#Local_News
Published_ 22 April 2022
လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို ရရှိနိုင်သမျှသော ရေတိုရေရှည်နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးရရှိရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ဧပြီ ၂၁ ရက်ကပြုလုပ်တဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍနှင့် ပတ်သက်တဲ့အစည်းအဝေးမှာ
နစက ရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ပြောကြားခဲ့ ပါတယ်။
ပြည်သူလူထုကို အချိန်ပိုင်းအလိုက် ဝန်အားထိန်းညှိဆောင်ရွက်ပေးနေရသည့် အခက်အခဲများ လက်တွေ့ခံစားနေရသဖြင့် မိမိတို့ဆောင်ရွက်ချက်များအပေါ် ပြည်သူလူထုက နားလည်သဘောပေါက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး စည်းရုံးပြောဆိုကြရန် လိုအပ်တယ်လို့ ဆိုပါတယ်။
ထို့ပြင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် သုံးစွဲသူပြည်သူများထံသို့ အလေအလွင့်နည်းပါးစွာဖြင့် လျှပ်စစ်မီးရရှိရေး စီမံဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်အတွက် ဓာတ်အားခ အခွန်အခများကိုလည်း အပြည့်အဝရရှိရေး ကောက်ခံသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဓာတ်အားရောင်းချမှုမှရရှိတဲ့ ဓာတ်အားခဝင်ငွေများအပါအဝင် နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေအပေါ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန်လည်း မှာကြားခဲ့ပါတယ်။
ဓာတ်အားခွဲရုံများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများကို စစ်ဆေးဆောင်ရွက်သွားရန်လိုအပ်တယ်လို့ ဆိုပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 22 April 2022
အင်းတော်မြို့နယ်တွင် ၁၂ ဘီးယာဉ်ဖြင့် သယ်ဆောင်လာသော ကျပ်သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့ဟာ ဧပြီ ၂၀ ရက် ညနေ ၄ နာရီခွဲ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ကြာအင်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားသွားကားလမ်းတွင် မန္တလေးမှ မိုးညှင်းဘက်သို့ ချမ်းသာ မောင်းနှင်လာသော NISSAN DIESEL ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ပါတယ်။
ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေ ကျပ်သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၈,၃၀၀ ပြား၊ ဘိန်းဖြူ ၁၂ ဒသမ ၄၇၄ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား မန္တလေးတိုင်းဒေသကြီးမှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းအားဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 22 April 2022
ယူနီဆက်နဲ့မိတ်ဖက်အဖွဲ့အစည်းများက ချင်း၊ ကချင်၊ စစ်ကိုင်း၊ ကရင်၊ ရခိုင်၊ ရှမ်း နဲ့ ကယားပြည်နယ်တွေက ကလေးငယ် ၆ သောင်းခန့်ကို ကလေးငယ်ဘဝ ပညာရေးပံ့ပိုးမှုများအပါအဝင် သင်ယူလေ့လာမှုများ လက်လှမ်းမီရရှိနိုင်အောင် ထောက်ပံ့ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ထို့ပြင် မတ်လအတွင်းမှာ ယူနီဆက်က ရှမ်း၊ ရခိုင်နဲ့ ကချင်ပြည်နယ်အတွင်းက ကလေးငယ်၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်ဦးရေ ၈,၀၀၀ ကျော်အတွက် အသင့်စား ကုထုံးအစားအစာများ၊ အနုအာဟာရဓာတ်များနဲ့ ဗီတာမင်အေကဲ့သို့ မရှိမဖြစ်အရေးပါတဲ့ အာဟာရထောက်ပံ့ပစ္စည်းများကိုလည်း ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ပေါင်းစပ်အာဟာရစီမံချက်ကို ဆက်လက်အကောင်အထည်ဖော်လျှက်ရှိပြီး ကလေးငယ်နဲ့ အမျိုးသမီး ၄၅,၀၀၀ ခန့်ကို ပြင်းထန်အာဟာရချို့တဲ့ဝေဒနာ စောင့်ကြည့်စစ်ဆေးခြင်းနဲ့ ကုသခြင်းများပြုလုပ်ပေးခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးတွင် အာဟာရဝန်ဆောင်မှုများ တိုးချဲ့ပံ့ပိုးပေးလျှက်ရှိပြီး အသက်ငါးနှစ်အောက် ကလေးငယ်ဦးရေ ၄,၀၀၀ နီးပါးကို စစ်ဆေးမှုများပြုလုပ်ပေးခဲ့ကာ မိခင်နဲ့ ပြုစုစောင့်ရှောက်သူ ၂,၀၀၀ ဦးခန့်ကိုလည်း နှစ်သိမ့်ဆွေးနွေးပြီး အကြံဉာဏ်များပေးခဲ့ပါတယ်။
ထို့ပြင် ကလေးငယ်များနဲ့ မိသားစုများကို ရေနဲ့သန့်ရှင်းရေး ဝန်ဆောင်မှုများ ဆက်လက်ပံ့ပိုးပေးလျှက်ရှိကာ မတ်လအတွင်း၌ ပဋိပက္ခကြောင့် ထိခိုက်ခံစား ကြရသူ ဦးရေ ၁၀၈,၀၀၀ ကို သန့်ရှင်းသောသောက်ရေများ ကူညီပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
ယူနီဆက်အနေဖြင့် မြန်မာနိုင်ငံရှိ ကလေးငယ်များနဲ့ အခြားသူများအတွက် အရေးပေါ်အာဟာရ၊ ကျန်းမာရေး၊ ရေ၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပညာရေးနဲ့ ကလေးသူငယ် ကာကွယ်ရေးအကူအညီတွေပေးနိုင်ဖို့ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group.
#WorldMilitary
Published 22 April 2022
အမေရိကန်သမ္မတ 'ဂျိုးဘိုင်ဒန်' က ယူကရိန်းထံ ဒေါ်လာသန်း ၈၀၀ တန်လက်နက်ထောက်ပံ့မှုများပေးပို့ခဲ့ရာ Phoenix Ghost ဒရုန်းယာဉ်များလည်း အပါအဝင်ဖြစ်ပါတယ်။
အဆိုပါဒရုန်းများကို ရုရှားအား တိုက်ထုတ်ရာမှာ အကူအညီဖြစ်စေဖို့ အရေးတကြီးထုတ်လုပ်ပေးပို့ခဲ့တာဖြစ်ကြောင်း ပန်တဂွန်ကပြောကြားလိုက်ပါတယ်။
မောင်းသူမဲ့ဒရုန်းများကို AEVEX Aerospace မှ ဆောက်လုပ်ခဲ့တာဖြစ်ပြီး အမေရိကန်လေတပ်က ယူကရိန်းလိုအပ်ချက်များအတိုင်း အထူးတလည်ထုတ်လုပ်ခဲ့တာဖြစ်ကြောင်း ပန်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ'ဂျွန်ကာဘီ'က ကြာသပတေးနေ့က သတင်းထောက်တွေကိုပြောကြားလိုက်ပါတယ်။
အခုပို့လိုက်တဲ့ဒရုန်းတွေဟာ ယူကရိန်းကိုအရင်ကပေးပို့ခဲ့တဲ့ Switchblade ဒရုန်းတွေနဲ့ဆင်တူပေမယ့် လုပ်ဆောင်ချက်တွေကတော့ကွဲပြားမှုတွေရှိပြီး ရုရှားတပ်သားတွေနဲ့တင့်ကားတွေကို ပစ်မှတ်ထားနိုင်မှာဖြစ်ပါတယ်။
"ဒီဒရုန်းရဲ့စနစ်က ယူကရိန်းတို့ရဲ့ လိုအပ်ချက်အတိုင်း ထုတ်လုပ်ထားတာဖြစ်ပြီး အထူးသဖြင့်အရှေ့ဘက်ဒေသတွေမှာ အသုံးဝင်နိုင်မှာဖြစ်ပါတယ်။ ဒရုန်းရဲ့အဓိကစွမ်းဆောင်ရည်က တိုက်ခိုက်ခြင်းပဲဖြစ်ပါတယ်" လို့ 'ကာဘီ'ကဆိုပါတယ်။
ဒါ့အပြင် ရန်သူတပ်ဖွဲ့တွေကိုတိုက်ခိုက်ရာမှာလည်း အကူအညီပေးနိုင်မှာဖြစ်ပါတယ်။
ဒီဒရုန်းယာဉ်ကို ယခုစစ်ပွဲမတိုင်မီတည်းက ထုတ်လုပ်နေတာဖြစ်ပြီး အမေရိကန်လေတပ်ရဲ့စစ်ရေးကိရိယာတစ်ခုဖြစ်ပါတယ်။
ဒရုန်းဖြင့် ပစ်မှတ်အမျိုးမျိုးကို ပစ်မှတ်ထားနိုင်မှာဖြစ်ကြောင်း အမည်မဖော်လိုသူ ကာကွယ်ရေးဌာနအကြီးတန်းအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။
ကြာသပတေးနေ့က 'ဘိုင်ဒန်'နောက်ဆုံးပေးပို့ခဲ့တဲ့လက်နက်တွေထဲမှာ Phoenix Ghost အပါအဝင် ၁၅၀ မီလီမီတာဟောင်ဝစ်ဇာ ၇၂ လက်၊ တိုက်ပွဲအသုံးပြုယာဉ် ၇၂ စီးနဲ့ အမြှောက်ဆံ ၁၄၄,၀၀၀ တို့လည်း ပါဝင်ပါတယ်။
ဒီဒရုန်းမှာ ဝေဟင်ထောက်လှမ်းရေးလုပ်ဆောင်ချက်မျိုးစုံပါဝင်ကြောင်း AEVEX ကုမ္ပဏီက ဆိုပါတယ်။
ယူကရိန်းကို အရင်ကပေးပိုခဲ့တဲ့ Switchblade ဒရုန်းတွေကိုတော့ AeroVironment ကုမ္ပဏီမှ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
အသစ်ထုတ်လုပ်လိုက်တဲ့ ဒရုန်းတွေက ၂၄ မိုင်ကျော်ပျံသန်းနိုင်ကာ ကျည်ကာဖျက်ထိပ်ဖူးမပစ်လွှတ်ခင် မိနစ် ၄၀ ကြာလေထဲမှာ တည်ရှိနေနိုင်ပါတယ်။
ဒရုန်းကိုထိန်းချုပ်သူက တက်ဘလက်မျက်နှာပြင်အသုံးပြုပြီး ထိန်းချုပ်ပစ်ခွင်းနိုင်မှာဖြစ်ပါတယ်။
Source: Bloomberg.
#Yangon_Media_Group
#LocalNews
Published - 22 April 2022
နေပြည်တော် စည်ပင်ဧည့်ရိပ်သာ အမှတ်(၂)ကို ယခုရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စည်ပင်ဧည့်ရိပ်သာ အမှတ်(၂)ကို ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေး Quarantine Center အဖြစ် အသုံးပြုပြီး ပြန်လည်အပ်နှံခဲ့သည့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၂)ရှိ အဆောင်များအား ပြန်လည်မွမ်းမံပြင်ဆင်ခြင်း၊ ချို့ယွင်းပျက်စီးနေသည့် ရေပိုက်များ၊ လျှပ်စစ်မီးလိုင်းများပြင်ဆင်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းနှင့် သန့်ရှင်းရေးများကို ပြုလုပ် ဆောင်ရွက်ခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်းမှာပင် တည်းခိုမည့်ဧည့်သည်များ စတင် လက်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
နေပြည်တော်စည်ပင် ဧည့်ရိပ်သာ(၁)နှင့်(၂)ရှိ အခန်းများတွင် ခုတင်(၃)လုံးပါ ရိုးရိုးခန်း တစ်ခန်းလျှင် ငွေကျပ် ၁၂,၆၀ဝ ၊ အစိုးရဝန်ထမ်းဖြစ်ပါက ငွေကျပ် ၈,၄၀ဝိ ၊ Air Con ခန်း တစ်ခန်းလျှင် ငွေကျပ်၂၃,၁၀ဝိ၊ အစိုးရဝန်ထမ်းဖြစ်လျှင် ငွေကျပ် ၁၆,၈၀ဝိ ဖြင့် တည်းခိုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
နေပြည်တော်ရှိ ဧည့်ရိပ်သာ(၁)ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းက ပြန်လည်ဖွင့်လှစ်ထားပြီး အများပြည်သူများ တည်းခိုလျက်ရှိကာ ဧည့်ရိပ်သာ(၂)ကိုလည်း ယခုရက်ပိုင်းအတွင်း ဖွင့်လှစ်နိုင်ဖို့ စီစဥ်နေတာဖြစ်တယ်လို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရပါတယ်။
ဓါတ်ပုံ - နေပြည် တော် စည်ပင်သာယာ ရေး ကော်မတီ
ymg/kg
#Yangon_Media_Group
#WorldHealth
Published 22 April 2022
အသည်းကင်ဆာရောဂါခံစားနေရတဲ့ကြွက်တွေကို အာထရာဆောင်းနည်းပညာဖြင့်ကုသပေးရာမှာ ထိရောက်မှုရှိခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။
အနုစိတ်အာထရာဆောင်းနည်းပညာကိုသုံးကာ အသည်းအကျိတ်ထုထည်ကြီးရဲ့ ၇၅ ရာခိုင်နှုန်းကို ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။
အဆိုပါကုသနည်းက ကြွက်တွေရဲ့ကိုယ်ခံအားစနစ်ကိုလည်း လှုံ့ဆော်ပေးပြီး ကျန်တဲ့ကင်ဆာအကျိတ်တွေဖယ်ရှားနိုင်အောင် ကူညီပေးပါတယ်။
ကြွက်ကောင်ရေ ၈၀ ရာခိုင်နှုန်းမှာ ကင်ဆာရောဂါအခြေအနေကို ဖျက်ဆီးပစ်နိုင်ခဲ့တဲ့အပြင် စောင့်ကြည့်ခဲ့တဲ့သုံးလအတွင်း ကင်ဆာအကျိတ်ပွားခြင်းမျိုးနဲ့ ပြန်လည်ထွက်ပေါ်တာမျိုး မတွေ့ခဲ့ရပါဘူး။
အဆိုပါကုသနည်းကို histotripsy လို့ခေါ်ပြီး လက်ရှိမှာ အသည်းကင်ဆာခံစားနေရတဲ့လူနာတွေနဲ့ စမ်းသပ်မှုများပြုလုပ်နေပါတယ်။
"histotripsy နည်းပညာက လက်ရှိ ကင်ဆာတိုက်ဖျက်နည်းပညာတွေထက်သာလွန်ကာ ထိရောက်တဲ့ အသည်းအကျိတ်ဖယ်ရှားခြင်းနည်းလမ်းဖြစ်ပါတယ်" လို့ မီချီဂန်တက္ကသိုလ်မှ ဇီဝဆေးဘက်ဆိုင်ရာအင်ဂျင်နီယာ 'တဲဂျက်စ်ဝီဝေါ်လီကာ' က ဆိုပါတယ်။
မီချီဂန်တက္ကသိုလ်ကနေ ရှေ့ဆောင်ထုတ်ဖော်ခဲ့တဲ့ histotripsy နည်းပညာဟာ ကင်ဆာအဆိုးရွားဆုံးခံစားနေရတဲ့ လူနာတွေအတွက် မျှော်လင့်ချက်ဖြစ်နေပါတယ်။
histotripsy ကုသနည်းက အာထရာဆောင်းနည်းပညာအသုံးပြုကာ အတွင်းအင်္ဂါတွေကိုထိခိုက်စေခြင်းမရှိဘဲ ကင်ဆာအကျိတ်တွေကို ထိရောက်စွာဖယ်ရှားပေးနိုင်ပါတယ်။
အာထရာဆောင်းလှိုင်းတွေက ကုသဖို့နေရာကိုချိန်ရွယ်ကာ ပစ်မှတ်ထားတဲ့တစ်ရှူးတွေအပေါ် ရေမြှုပ်အစီလေးတွေ ထွက်ပေါ်လာစေပါတယ်။
ရေမြှုပ်အစီလေးတွေ ပေါက်ထွက်သွားတဲ့အခါမှာတော့ အကျိတ်ဟာလည်း ပျက်စီးသွားပါတယ်။
အကျိတ်တစ်ခုလုံးကို ပစ်မှတ်မထားတာတောင် အကျိတ်လျော့ပါးသွားခဲ့ပြီး ကင်ဆာပွားခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။
အရင် histotripsy ကုသနည်းတွေစမ်းသပ်တုန်းကလည်း အကျိတ်ထုထည်ပမာဏကိုလျှော့ချပေးနိုင်ခဲ့ပေမယ့် အခုစမ်းသပ်ခဲ့တဲ့ကုသနည်းကတော့ ကုသမှုအပြီး အသက်ရှင်မှုနှုန်းသိသိသာသာ တိုးလာတာပဲဖြစ်ပါတယ်။
နောက်ထပ်ပြုလုပ်သွားမယ့် လေ့လာချက်တွေမှာ histotripsy ကုသနည်းရဲ့ ဘေးကင်းစိတ်ချရမှု၊ ထိရောက်မှု၊ ဇီဝသက်ရောက်မှုတွေနဲ့ ဆေးရုံဆေးခန်းတွေမှာ အသုံးချနိုင်မှုတို့ကို သိရှိလာအောင် ဆက်လက်လေ့လာသွားမှာဖြစ်ကြောင်း သုတေသီများကဖော်ပြခဲ့ပါတယ်။
Source: ScienceAlert
#Yangon_Media_Group
#LocalNews
Published - 22 April 2022
မြန်မာပြည်သူတွေ ငြိမ်းချမ်းစေဖို့အတွက် အသစ်ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် မစ္စတာ ဗီနေးကူးမားက ရွှေတိဂုံဘုရားမှာ ဆုတောင်းမှုတွေကို ပြုလုပ်ပေးခဲ့တယ်လို့ အိန္ဒိယသံရုံးက ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
သံအမတ်ကြီး မစ္စတာ ဗီနေးကူးမားဟာ ဧပြီ ၂၁ ရက်နေ့မနက်မှာ ရွှေတိဂုံဘုရားကို သွားရောက်ပြီး ဆွမ်းကပ်လှူဒါန်းကာ မြန်မာပြည်သူတွေ ငြိမ်းချမ်းသာယာပြီး ကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက် ဆုတောင်းပေးခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းမှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအသစ် မစ္စတာ ဗီနေးကူးမားသည် ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့က နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံပြီး သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့သူလည်းဖြစ်ပါတယ်။
ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး
ymg/kg
#Yangon_Media_Group
#WorldHealth
Published 22 April 2022
အီလီနွိက်အာဘာနာရှန်ပိန်တက္ကသိုလ်မှ သုတေသီများက သူတို့ရဲ့ ကိုဗစ်စမ်းသပ်ပစ္စည်းဟာ တံတွေးနမူနာထဲက SARS-CoV-2 ဗိုင်းရပ်စ်ရဲ့ အယ်လ်ဖာမျိုးဗီဇကွဲနဲ့ အခြားမျိုးဗီဇကွဲတွေကို ခွဲခြားသိရှိစေနိုင်ကြောင်း အဆိုပြုလိုက်ပါတယ်။
တံတွေးနမူနာ ၃၈ မျိုးစမ်းသပ်ခဲ့ရာ အခု ၂၀ က အယ်လ်ဖာမျိုးဗီဇကွဲတွေ့ရှိခဲ့ပါတယ်။
အခုစမ်းသပ်မှုတွေက အရင်ဓာတ်ခွဲခန်းစမ်းသပ်မှုအဆင့်တွေကိုကျော်လွန်ကာ တံတွေးနမူနာကို အသုံးပြုတာဖြစ်ပါတယ်။
ယခုစမ်းသပ်နည်းကို LAMP လို့ခေါ်ပြီး အရင် PCR test တွေလို အကုန်အကျများတဲ့စက်ပစ္စည်းနည်းပညာတွေမလိုအပ်တာကြောင့် ပိုပြီးထိရောက်မှုရှိစေမှာဖြစ်ပါတယ်။
ဒါ့အပြင် RNA စစ်ထုတ်သန့်စင်တဲ့အဆင့်တွေလည်း မလိုအပ်ကြောင်း သုတေသီများကမှတ်ချက်ပြုဖော်ပြထားပါတယ်။
ကိုဗစ်မျိုးဗီဇကွဲအမျိုးမျိုးက နောက်ဆက်တွဲလက္ခဏာအမျိုးမျိုးဖြစ်ပေါ်စေနိုင်တာကြောင့် လူနာတွေက မည်သည့်ဗိုင်းရပ်စ်မျိုးဗီဇကွဲကူးစက်သလဲဆိုတာကို သိချင်ကြမှာပါ။
"သယ်ဆောင်ရလွယ်ကူပြီး လက်ဖြင့်အလွယ်တကူကိုင်တွယ်စစ်ဆေးနိုင်မယ့် အဆိုပါကိုဗစ်စမ်းသပ်ပစ္စည်းဟာ မိနစ် ၃၀ အတွင်း ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲအမျိုးမျိုးကို ခွဲခြားဖော်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ ကိုဗစ်ရောဂါပဲဖြစ်ဖြစ် အခြားဟာပဲဖြစ်ဖြစ် နောင်ဖြစ်လာနိုင်တဲ့ကပ်ရောဂါတွေအထိ အသုံးဝင်ပြီး မိမိအိမ်မှာတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်" လို့ ဦးဆောင်စမ်းသပ်သူ ဇီဝအင်ဂျင်နီယာပရော်ဖက်ဆာ'ရတ်စ်ဟစ်ဘာရှီယာ'က ဆိုပါတယ်။
သုတေသီတွေက သူတို့ရဲ့ စမ်းသပ်ပစ္စည်းကို နှာခေါင်းတို့ဖတ်ယူခြင်းနဲ့ တံတွေးတို့ဖတ်ယူခြင်းတို့ကိုအသုံးပြုကာ ပစ္စည်းတစ်မျိုးတည်းဖြင့် အမျိုးမျိုးသောဗိုင်းရပ်စ်တွေနဲ့မျိုးဗီဇကွဲ ၅ မျိုးအထိစမ်းသပ်နိုင်အောင် အဆင့်မြှင့်ထုတ်လုပ်ဖို့ရည်ရွယ်ထားကြောင်း ဖြည့်စွက်ပြောကြားသွားပါတယ်။
Source: The Jerusalem Post.
#Yangon_Media_Group
#LocalNews
Published_22 April 2022
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသမြောက်ဦးမြို့ နန်းရာကုန်းပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများကို ဖယ်ရှားတော့မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)က သိရသည်။
မြောက်ဦးဒေသ ယဉ်ကျေးမှုအမွေအနှစ်ယူနက်စကိုဝင်နိုင်ရေးအတွက် တင်ပြထားပြီး ဖြစ်ရာ ယခု ၂၀၂၂ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတိုတွင် သက်ဆိုင်ရာပညာရှင်များမှ ကွင်းဆင်းစစ်ဆေးမည်ဖြစ်သောကြောင့် စနစ်မကျသော ဆိုင်ခန်းများ၊ကျူးကျော်နေထိုင်ခြင်းများမှာ အမြင်မတင့်တယ်သောကြောင့် ယူနက်စကိုကိစ္စတွင် အနှောင့်အယှက်ဖြစ်နိုင်ကြောင်းလည်း သိရသည်။
"ယူနက်စကိုပညာရှင်တွေလာကြည့်တဲ့အခါ မြင်ကွင်းတွေကို ပိတ်ဆို့စေပြီးတော့ အဟန့်အတားဖြစ်စေပါတယ်။ အခု ပထမအဆင့်အနေနဲ့ နန်းတော်ရာကုန်းပတ်ဝန်းကျင်မှာရှိတဲ့ ကျူးကျော်တွေကို ဖယ်ရှားဖို့နဲ့ မဖယ်ရှားဘူးဆိုရင်တော့ အာဏာပိုင်တွေက အုပ်ချုပ်ရေးအဖွဲ့တွေက စီစဉ်ကြမှာ ဖြစ်ပါတယ်။ နန်းရာကုန်းဝန်းကျင်မှာဆိုရင် အစိုးရအဆောက်အုံတွေဖြစ်တဲ့ ဆေးရုံဟောင်း၊ စာသင်ကျောင်းတွေအပြင် ကျူးကျော်တွေအကုန်လုံးကို ရှင်း" ဟုအမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)၏တာဝန်ရှိသူကပြောသည်။
လာမည့် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်ကော်မတီမှ မြောက်ဦးဒေသအား ယူနက်စကိုစာရင်း ဝင်၊မဝင် ဆုံးဖြတ်ကြမည် ဖြစ်ကြောင်း ၊ နန်းတော်ရာကုန်း ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်နေရာတွင် ထမင်းဆိုင်၊ ကွမ်းယာဆိုင်၊ လဖက်ရည်ဆိုင်၊ ဆီဆိုင် စသည့်ဆိုင်ခန်း ၃၀ ကျော်ရှိကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 22 April 2022
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင် စိတ်ကျန်းမာရေး ပြင်ပလူနာဌာနကို ဧပြီ ၂၆ ရက် အင်္ဂါနေ့တွင် ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။
စိတ်ကျန်းမာရေးလူနာဋ္ဌာနကို ပြန်လည်ဖွင့်လှစ်ရာတွင် အပတ်စဉ် အင်္ဂါနေ့တိုင်း နံနက် ၉ နာရီမှ ၁၁ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ အခြား အထူးကုပြင်ပလူနာဌာနများကိုလည်း ပုံမှန်ဖွင့်လှစ်ထားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အထူးကုပြင်ပလူနာဌာနများအနေဖြင့် အပတ်စဉ် အစိုးရရုံးပိတ်ရက် စနေ၊ တနင်္ဂနွေ နှစ်ရက်မှလွဲ၍ ကျန် ၅ ရက်တွင် ဖွင့်လှစ်ထားရှိပြီး၊ သက်ဆိုင်ရာ အထူးကုပြင်ပလူနာဋ္ဌာနများကို နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ အထိ ဖွင့်လှစ်ထားပါတယ်။
ရန်ကုန်ဆေးရုံကြီး၌ ခတ္တပိတ်ထားသော အထူးကုပြင်ပလူနာဋ္ဌာနများ အားလုံးကို မတ် ၁ ရက်နေ့မှစ၍ ပုံမှန်အချိန်ဇယားများအတိုင်း ပြန်လည်ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။
အထူးကုပြင်ပလူနာဋ္ဌာနများ၌ လူနာများနံနက်စောစော လာရောက်တန်းစီ၍ စာရင်းသွင်းရန်စောင့်ဆိုင်းရခြင်း၊ ပြသရန်အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ လူစုလူဝေးကြောင့် ကိုဗစ် ၁၉ ရောဂါကူးစက်မှုမှကာကွယ်ရန် ပြီးခဲ့သော ဖေဖော်ဝါရီ ၂ ရက်နေ့မှ စတင်ကာ Online Booking စနစ်ကို စတင်စမ်းသပ် သုံးစွဲနေတာ ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
Published 21 April 2022
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလင်စကီးဟာ ဧပြီ (၂၁)ရက်က စပိန်နိုင်ငံဝန်ကြီးချုပ် ပီဒရို ဆက်ရှေးနှင့် ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆန်တို့ကို ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။
ဒိန်းမတ်ဝန်ကြီးချုပ်က ယူကရိန်းတွေ လက်နက်တွေ ထပ်ပို့ပေးမယ်လို့ ကတိပေးပြောကြားခဲ့ပြီး စပိန်ကလည်း ဥရောပသမဂ္ဂနှင့်စပိန်တို့က ငြိမ်းချမ်းရေးအတွက် ရှင်းလင်းပြတ်သားတဲ့ စေ့စပ်ဆောင်ရွက်မှုတွေကို ကတိကဝတ်ပြုခဲ့ပါတယ်။
ဒီလိုအခက်အခဲတွေကြားမှာ ယူကရိန်းနှင့်အတူရှိနေတဲ့အတွက် အဆွေတော်တို့ကို ကျေးဇူးတင်ပါတယ်လို့ ဇီလင်စကီးက တယ်လီဂရမ်ပို့စ်တစ်ခုမှာ ရေးသားခဲ့ပါတယ်။
Video: AFP
Published 21 April 2022
ယူကရိန်းရဲ့ ဆိပ်ကမ်းမြို့ မာရီယူပူးလ်ကို အက်ဇောစတယ် သံမဏိစက်ရုံကလွဲပြီး ကျန်အားလုံး ထိန်းချုပ်လိုက်ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူးက သမ္မတ ဗလက်ဒီမာပူတင်ထံသတင်းပို့အပြီး ရုရှား သမ္မတ ဗလက်ဒီမာပူတင်က မာရီယူပူးလ်ကို လွတ်မြောက်စေတဲ့အတွက် ကြိုဆိုဂုဏ်ပြုကြောင်းပြောဆိုလိုက်ပါတယ်။
Source AFP
Page 1495 of 1618