ၊စီနှင့် အီးဗိုင်းရပ်စ်တို့ကြောင့်လည်း မဟုတ်ဘူးဆိုတာ သိရှိခဲ့ကြပါတယ်။ နိုင်ငံတကာခရီးသွားလာမှုနှင့် အခြားအကြောင်း အချက်တွေက ကလေးတွေကို ဒီအန္တရာယ်ဖြစ်စေခဲ့တာလားဆိုတာကိုတော့ သတိမပြုမိကြပါဘူးလို့ အရာရှိတွေက ပြောပါတယ်။
ဒါပေမယ့် လောလောဆယ်မှာတော့ adenoviruses အင်ဒီနိုဗိုင်းရပ်စ်ကူးစက်မှုတွေများလာတာတော့ သတိထားမိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
Adenoviruses ကဒါဇင်ကျော်ရှိပါတယ်။အဲဒီထဲက တော်တော်များများဟာ အအေးမိတဲ့ ရောဂါလက္ခဏာမျိုး ၊အဖျားရှိတာ၊လည်ချောင်းနာတာနှင့်မျက်စေ့နာတာတွေ ပြသတတ်ပါတယ်။ အချို့ကတော့ အခြားရောဂါလက္ခဏာတွေဖြစ်တတ်ပါတယ်။အဲဒီအထဲမှာ ဝမ်းဗိုက်နှင့်အူတွေထဲရောင်ရမ်းတာတွေလည်းပါဝင်ပါတယ်။
Adenoviruses ဟာ ကလေးတွေဆီမှာ အသည်းရောင်ရောဂါဖြစ်တာနှင့် အရင်ကဆက်စပ်ခဲ့ဖူးပါတယ်။ အထူးသဖြင့် ကိုယ်ခံအားနည်းနေတဲ့ ကလေးတွေမှာ အဖြစ်များတာပါ။
ရောဂါဖြစ်တဲ့ ကလေးတွေထဲက အချို့ဆီမှာ အင်ဒီနိုဗိုင်းရပ်စ်တွေ့ရပြီး အချို့ဟာ ကိုဗစ်ကူးစက်ခံထားရတာတွေ့ရပါတယ်။ ဒါပေမယ့် သတ်သတ်မှတ်မှတ်ဗိုင်းရပ်စ်တွေနှင့် ဆက်စပ်နေသလားဆိုတာကို သိဖို့ ဓာတ်ခွဲခန်းအလုပ်တွေ ထပ်လုပ်ဖို့ လိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။
ကလေးတွေဆီမှာ အသည်းရောင်ရောဂါဖြစ်လာတာ တိုးပွာလာတာကို နိုဝင်ဘာကတည်းက သတိထားမိခဲ့တယ်လို့ အယ်လာဘားမား ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ ကူးစက်မှုတိုင်းဟာ Adenoviruses ကူးစက်တာချည်းဖြစ်ပြီး အူရောင်ရမ်းမှုဖြစ်စေတတ်တဲ့ adenovirus 41 နှင့်ဆက်စပ်မှုကို အရာရှိတွေက စူးစမ်းလေ့လာနေပါတယ်။
အယ်လာဘားမားက ကလေးတွေအားလုံးကတော့ စိုးရိမ်စရာအခြေအနေမရှိဘူးလို့ သူတို့ကပြောပါတယ်။
Source AP
Page 1502 of 1617