#LocalNews
Published_28 April 2022
သေနတ်ဖြင့်ပစ်ခံရသော ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ကျန်းမာရေးကောင်း၍ ဆေးရုံကဆင်းပြီးနောက် ရုံးလုပ်ငန်းများကို ပုံမှန်လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း ဗဟိုဘဏ်သတင်းရင်းမြစ်တစ်ဦးက YMG ကို ပြောသည်။
"သူကအခု နေပြည်တော်ကို ပြန်ရောက်နေပြီ။ရုံးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အွန်လိုင်းက အစည်းအဝေးတက်တာတွေ လုပ်နေပါပြီ။နေကောင်းနေပြီ"ဟု ယင်း သတင်းရင်းမြစ်က ပြောသည်။
ဒေါ်သန်းသန်းဆွေသည် ပြီးခဲ့သည့် ဧပြီလ ၇ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားရပ်ကွက် ၊ ရွှေဂုံရိပ်မွန်အိမ်ယာအခန်း၌ရှိနေစဉ် တံခါးခေါက်သံကြောင့် သွားရောက်ဖွင့်လှစ်စဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့်ဒဏ်ရာကြောင့် တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရခြင်း ဖြစ်သည်။
ဒေါ်သန်းသန်းဆွေသည် အသက် ၅၅ နှစ်ခန့်အရွယ်ရှိကာ ယခင် ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ်ရာထူးမှ ဒုဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်နေရသူဖြစ်ပြီး ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးကဏ္ဍ၌ ငွေသားကိုင်ဆောင်မှုလျှော့ချပြီး ဒစ်ဂျစ်တယ်ငွေကြေးစနစ် (Cashless) ဖွံ့ဖြိုးတိုးတက်ရန်လုပ်နေသူများထဲတွင် ပါဝင်သူ ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published-28 April 2022
လာမယ့်မေလအတွင်း ရှမ်းပြည်နယ်မှာရှိတဲ့ စားဝတ်နေရေးခက်ခဲနေတဲ့၊ပညာသင်ကြားရန်ခက်ခဲနေတဲ့ မိဘမဲ့ကလေးငယ်တွေ၊ မိဘမပြည့်စုံတဲ့ ကလေးငယ်တွေကို သွားရောက်ခေါ်ယူပြီး ကျွေးမွေးစောင့်ရှောက်သွားမှာဖြစ်တယ်လို့ ဆုတောင်းပြည့်ပရဟိတဘုန်းတော်ကြီးသင်ကျောင်း၊ကျောင်းထိုင်ဆရာတော် ဦးနန္ဒဝံသ က YMG ကိုပြောပါတယ်၊၊
လတ်တလောမှာ ခေါ်ယူစောင့်ရှောက်ဖို့လိုအပ်နေတဲ့ ကလေးငယ်(၆၀)ဦးရှိပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာခဲ့တဲ့ကလေးငယ်တွေ ခေါ်ယူစောင့်ရှောက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်၊၊
"အခုမကြာသေးခင်အချိန်က မွန်ပြည်နယ်ကိုသွားဖြစ်တယ်၊၊ မွန်ပြည်နယ်က ကလေးငယ်(၂၀)လောက်ပါလာပါတယ်၊၊အခုကျောင်းမှာ ကျောင်းသားကလေးငယ်(၃၀၀)လောက်ရှိပါတယ်၊၊နေ့စဥ်ကျွေးမွေးပြီး ပညာသင်ကြားပေးပါတယ်၊၊လာမယ့် မေလမှာတော့ ရှမ်းပြည်နယ်ဘက်တက်ဖို့ရှိပါတယ်၊၊အဲဒီ့မှာလည်း ကလေးငယ်အနည်းဆုံး (၆၀)လောက်ခေါ်ယူ စောင့်ရှောက်ပေးဖို့ရှိပါတယ်၊၊အခုတစ်ခေါက်မှာတော့ နေရပ်စွန့်ခွာရတဲ့ကလေးငယ်တွေလည်းပါလာနိုင်ပါတယ်၊၊ကယားကိုတော့ သွားလို့မရပေမယ့် ကယားကနေ ရှမ်းပြည်နယ်ဘက်ရောက်လာတဲ့ကလေးတွေကိုတော့ ခေါ်ယူစောင့်ရှောက်သွားဖို့ရှိပါတယ်"လို့ ဆရာတော် နန္ဒဝံသက မိန့်ကြားပါတယ်၊၊
လှူဒါန်းလိုသူတွေအနေနဲ့ ကလေးငယ်တွေအတွက် စားစရိတ်နဲ့ပညာသင်စရိတ်တွေ လှူဒါန်းနိုင်မှာဖြစ်ပါတယ်၊၊
လတ်တလောမှာတော့ ဆုတောင်းပြည့်ပရဟိတဘုန်းတော်ကြီးသင်ကျောင်းကစောင့်ရှောက်ထားတဲ့ ကလေးငယ် (၃၀၀)ကျော်ခန့်ရှိပြီး ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေကြောင့် ပြန်သွားရတဲ့ ကလေးငယ်တွေ ပြန်လာဖို့ရှိတဲ့အတွက် ကျောင်းသားဦးရေတွေထပ်တိုးလာမှာဖြစ်တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_28 April 2022
ရန်ကုန်လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်းကို ယနေ့ ဧပြီလ ၂၈ ရက်တွင် အင်းစိန်အကျဉ်းထောင် အထူးတရားရုံးမှ ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်သည်။
ယင်းကို အဂတိအမှု ၅ မှုအတွက် တစ်မှုကို သုံးနှစ်စီ ချမှတ်ခြင်းဖြစ်ပြီး အယူခံဝင်ရန်ရှိကြောင်း ရှေ့နေအသိုင်းအဝိုင်းက သိရသည်။
ဦးနိုင်ငံလင်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီးအဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လူမှုရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သော ဦးနိုင်ငံလင်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘတ်ဂျက်ဖြင့်တည်ဆောက်သည့် ပညာရေးဆိုင်ရာ အဆောက်အဦများ ဆောက်လုပ်ရေးတင်ဒါကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် သင်္ဃန်းကျွန်း ပညာရေးကောလိပ်နှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်တို့တွင် အဆောက်အဦ ဆောက်လုပ်ခွင့်ရရှိသည့် ကုမ္ပဏီပိုင်ရှင်တစ်ဦးထံမှ ၅-၁-၂၀၂၁ ရက်နေ့၌ ငွေကျပ်သိန်း ၁၈၀ နှင့် ငွေကျပ် ၈ သိန်းခန့် တန်ဖိုးရှိသော တီဗွီနှင့် ကာရာအိုကေစက်တစ်စုံကို ၎င်းနေအိမ်တွင် လက်ခံရယူခဲ့ခြင်း၊၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာရေးနှစ်၌ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီ ကောလိပ်စာသင်ဆောင် ဆောက်လုပ်ခွင့်ရရှိသည့် ကုမ္ပဏီပိုင်ရှင်တစ်ဦးထံမှ ငွေကျပ် သိန်း ၅၀ နှင့် ၅ သောင်းခန့်တန်ဖိုးရှိသော လက်ဆောင်ခြင်း တစ်ခုတို့ကို ၂၃-၁-၂၀၂၁ ရက်နေ့တွင် ၎င်းနေအိမ်၌ လက်ခံရယူခဲ့ခြင်း၊ ဒဂုံတက္ကသိုလ်တွင် အဆောက်အဦ ဆောက်လုပ်ခွင့်ရရှိသည့် ကုမ္ပဏီပိုင်ရှင်တစ်ဦးထံမှ ကျပ်သိန်း ၂၀ ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းက ၎င်းင်း၏ရုံးခန်း၌ လက်ခံရယူခဲ့ခြင်း၊ တောင်ဒဂုံ စက်မှုလက်မှုသိပ္ပံကျောင်း အဆောက်အဦ ဆောက်လုပ်ခွင့် ရရှိသည့် ကုမ္ပဏီပိုင်ရှင်တစ်ဦးထံမှ ငွေကျပ် ၁၀ သိန်း ကို ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်းက ၎င်း၏ ရုံးခန်း၌ လက်ခံရယူခဲ့ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ၎င်းကုမ္ပဏီဝန်ထမ်းများ အတွက် Quarantine Center သီးသန့်ဖွင့်လှစ်ခွင့်ပြုရန် တင်ပြထားသည့် နေရာသို့ ၂၄-၁၁-၂၀၂၀ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့စဉ် ကုမ္ပဏီကပေးအပ်သည့် ကျပ် ၈ သိန်းခန့် တန်ဖိုးရှိသော iPhone 12 Mini လက်ကိုင်ဖုန်းတစ်လုံးကို လက်ခံရယူခဲ့ခြင်းတို့သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ ဝန်ကြီးဟောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ရန်ကုန်တိုင်းဒေသကြီး၊ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် ဇွန် ၂၃ ရက်နေ့၌ ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူ ဆောင်ရွက်လျက်ခဲ့ခြင်းဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ၂၀၂၁ ခုနှစ် ဇွန်လက ထုတ်ပြန်ခဲ့သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 28 April 2022
မဲခေါင်ဒေသ ဝါးဆန်းသစ်တီထွင်မှုထုတ်ကုန်များဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းသို့ မြန်မာနိုင်ငံမှ သင်တန်းသား/သူ (၆၀) ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ယင်းစီမံကိန်းကနေ လန်ချန်း-မဲခေါင်ဒေသ ဝါးထုတ်ကုန်အကျိုးစီးပွားပတ်သက်သူများအတွက် ကူးလူးဖလှယ်ရေးနှင့် သတင်းအချက်အလက်များ အတူမျှဝေသည့် ပလက်ဖောင်းတစ်ခုထောက်ပံ့ပေးခဲ့ပြီး မဲခေါင်မြစ်ဒေသ ဝါးထုတ်ကုန်လုပ်ငန်းရှင်များအား ဝါးထုတ်ကုန်အချောကိုင်ရေး လေ့ကျင့်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဆိုပါတယ်။
အဆိုပါ စီမံကိန်းသင်တန်းကို လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ယခုသင်တန်း စီမံကိန်းဟာ ခေတ်မီနည်းပညာများတင်သွင်းရာ၌ ကူညီ၍ ဆန်းသစ်တီထွင်သော ကုန်ပစ္စည်းများထုတ်လုပ်ကာ ဝါးထုတ်ကုန်တန်ဖိုးမြှင့်မှုဖော်ဆောင်ခြင်းဖြင့် လုပ်ငန်းခွင်ဝင်မှုဖော်ဆောင်ပေးပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းအား အကျိုးပြုတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး
ymg/kg
#Yangon_Media_Group
#LocalNews
Published 28 Apr 2022
ဧပြီလ ၂၈ရက်နေ့ ယနေ့ နေ့လည်ပိုင်းမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီး ထိုင်းနိုင်ငံအတွင်းပိုင်းကို၀င်ရောက်မယ့် မြန်မာနိုင်ငံသား (၁၅၈) ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
မော်တော်ယာဉ် (၈) စီး ထိုင်းလူမျိုး (၅) ဦးနဲ့အတူ မြန်မာနိုင်ငံသား (၁၅၈) ဦးကို မဲဆောက်မြို့နယ်ရဲ့ ဆက်စပ်မြို့နယ်ဖြစ်တဲ့ ဖိုဖတ်မြို့နယ်ရဲ့ နယ်စပ်မျဉ်းအနီးမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ ည ၆ နာရီခန့်ကလည်းထိုင်းနိုင်ငံတွင် ဂေါ်ဖီထုပ်ကားအတွင်း ပုန်းခိုလိုက်ပါလာတဲ့တရားမဝင် မြန်မာနိုင်ငံသား (၁၄) ဦးကို ထိုင်းရဲတပ်ဖွဲ့က တက်ခ်ခရိုင်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာ့အလုပ်သမားအရေးဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်ဘက်မှ ဂေါ်ဖီထုပ်များသယ်လာတဲ့ ယာဥ်(၂)စီးကိုစစ်ဆေးရာ အတွင်းပိုင်းတွင် ပုန်းခိုလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား (၁၂) ဦးဆီကို ရှာဖွေတွေ့ရခြင်းဖြစ်ကာ တရားဝင် အထောက်အထားမပါတဲ့ မြန်မာနိုင်ငံသား အမျိုးသား (၆)ဦး၊ အမျိုးသမီး (၈)ဦးနဲ့အတူ မော်တော်ယာဉ်မောင်းလာသည့် ထိုင်းနိုင်ငံသား အမျိုးသား (၂) ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
ymg/hm
#Yangon_Media_Group
Published 28 April 2022
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်က သူ့အနေနှင့် ကိုကင်းကို ပြန်သောက်လို့ရအောင် ကိုကာကိုလာ လုပ်ငန်းကို ဝယ်ယူလိုတယ်လို့ တွစ်တာမှာ ဧပြီ ၂၇ ရက်ကရေးသားလိုက်ပါတယ်။
တွစ်တာကို ဒေါ်လာ ၄၄ဘီလျံနှင့် ဝယ်ယူလိုက်ပြီး (၂)ရက်အကြာမှာ မတ်က အခုလို တွစ်တာမှာရေးသားလိုက်တာပါ။သူက အချိုရည်ကုမ္ပဏီကို ဝယ်ယူဖို့အစီအစဉ်ကို တွစ်တာကနေ အသံပေးပြီး တစ်နာရီတောင်မကြာသေးခင်မှာဘဲ “ တွစ်တာကို အမြင့်မားဆုံးပျော်ရွှင်မှုရအောင်လုပ်ကြစို့” လို့ ထပ်ပြီးတွစ်တာမှာရေးလိုက်ပါတယ်။
ကိုကာကိုလာနှင့်ပတ်သက်လို့ မတ်ရဲ့ ပြောကြားမှုတွေဟာ ပြောင်ချော်ချော်သဘောတော ဖြစ်ပုံရပါတယ်။ အနောက်အပြောင် ကလည်း တစ်ခါတစ်ခါ အမှန်တွေဖြစ်တတ်ပါတယ်လို့ Business Insider ကရေးသားပါတယ်။
မူးယစ်ဆေးဝါးအလွဲသုံးစားပြုမှုဆိုင်ရာ အမျိုးသားအင်စတီကျူရဲ့အဆိုအရ အတ္တလန်တာက ဆေးဝါးပညာရှင် ဂျွန် ပမ်ဘာတွန်က ကိုကင်းကို အချိုရည်ထဲ ပထမဆုံးထည့်သောက်တဲ့ ၁၈၈၅ခုနှစ်ကစပြီး ကိုကင်းဟာ တရားဝင်ဖြစ်လာကြောင်း သိရပါတယ်။
အဲဒီအချိန်တုန်းက ပမ်ဘာတွန်အသုံးပြုခဲ့တာဟာ ကိုကာအရွက်ကနေထုတ်နုတ်ယူတဲ့ ကိုကင်းဖြစ်ပါတယ်။ အဲဒီအချိုရည်ကို သူက ဆေးအဖြစ်မှတ်ပုံတင်ပြီး “ဦးနှောက်အားတိုးဆေးနှင့် အသိဉာဏ်အချိုရည်” လို့ဆိုခဲ့ပါတယ်။
၁၉၈၈ခုနှစ်မှာ နယူးယောက်တိုင်းမ်က ကိုကာကိုလာကုမ္ပဏီနှင့်ပတ်သက်လို့ ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့ရာမှာ ကိုကာကို လာထဲမှာကိုကင်းဟာ ကနဦးမှာပါဝင်ခဲ့ပြီး ၁၉၀၀ကျော်လွန်နှစ်တွေမှာတော့ ဖျက်သိမ်းခဲ့ပါတယ်လို့ ဖော်ပြထား ပါ တယ်။
Insider က ကိုကာကိုလာ ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တွေဆီက မှတ်ချက်မေးမြန်းပေမယ့် ချက်ခြင်းမတုန့်ပြန်သေးပါဘူး။
မတ်ရဲ့ကိုကာကိုလာနှင့်ပတ်သက်တဲ့ တွစ်တာပို့စ်ဟာ အွန်လိုင်းမှာ လူသိများသွားပါတယ်။ ဟန်တာဘိုင်ဒင်ရဲ့ မူးယစ်ဆေးဝါးသုံးတဲ့ အထာက်အထားကိုဖွခဲ့တဲ့ ရီပတ်ဗလင်ကင်က လောရင်းဘိုဘတ်က “ ဟန်တာက ရှင့်ကို အကူအညီ တောင်းခဲ့လို့လား” လို့ ပြန်ရေးသားခဲ့ပါတယ်။
မတ်က တွစ်တာကိုဝယ်ယူလိုက်ကြောင်းကြေညာပြီးနောက် တွစ်တာအသုံးပြုသူတော်တော်များများက “ နောက်ထပ် ဘယ်ကုမ္ပဏီဝယ်သင့်သလဲ” ဆိုတာ အကြံပေးပို့စ်တွေ တွစ်တာမှာရေးခဲ့ကြပါတယ်။
တစ်ယောက်ကတော့ မတ်ဟာ ဖောက်စ် ကိုဝယ်သင့်တယ်လို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ "Firefly" စီးရီး ကိုနောက်ထပ်အတွဲ ထပ်ကြည့်ချင်သေးလို့ပါ လို့သူကပြောတာပါ။မတ်က အဲဒီစီးရီးနှင့်ပတ်သက်လို့ “အချို့သောသိပ္ပံဆန်း ကြယ် ဇာတ်လမ်းတွေဟာ တကယ့်ကိုကောင်းတာပဲ” လို့ပြောခဲ့လို့ပါ။
နောက်တစ်ယောက်ကတော့ မတ်ကို Historyရုပ်သံလိုင်းကို ဝယ်ခိုင်းပါတယ်။ မတ်က အဲဒီသူရဲ့ပို့စ်ကို မျက်ရည်ထွက်အောင် ရယ်နေတဲ့ အီမိုဂျီအရုပ်ကလေးနှင့် ပြန်ပြီး အကြောင်းကြားတုန့်ပြန်ခဲ့ပါတယ်။
Source Insider
#LocalNews
Published - 28 April 2022
IBEC ဆရာ တော်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နန့်စန်မြို့တွင်
ဗုဒ္ဓတက္ကသိုလ်တည်ထောင်သွားနိုင်ဖို့ စီစဥ်ဆောင်ရွက်နေတယ်လို့ IBEC သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ နန့်စန်ဒေသတွင် ဒေသခံဆရာတော်ဘုရားကြီးများ၏ ဩဝါဒ မြို့နယ်ခရိုင် ပြည်နယ် ဗဟိုဝန်ဆောင်အပါအဝင် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ဘုရားကြီးများ ဦးထိပ်ထားပြီး နယ်ခံပရိယတ္တိ-ခေတ်ပညာတတ်မြောက်ကြသော သံဃာတော်များပူးပေါင်းပါဝင်လျှက် ဒကာ/ဒကာမများစုပေါင်းညီညာစွာဖြင့် မြတ်ဗုဒ္ဓသာသနာအရည်တည်တံ့စေရန် နန့်စန်ဗုဒ္ဓတက္ကသိုလ်(Nant San Buddhist University -NSBU)တည်ထောင်နိုင်ရန် ကြိုးစားဆောင်ရွက် နေတာဖြစ်တယ်လို့ IBEC ဆရာ တော်က မိန့်ကြားပါတယ်။
"ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ဖို့အတွက် သာသနာကိုချစ်မြတ်နိုးတဲ့ ဒကာကြီးဦးအောင်၀င်းသိန်းမှ ဒေါ်နန်းဝေဝေမိသားစုထံမှ မြေဧက (၁၀၀)အလှူခံပေးခဲ့ပါတယ်။ ဧပြီ ၂၅ ရက်နေ့မှာလည်း အလှူရှင်မိသားစုနဲ့အတူ နန့်စန်မြို့မှာရှိတဲ့ သာသနာမြေနေရာသို့ သွားရောက်ကြည့်ရှုခဲ့ပါတယ်။"လို့ IBEC ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။
အဆိုပါ စီမံကိန်းမြေနေရာကို သာသနာပြုမြေနေရာပြုလုပ်ရန် သံဃာ့အဖွဲ့အစည်း၏ စည်းမျဉ်းအရဆောင်ရွက်ရန်အချိန်ကာလ (၃)နှစ်ခန့်အချိန်ယူကြရမည်ဖြစ်ပြီး စီမံကိန်းကို(၁၀)နှစ်ခန့် အချိန်ယူဆောင်ရွက်ကြရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ယခုတည်ဆောက်မည့် ဗုဒ္ဓတက္ကသိုလ်သည် တစ်ဦးတစ်ပါးပိုင်မဟုတ်ပဲ သာသနာတော်နှင့် နန့်စန်ဒေသ၏ သာသနာအမှတ်တံဆိပ်အဖြစ်ဆောင်ရွက်ကြရန် ပဏာမသဘောတူခဲ့ကြတယ်လို့လည်း IBEC သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရပါတယ်။
ဓါတ်ပုံ - IBEC သတင်းထုတ်ပြန်ရေးအဖွဲ့
ymg/kg
#Yangon_Media_Group
#Local_News
Published_ 28 April 2022
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) အောက်တိုဘာလမှ မတ်လအထိ ၆ လတာကာလအတွင်း ကုန်သွယ်မှုပို့ငွေ အမေရိကန်ဒေါ်လာ ၃၂၄ သန်း ရရှိခဲ့တယ်လို့ SAC မှ ထုတ်ပြန်ထားပါတယ်။
အဆိုပါကာလအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု(ယာယီစာရင်းအရ) ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၂၇၉ သန်းရှိခဲ့ပြီး၊ ပြည်ပသွင်းကုန်တန်ဖိုး ဒေါ်လာ ၇၉၅၅ သန်းရှိခဲ့ကာ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၆၂၃၄ သန်းဖြစ်ပြီး၊ ကုန်သွယ်မှု ပို့ငွေ ၃၂၄ သန်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တွင် ဒေါ်လာ ၉၈ သန်းကျော်နှင့် သွင်းကုန်တွင် ဒေါ်လာ ၁၆၄ သန်းပိုမိုခဲ့ပြီး ကုန်သွယ်မှုပမာဏ ၂၆၃ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ယခုနှစ်တွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ လယ်ယာထွက် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲမျိုးစုံ၊ ရေထွက် ငါး၊ ပုစွန်နှင့် အခြားရေထွက်များ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ စက်မှုကုန်ချောပစ္စည်း (ချုပ်ပြီးအထည်) တို့ ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် ယခင်နှစ်အလားတူကာလထက် ဒေါ်လာ သန်း ၁၆၀၀ ကျော် ပိုမိုရရှိခဲ့ပါတယ်။
ထို့ပြင် နိုင်ငံတော်ရဲ့ နိုင်ငံခြားငွေ လိုအပ်ချက်လျှော့ချနိုင်ရန် အရေးကြီးကုန်စည်မဟုတ်တဲ့ မော်တော်ယာဉ်ကဲ့သို့ ပစ္စည်းများတင်သွင်းမှုကို စိစစ်ကန့်သတ်ခြင်း၊ စားအုန်း ဆီကို ပြည်တွင်းဈေးကွက်စားသုံးမှု လိုအပ်ချက်နှင့်အညီ စိစစ်တင်သွင်းမှုပြုခဲ့တာကြောင့် ယခင်ထက် တန်ချိန်လျှော့ချတင်သွင်းနိုင်ခြင်း၊ ပြည်တွင်းမှာ ထုတ်လုပ်နိုင်မယ့် အစားထိုးကုန်စည်များကို ပြည်ပမှတင်သွင်းမှု စိစစ်လျှော့ချခြင်းတို ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
Published 28 April 2022
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ မြန်မာနိုင်ငံသို့ အလုပ်သဘော အလည်အပတ်ရောက်ရှိနေတဲ့ Republic of Tatarstan တာဆာစတန်သမ္မတနိုင်ငံ သမ္မတ Mr. Rustam Nurgaliyevich Minnikhanov ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ကို နစကရုံး သံတမန်ဆောင်တွင် ဒီကနေ့ ဧပြီ(၂၈)ရက်နေ့မှာ တွေ့ဆုံတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
တာတာစတန်သမ္မတနှင့် နစက ဥက္ကဋ္ဌတို့ဟာ မြန်မာနှင့် တာတာစတန်တို့အကြား စီးပွားရေးနှင့်ရင်းနှီးမြှပ်နှံမှု ပူးပေါင်း ဆောင်ရွက်နိုင်ရေး ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ သတင်းအရင်းအမြစ်များကဆိုပါတယ်။
တာတာစတန်သမ္မတဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဝန်ကြီးဌာနတွေက အကြီးအကဲတွေနှင့်တွေ့ဆုံဖို့ရှိပြီး တာတာစတန်နှင့် မြန်မာနိုင်ငံတို့မှ စီးပွားရေးအသိုက်အဝန်းတွေရဲ့ စီးပွားရေးဆွေးနွေးပွဲတွေကျင်းပသွားမယ်လို့ တာတာစတန်သမ္မတရုံံးက သတင်း ထုတ်ပြန်ပါတယ်။
တာတာစတန်သမ္မတနှင့အတူ စက်မှုနှင့်စီးပွားရေးဝန်ကြီး အဲလ်ဘတ်ကာရီမော့ဗ်၊ KAMAZ PJSC ရဲ့ အထွေထွေ ညွှန်ကြားရေးမှူး ဆာဂျေးကိုဂိုဂင်၊ Kazan Helicopter Plant JSCရဲ့ အရောင်းဆိုင်ရာဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ၊ Eidos-Medicine LLCရဲ့ အထွေထွေညွန်ကြားရေးမှူးနှင့် Kazan Fat Plant JSCနှင့် အခြားအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေလိုက်ပါလာတယ်လို့ တာတာစတန်သမ္မတရုံးသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
#WorldPolitics
Published 28 April 2022
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'နဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့အစည်း(ASEAN)မှခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကြမယ့် အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးပွဲသို့ ဖိလစ်ပိုင်သမ္မတ'ရိုဒရီဂိုဒူတာတေ'တက်ရောက်မှာမဟုတ်ကြောင်း အသိပေးလိုက်ပါတယ်။
မကြာခင် အသစ်တက်ရောက်မယ့် အုပ်ချုပ်ရေးအစိုးရအဖွဲ့ လက်မခံနိုင်တဲ့အနေအထားဖြစ်မှာဆိုးတာကြောင့် အခုလိုဆုံးဖြတ်ချက်ချတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်-အာဆီယံအစည်းအဝေးပွဲက မေလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိကျင်းပမှာဖြစ်ပြီး ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲက မေလ ၉ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။
ဒါကြောင့် အမေရိကန်မှတာဝန်ရှိသူများက သူ့ကိုအစည်းအဝေးပွဲတက်စေချင်ရင်တောင် အစိုးရသစ်မျက်နှာရှိနေတာကြောင့် သင့်တော်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
အစည်းအဝေးပွဲကို မေလ ၁၂ နဲ့ ၁၃ ရက်နေ့တွေမှာပြုလုပ်သွားမယ်လို့ အိမ်ဖြူတော်က အစောပိုင်းကကြေညာထားပါတယ်။
သမ္မတ'ဒူတာတေ'က "အဲဒီအချိန်ရွေးကောက်ပွဲပြီးသွားလို့ နောက်သမ္မတအသစ်ကဘယ်သူလဲဆိုတာ ကျုပ်တို့အားလုံး သိပြီးသွားတဲ့အခါကျရင် ကျုပ်အနေနဲ့ အစည်းအဝေးပွဲတက်ရောက်ဖို့က မသင့်တော်တော့ပါဘူး။
သမ္မတအသစ်ရှိနေလျက်နဲ့ ကျုပ်ကအစည်းအဝေးပွဲသွားတက်တာမျိုးက မဖြစ်သင့်ပါဘူး" လို့ အင်္ဂါနေ့နံနက်ပိုင်းက မိန့်ခွန်းပြောကြားခဲ့တာကို ရုပ်သံလွှင့်ကြေညာခဲ့ပါတယ်။
"အစည်းအဝေးပွဲရောက်တဲ့အခါ ပြုလုပ်ရမယ့်လုပ်ငန်းဆောင်တာတွေ၊ လိုက်နာရမယ့်ကတိကဝတ်တွေပေးရတာမျိုး ရှိလာနိုင်ပါတယ်။ အသစ်တက်လာမယ့်အစိုးရအဖွဲ့လက်မခံနိုင်တဲ့ အခြေအနေမျိုးကို ကျုပ်ကျူးလွန်မိသွားမှာစိုးရိမ်ပါတယ်" လို့ ဇွန်လ ၃၀ ရက်နေ့မှာ သမ္မတရာထူးမှအနားယူမယ့် 'ဒူတာတေ'က ရှင်းပြသွားပါတယ်။
အမေရိကန်-အာဆီယံအစည်းအဝေးပွဲဟာ ပြီးခဲ့တဲ့မတ်လကကျင်းပရမှာဖြစ်ပေမယ့် ပဋိပက္ခတွေ၊ ယူကရိန်း-ရုရှားအရေးတွေကြောင့် နောက်ဆုတ်လိုက်ရတာဖြစ်ပါတယ်။
အခုကျင်းပမယ့်အစည်းအဝေးပွဲဟာ အမေရိကန်သမ္မတတစ်ယောက်က အာဆီယံခေါင်းဆောင်များကိုလက်ခံတွေ့ဆုံတဲ့ ဒုတိယမြောက်ထိပ်သီးအစည်းအဝေးပွဲဖြစ်လာမှာပါ။
အာဆီယံခေါင်းဆောင်တွေကို ပထမဆုံးလက်ခံတွေ့ဆုံခဲ့တဲ့အမေရိကန်သမ္မတကတော့ 'ဘာရက်အိုဘားမား'ဖြစ်ပါတယ်။
'အိုဘားမား'က ၂၀၁၆ ခုနှစ်ဖေဖော်ဝါရီလမှာ ကယ်လီဖိုးနီးယားပြည်နယ် ရန်ချိုမီရာ့ဂျ်မြို့ရှိ ဆန်နီလန်းစ်အိမ်ရာမှာ အာဆီယံခေါင်းဆောင်များနဲ့ အစည်းအဝေးပြုလုပ်ခဲ့တာဖြစ်ပြီး ဒီထိပ်သီးအစည်းအဝေးပွဲဟာ အရှေ့တောင်အာရှအပေါ် အမေရိကန်ရဲ့ အလေးထားမှုကို အလေးနက်ပြသတဲ့ ပြယုဂ်လည်းဖြစ်ပါတယ်။
Source: tribune.net.ph.
#Yangon_Media_Group
#DailyNews
Published -28 April 2022
၁။ နိုင်ငံခြားသားပြန်ဝင်နိုင်သည့် ကမ္ဘာ့အမွေအနှစ်ဒေသများတွင် လုံခြုံရေးစီမံချက်နှင့် ကိုဗစ်ကာကွယ်ရေးများ ကြိုတင်ပြင်ဆင်ထား
၂။ ပူတာအိုဒေသမှ စစ်ဘေးရှောင် ပြည်သူ ၂၀၀ ကျော်တို့ နေရပ်ပြန်ကြပြီ
၃။ မိုးလေဝသ သတင်း
၄။ နှစ်ပေါင်း(၄,၅၀၀)သက်တမ်းရှိ နတ်ဘုရားပုံကျောက်တုံးရုပ်ထု ဂါဇာကမ်းမြောင်တွင် တူးဖော်တွေ့ရှိ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 28 April 2022
Republic of the Tatastan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov နှင့်ကိုယ်စားလှယ်အဖွဲ့ အလုပ်သဘောခရီးဖြင့် နေပြည်တော်သို့ ဧပြီ ၂၇ ရက် ညပိုင်းတွင် ရောက်ရှိလာကြောင်း သတင်းရရှိပါတယ်။
Republic of the Tatastan သမ္မတနှင့်အဖွဲ့အား SAC နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Dr. Nikolay LISTOPADOV တို့က နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကြိုဆိုနှုတ်ဆက်ခဲ့ကြ ပါတယ်။
Republic of the Tatastan သမ္မတနှင့်အဖွဲ့သည် မြန်မာနိုင်ငံရောက်ရှိစဉ် SAC တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
SAC ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဇွန် ၂၅ ရက် တွင် Republic of the Tatastan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov နှင့် Kazan မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ဖူးကြောင်း သိရပါတယ်။ Mr. Rustam Nurgaliyevich Minnikhanov သည် မြန်မာနိုင်ငံသို ၂၀၁၃ ခုနှစ်တွင်လည်း လာရောက်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးခဲ့ဖူးသည်။
ymg-mnn
#Yangon_Media_Group.
Page 1485 of 1618