#LocalNews
Published-11 Feb 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လုပ်ငန်းလိုင်စင်ရယူပြီးဖြစ်တဲ့ယာဉ်တွေ မှတ်ပုံတင်ရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) က သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 11 Feb 2022
အိုမီခရွန်ရောဂါပိုး စတင်တွေ့ရှိခဲ့တဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ တမူးမြို့တွင် လက်ရှိအချိန်တွင် ကိုဗစ်အတည်ပြု လူနာ ၆၂ ဦးသာကျန်ရှိတော့သည့်အတွက် ယခု ဖေဖော်ဝါရီလအတွင်း ကုန်သွယ်ရေးနှင့် ခရီးသွားလာခွင့် တွေကို ပြန်ဘည်ဖွင့်သွားပေးဖို့ရှိနေတယ်လို့ တမူးမြို့ဒေသခံများထံမှ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 11 Feb 2022
၁။ လုပ်ငန်းလိုင်စင်ယူထားသော ယာဉ်များ မှတ်ပုံတင်ရမည်။
၂။ တမူးမြို့တွင် ကိုဗစ်လူနာ ၆၂ ဦး သာကျန်ရှိ ယခုဖေဖော်ဝါရီလအတွင်း ကုန်သွယ်ရေးနှင့်ခရီးသွားလာခွင့်တွေကို ပြန်ဖွင့်ပေးဖို့ရှိနေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ တောင်အာဖရိကဝိုင် သက်တမ်း ၃၆၃ နှစ်ပြည့်အောင်ပွဲခံ.....အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published -11 Feb 2022
ဖေဖော်ဝါရီလ ၁၁ ရက် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)စတဲ့ မြို့နယ် ၃ ခု မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။
ဖြစ်စဥ်များမှာ ယနေ့ နံနက်၈နာရီ ၄၂ မိနစ်က သင်္ဃန်းကျွန်းမြို့နယ်၊ (ဃ)ရပ်ကွက်၊ ယုဇနလမ်းတွင်က မီးလောင်မှုဖြစ်ပွားရာ သင်္ဃန်းကျွန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များထွက်ခွာခဲ့ရာ နံနက် ၉ နာရီ အကျော်တွင် မီးငြိမ်းသွားခဲ့ပါတယ်။
ဆက်လက်ပြီး သာကေတမြို့နယ်၊ (၅)ရပ်ကွက်၊ ရှုခင်းသာလမ်းတွင် ကား(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာကေတမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြိမ်းသတ်ခဲ့ရာ မီးလောင်မှုမှာ အင်ဂျင်အပူလွန်ကဲ၍ မီးခိုးထွက်ခြင်းသာဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထပ်မံ၍ ယနေ့မွန်းလွဲ ၂ နာရီကျော်ခန့်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ သုံးခွရပ်ကွက်၊ အမှတ်(၂)လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များနှင့် လေးထောင့်ကန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ သွားရောက်ငြိမ်းသတ်ခဲ့ရာ၂ နာရီ ၁၈ မိနစ်တွင် မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။
ymg/hm
Photo-MFS
#Yangon_Media_Group
#LocalNews
Published - 11 Feb 2022
ဒီကနေ့( ဖေဖော်ဝါရီလ ၁၁ ရက်)၊ နံနက်ပိုင်းအချိန်က မုံရွာ - မန္တလေးလမ်းတွင် (၆)ဘီးယာဥ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့များထံမှ သိရပါတယ်။
အဆိုပါယာဥ်တိုက်မှုဟာ မုံရွာ - မန္တလေးလမ်း၊နတ်ရေကန်ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဥ်တိုက်မှုကြောင့် တစ်ဦးသေဆုံးခဲ့ရပြီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
"ကုန်တင်ကားနှစ်စီးတိုက်မိပြီး လူနာနှစ်ဦးရှိတယ်လို့ တာဝန်သိပြည်သူတစ်ဦးမှ ဖုန်းဆက်အကြောင်းကြားလာတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့က ကယ်ဆယ်ရေးယာဉ်(၁)စီးနဲ့ လူနာတင်ယာဉ်(၂)စီးထွက်ခွာပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။"လို့ ဒေသခံလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ယာဥ်တိုက်မှုကြောင့် သေဆုံးခဲ့ရသူနှင့် ထိခိုက်ဒဏ်ရာရသူတစ်ဦးကိုလည်း ချောင်းဦးဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး(အဖွဲ့ချူပ်)က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဓါတ်ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချူပ်(မုံရွာ)
ymg/kg
#Yangon_Media_Group
#WorldSports
Published - 11 Feb 2022
မြန်မာနိုင်ငံကိုယ်စားပြု MMA ကစားသမား ထီရယ်လ်ထန်ရဲ့ တွဲဆိုင်းပါဝင်မယ့် ONE Championshipရဲ့ Bad Blood အမည်ရပြိုင်ပွဲကို ဖေဖော်ဝါရီ (၁၁)ရက် ယနေ့ညနေပိုင်းမှာ စင်ကာပူနိုင်ငံမှာကျင်းပသွားမယ်လို့ သိရပါတယ်။
ONE Championship ရဲ့ Bad Blood အမည်ရ MMA ပြိုင်ပွဲမှာ တွဲဆိုင်း (၁၃)ပွဲ ပါဝင်မှာဖြစ်ပြီးမြန်မာ့ MMA ကစားသမားထီရယ်လ်ထန်မှာ အင်ဒိုနီးရှားနိုင်ငံသား ဆူနိုတိုနဲ့ ပထမဆုံးပွဲစဉ်အဖြစ် ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။
ထီရယ်လ်ထန်မှာ ONE Championship (၅)ပွဲမြောက် ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံသား ဆာရော့သ်၊ တောင်ကိုရီးယားနိုင်ငံသား ကင်မ်ဝူဂျောင်နှင့် အင်ဒိုနီးရှားနိုင်ငံသား ပေါလ်လူမီဟီတို့ကို အနိုင်ရထားသော်လည်း နောက်ဆုံးပြိုင်ပွဲတွင် တောင်ကိုရီးယားနိုင်ငံသား ဆောင်မင်ဂျောင်ကို ရှုံးနိမ့်ထားပါတယ်။
Bad Blood ပြိုင်ပွဲတွင် အဓိကတွဲဆိုင်းများအဖြစ် ဘင်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ဘီဘီယာနို (ဘရာဇီးလ်)နှင့် ဂျွန်လိုင်နီကာ (ဘရာဇီးလ်)၊ Interim Heavyweight ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် အန်နာတိုလီ (ရုရှား)နှင့် ကီရီလ် (ဘီလာရုစ်)တို့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
ymg/hm
#Yangon_Media_Group
#Local_Culture
Published_ 11 Feb 2022
ရခိုင်ပြည်နယ် မြောက်ဦးမြို့အား ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် မြောက်ဦးမြို့၏ ရေအသုံးချမှုစနစ်ကို အီတလီနိုင်ငံပညာရှင် Professor Massimo Sarti ဦးဆောင်သောအဖွဲ့ဟာ ဖေဖော်ဝါရီလ ၉ ရက်မှစတင်ကာ ၇ ရက်ကြာ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။
မြောက်ဦးမြို့ရှိ လက်ဆည်ကန်၊ အနူမကန်၊ ကျောက်ရာဇ်ကေချောင်း၊ ငွေတောင် ပေါက်ချောင်း၊ တောင်ဖြူကျုံး၊ မင်းသမီးပေါင်း၊ ပန်းစျေးမြောင်းချောင်းနဲ့ မြောက်ဦးမြို့ရဲ့ရေလမ်းကြောင်းအခြေအနေများကို ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ လေ့လာကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် အဆိုပြုလွှာမူချောကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်က တင်သွင်းခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ယူနက်စကိုမှပညာရှင်များ လာရောက်ကွင်းဆင်းလေ့လာမယ်လို့ သိရပါတယ်။
မြောက်ဦးမြို့ကို အေဒီ ၁၄၃၀ ခုနှစ်တွင် ရခိုင်ဘုရင်မင်းစောမွန်က စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၅၄ နှစ်တိုင်အောင် ရခိုင်ဘုရင်အဆက်ဆက်ထီးနန်းစိုးစံအုပ်ချုပ်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းများမှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ- ကိုသိန်းဝင်း
ymg-mnn
#Yangon_Media_Group
#WorldPolitics
Published - 11 February 2022
ရုရှားသမ္မတ'ဗလက်ဒီမီယာပူတင်'နဲ့ ပြင်သစ်သမ္မတ'အီမန်နျူယယ်မက်ခရွန်'တို့ ယူကရိန်းအရေးကိစ္စနဲ့ပတ်သက်ပြီး ယခုအပတ်အတွင်း မော်စကို၌ အချိန်ကြာမြင့်စွာ တွေ့ဆုံဆွေးနွေးခဲ့ကြရာ 'ပူတင်'က စစ်အေးကာလအလွန်အချိန်တုန်းက အကြောင်းတွေကို ပြန်ပြောင်းပြောဆိုနေခဲ့ကြောင်း ပြင်သစ်ခေါင်းဆောင်အသိုင်းအဝန်းရဲ့ သတင်းအရင်းအမြစ်နှစ်ခုကနေ ဖော်ပြလိုက်ပါတယ်။
မော်စကိုမှာ တနင်္လာနေ့ကပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲအကြောင်းကို ပြင်သစ်ကိုယ်စားလှယ်အဖွဲ့က ထုတ်ပြန်ရာမှာ အခုတွေ့ဆုံပြောဆိုခဲ့တဲ့ 'ပူတင်'က လွန်ခဲ့တဲ့ ၃ နှစ်က ဖရန့်ချ်ရီဗီရာကမ်းခြေမှာ တွေ့ဆုံခဲ့ဖူးတဲ့ 'ပူတင်'နဲ့ဘယ်လောက်အထိ ကွာခြားသွားသလဲဆိုတာကို 'မက်ခရွန်'အံ့အားသင့်နေရကြောင်း ဖော်ပြထားကြပါတယ်။
'ပူတင်'က အရင်တုန်းကသမိုင်းကြောင်းတွေကို ၅ နာရီလောက်ကြာအောင် ပြောဆိုနေခဲ့ကြောင်း၊ ၁၉၉၇ ခုနှစ်ကတည်းက အနောက်နိုင်ငံက ရုရှားအပေါ် ကတိချိုးဖောက်ခဲ့ကြောင်း၊ အရင်ဆိုဗီယက်နိုင်ငံဟောင်းတွေကို နေတိုး(NATO)အဖွဲ့ဝင်အဖြစ် စည်းရုံးပြီး အင်အားတိုးချဲ့ခဲ့ကြောင်း စတဲ့အကြောင်းအရာတွေကို 'ပူတင်'ကသူယုံကြည်ယူဆထားတဲ့အတိုင်း ထုတ်ဖော်ပြောခဲ့တယ်လို သတင်းအရင်းအမြစ်မှာ ဖော်ပြထားပါတယ်။
ပြင်သစ်သတင်းအရင်းအမြစ်တွေရဲ့ ထုတ်ပြန်ချက်တွေမှာ ယူကရိန်းနယ်စပ်အနီးမှာ ရုရှားစစ်အင်အား ၁ သိန်းကျော် ဖြန့်ကျက်ထားကြောင်း၊ အိမ်နီးချင်းဘီလာရုစ်နိုင်ငံနဲ့ ပင်လယ်နက်တိုမှာ ရုရှားတို စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေကြောင်း၊ ပဋိပက္ခတွေဖြစ်လာနိုင်တယ်လို အနောက်တိုင်းခေါင်းဆောင်တွေက ထပ်မံသတိပေးထားကြောင်း ဖော်ပြထားပါတယ်။
'ပူတင်'ရဲ့သဘောထားအပေါ် ပြင်သစ်ရဲ့သုံးသပ်ချက်အကြောင်း ရိုက်တာသတင်းဌာနက ရုရှားမှပြောရေးဆိုခွင့်ရှိသူကို မေးမြန်းခဲ့ရာ ဖြေကြားခြင်းမရှိခဲ့ပါဘူး။
ရုရှားဘက်ကတင်ပြထားတဲ့ လုံခြုံရေးတောင်းဆိုချက်တွေကို အနောက်နိုင်ငံက မလိုက်လျောတဲ့အပေါ် အလွန်စိတ်ပျက်မိကြောင်း 'ပူတင်'ကဆိုပါတယ်။
"စစ်ရေးဆောင်ရွက်မှုတွေမဖြစ်လာအောင် အခုဆိုရင်နှစ် ၃၀ လောက် ထိန်းသိမ်းနေလာခဲ့ကြပြီးပါပြီ။ အခုပြန်ရလိုက်တာက ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေကို လုံးဝလျစ်လျူရှုထားတာပါပဲ" လို့ တနင်္လာနေ့က မီဒီယာရှင်းလင်းပွဲမှာ 'ပူတင်'က မိန့်ဆိုခဲ့ပါတယ်။
ယူကရိန်းအရေးကိစ္စနဲ့ပတ်သက်ပြီး ရုရှားနဲ့အနောက်နိုင်ငံတွေကြား နိုင်ငံရေးတင်းမာမှုတွေမြင့်တက်နေမှုကို လျှော့ချနိုင်ဖို့ 'မက်ခရွန်'က ရုရှားနိုင်ငံထံသွားရောက်ခဲ့တာဖြစ်ပါတယ်။
သူတို့နှစ်ယောက်အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ကြရာမှာ အခြားမည်သူတစ်ဦးတစ်ယောက်မှမပါဘဲ စကားပြန်တစ်ယောက်တည်းသာ ရှိနေခဲ့ပါတယ်။
ပြင်သစ်ဘက်ကဖော်ပြချက်အရ အရင်ဆိုဗီယက်နိုင်ငံဟောင်းတွေဖြစ်တဲ့ ပိုလန်၊ ဟန်ဂေရီ၊ ချက်နိုင်ငံတို့ကို မဟာမိတ်အဖွဲ့ဝင်ဖြစ်လာရေး ၁၉၉၇ နေတိုးအဖွဲ့ သဘောတူညီချက်အကြောင်းကိုလည်း ပူတင်က ထပ်ခါထပ်ခါပြောဆိုနေခဲ့ကြောင်း သိရှိရပါတယ်။
'မက်ခရွန်'ပြောကြားချက်ထဲမှာ ၂၀၁၉ ခုနှစ် ပြင်သစ်မှာ 'ပူတင်'ကို လက်ခံတွေ့ဆုံစဉ်က အခုလောက်သမိုင်းကြောင်းကို ပြန်ပြောင်းမပြောဘဲ သဘောထားမခက်ထန်ကြောင်း ပြောကြားထားပါတယ်။
နိုင်ငံရေးတင်းမာမှုတွေကိုရပ်တန့်ပစ်ရန် အလားအလာရှိနေကြောင်း၊ ရုရှားကိုနောက်ပြန်ဆုတ်ခိုင်းဖို့ကလည်း စောလွန်းသေးကြောင်း၊ ပစ်ခတ်မှုတွေဖြစ်လာနိုင်တဲ့ အန္တရာယ်တွေလည်း ရှိနေသေးကြောင်း 'မက်ခရွန်'က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
Source: Reuters
#WorldHealth
Published- 11 February 2022
ကိုဗစ်ကပ်ရောဂါပျံ့ပွားမှုကြောင့် တစ်ကမ္ဘာလုံးကလူတွေ နှာခေါင်းစည်းတပ်ဆင်တာဟာ ပုံမှန်နေထိုင်မှုဘဝလိုဖြစ်နေပါပြီ။ဒါပေမဲ့ ကလေးငယ်တွေအတွက်ကတော့ နှာခေါင်းစည်းအုပ်ထားတဲ့မျက်နှာတွေကို မှတ်မိဖို့ အခက်အခဲရှိလာကြောင်း ကနေဒါရှိ ယော့ခ်တက္ကသိုလ်နဲ့ အစ္စရေးလ်ရှိ ဘန်ဂူရီယန်တက္ကသိုလ်တို့က လေ့လာတွေ့ရှိခဲ့ကြပါတယ်။
ကိမ်းဘရစ်ဂျ်မျက်နှာ မှတ်မိနိုင်စွမ်းစမ်းသပ်နည်းအတိုင်း နှာခေါင်းစည်းတပ်ထားတဲ့မျက်နှာတွေနဲ့ နှာခေါင်းစည်းမတပ်ထားတဲ့မျက်နှာတွေအား ခွဲခြားမှတ်မိနိုင်တဲ့စွမ်းရည်ကို ကျောင်းနေအရွယ်ကလေး ၇၂ ယောက်ဖြင့်စမ်းသပ်ခဲ့ကြပါတယ်။
အရင်ကစမ်းသပ်ခဲ့ရာမှာလည်း နှာခေါင်းစည်းတပ်ဆင်ထားတဲ့လူကြီးအချင်းချင်းတောင် မှတ်မိဖို့ အခက်အခဲဖြစ်တာကို တွေ့ရှိခဲ့ပါတယ်။
ဒါပေမဲ့ကလေးငယ်တွေမှာ ပိုဆိုးပြီး မျက်နှာမှတ်မိနိုင်စွမ်းချို့ယွင်းမှုနှုန်းက ၂၀ ရာခိုင်နှုန်းရှိကာ လူကြီးတွေမှာတော့ ၁၅ ရာခိုင်နှုန်းရှိနေပါတယ်။
"အမြင်အာရုံအတိုင်းသိရှိဖို့မှာ မျက်နှာက အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့မျက်နှာကိုကြည့်ပြီး သူ့ရဲ့ကျား/မအခြေအနေ၊ အသက်အရွယ်၊ စိတ်နေစိတ်ထား၊ ရည်ရွယ်ချက်စတဲ့ အချက်အလက်တွေကို သိရှိစေနိုင်ပါတယ်။ ဒီအချက်အလက်တွေကိုအသုံးပြုပြီး လူမှုပေါင်းသင်းဆက်ဆံရေး ပြုလုပ်ရတာဖြစ်ပါတယ်" လို့ ယော့ခ်တက္ကသိုလ် ကျန်းမာရေးဌာနမှ တွဲဖက်ပရော်ဖက်ဆာ 'အီရက်ဇ်ဖရော့'က ရှင်းပြလိုက်ပါတယ်။
ယေဘုယျအားဖြင့် လူသားတွေက မျက်နှာကို တစ်စိတ်တစ်ပိုင်းအနေနဲ့ မကြည့်ဘဲ ခြုံငုံမှတ်သားလေ့ရှိပါတယ်။
ဒါပေမဲ့ကလေးတွေက မျက်နှာတွေကို ကြည့်ရှုတဲ့အခါမှာတော့ အနည်းငယ်ကွဲပြားပါတယ်။
ကလေးတွေ လေ့လာကြည့်ရှုနေတဲ့ မျက်နှာတွေက နှာခေါင်းစည်းအုပ်ထားလိုက်ရင် သူတို့ရဲ့ခြုံငုံမှတ်မိနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။
ကိုဗစ်ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရခြင်းတွေ ဆက်လက်တည်ရှိနေမှာဖြစ်ပြီး စာသင်ကျောင်းတွေပြန်ဖွင့်တဲ့အခါ ကလေးတွေအနေနဲ့ နှာခေါင်းစည်းတပ်ထားတဲ့သူတွေကို အဆက်မပြတ်မြင်တွေ့နေရမှာဖြစ်ပါတယ်။
"ခြုံငုံသိရှိနိုင်စွမ်းနဲ့ မှတ်မိနိုင်စွမ်းတို့ ချို့ယွင်းပြီဆိုရင် ကလေးတွေအနေနဲ့ ဆရာတွေ ကျောင်းသားတွေနဲ့ ဆက်ဆံပြောဆိုတဲ့အခါ အခက်အခဲဖြစ်လာနိုင်ပါတယ်" လို့ 'ဖရော့'က ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ကမ္ဘာ့နေရာအများစုမှာ နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ခိုင်းထားကြပါတယ်။သုတေသနလေ့လာမှုအမျိုးမျိုးတွင် နှာခေါင်းစည်းတွေရဲ့ အရေးပါမှုက ထင်ရှားနေတာကြောင့် စာသင်ခန်းလိုနေရာတွေမှာ နှာခေါင်းစည်းတပ်ဆင်ဖို့က မရှိမဖြစ်အရေးပါလာမှာဖြစ်ပါတယ်။
Source: The Jerusalem Post
#WorldHealth
Published - 11 February 2022
နယူးယော့ခ်မြို့ရှိ အမြီးဖြူသမင်တွေမှာ အိုမီခရွန်မျိုးဗီဇကွဲတွေ့ရှိခဲ့ကြောင်း ဦးဆောင်သုတေသနပြုသူတစ်ဦးက အင်္ဂါနေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။အမေရိကန်ပြည်ထောင်စုမှာ အိုမီခရွန်ကူးစက်မှုပေါင်း သန်း ၃၀ ခန့်ရှိနေပြီး နောက်ထပ်ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲ ဖြစ်ပေါ်လာမှာကိုစိုးရိမ်နေရပါတယ်။
နယူးယော့ခ်မြို့ စတာတန်ကျွန်းမြို့နယ်မှာ သမင် ၁၃၁ ကောင်ကို ဖမ်းဆီးခဲ့ပြီး သွေးနမူနာနဲ့ နှာခေါင်းတို့ဖတ်စတို့ကို စစ်ဆေးခဲ့ရာမှာ သမင်အကောင်ရေ ၁၅ ရာခိုင်နှုန်းနီးပါးလောက်က ဗိုင်းရပ်စ်ပဋိပစ္စည်း antibody တွေ ရှိနေကြောင်း ထွက်ပေါ်လာပါတယ်။
တိရိစာ္ဆန်တွေမှာ ကိုရိုနာဗိုင်းရပ်စ်တွေ ကူးစက်ခံရပြီးနောက် နောက်ထပ်မျိုးဗီဇကွဲအသစ်တွေ ကူးစက်နိုင်သေးကြောင်း ပန်ဆယ်လ်ဗေးနီးယားပြည်နယ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များဦးဆောင်တဲ့ သုတေသီအဖွဲ့က ပြောသွားပါတယ်။
"တိရိစာ္ဆန်မျိုးနွယ်တစ်ခုမှာ ဗိုင်းရပ်စ်ကူးစက်ပြီဆိုရင် လူသားတွေထံကူးစက်လာဖို့ ဖြစ်နိုင်ချေများလာပါတယ်။ ဒီထက်ပိုဆိုးတာက ဗိုင်းရပ်စ်က မျိုးဗီဇကွဲအသစ်တွေအဖြစ် ဆင့်ကဲပြောင်းလဲလာနိုင်တာပဲဖြစ်ပါတယ်" လို့ တိရိစာ္ဆန်အထူးကုအဏုဇီဝပညာရှင် 'ဆူရက်ရှ်ကူချီပူဒီ'က ရှင်းပြခဲ့ပါတယ်။
"ဗိုင်းရပ်စ်က လုံးဝသန္ဓေပြောင်းလဲသွားတဲ့အခါ လက်ရှိကာကွယ်ဆေးတွေနဲ့ မကာကွယ်နိုင်တော့ပါဘူး။ အဲဒီအခါကျရင် ကာကွယ်ဆေးအသစ်တွေ ပြောင်းလဲထုတ်လုပ်ရမှာပါ"
အမေရိကန်ပြည်သူများအကြား အိုမီခရွန်မျိုးဗီဇကွဲ ကိုဗစ်ရောဂါကူးစက်မှုတွေ လျော့ပါးသွားတဲ့အချိန်မှာ တောရိုင်းတိရိစာ္ဆန်တစ်ကောင်တွင် ပထမဆုံးအကြိမ်အိုမီခရွန်မျိုးဗီဇကွဲကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဗိုင်းရပ်စ်က တိရိစာ္ဆန်တွေကနေ လူသားတွေဆီ ကူးစက်နိုင်တယ်ဆိုတဲ့ အထောက်အထားတွေ မတွေ့ရဘဲ ကိုဗစ်ရောဂါကူးစက်ထားတဲ့လူသားနဲ့ အနီးကပ်ထိတွေ့ရတဲ့ တိရိစာ္ဆန်မျိုးနွယ်တွေမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို အများဆုံးတွေ့နေရပါတယ်။
ဩဂုတ်လက အိုဟိုင်ယိုပြည်နယ်ရှိ တောရိုင်းသမင်တစ်ကောင်မှာ ကိုဗစ်ရောဂါကူးစက်မှုကို ပထမဆုံးဖြစ်ရပ်အဖြစ်တွေ့ရှိခဲ့ပါတယ်။ဗီဇပြောင်းလဲမှုများစွာဖြစ်ပေါ်ထားတဲ့ အိုမီခရွန်မျိုးဗီဇကွဲမပေါ်လာခင် ဒယ်လ်တာမျိုးဗီဇကွဲကူးစက်မှု အဖြစ်များနေတဲ့အချိန်တုန်းက သမင်တွေဆီကနေ နမူနာများရယူကာ လေ့လာခဲ့တာဖြစ်ပါတယ်။
ဒီမတိုင်ခင်က ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တဲ့ တိရိစာ္ဆန်တွေထဲမှာ ခွေး၊ ကြောင်၊ ကျား၊ ခြင်္သေ့၊ နှင်းကျားသစ်၊ ဖျံ၊ မျောက်ဝံနဲ့ မြွေပါကတိုးသတ္တဝါများ ပါဝင်ထားပါတယ်။
Source: The Jerusalem Post
Published 10 Feb 2022
မြန်မာနိုင်ငံနှင့် အာဖဂန်နစ္စတန်တို့ဟာ ကမ္ဘာ့ဒီမိုကရေစီအဆင့်သတ်မှတ်ချက်အရ မြောက်ကိုးရီးယားနိုင်ငံရဲ့အောက် အဆင့်သတ်မှတ်ချက် အနိမ့်ဆုံးနေရာတွေထဲ ကျရောက်သွားတယ်လို့ အီကော်နောမစ်မဂ္ဂဇင်း၊ Economist Intelligence Unit ရဲ့ အစီရင်ခံစာအသစ်အရသိရကြောင်း ဂျပန်မီဒီယာ နစ်ကေးအေးရှားက ရေးသားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းဆည်းလိုက်တာနှင့်အာဖဂန်မှာ တာလီဘန်တို့သိမ်းယူလိုက်တာကြောင့် နှစ်နိုင်ငံရဲ့ ဒီမိုကရေစီ အဆင့်ဟာ သိသိသာသာပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် အာရှဒေသတစ်ခုလုံးရဲ့ အဆင့်ဟာလည်း မနှစ်က ၅.၆၂ အညွှန်းမှတ်ကနေ ၅.၄၆ အညွှန်းမှတ်သို့ကျဆင်းသွားရတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ ယခင်က အညွှန်းမှတ်၃.၀၄ ရှိနေရာကနေ ယခု ၁.၀၂သို့ကျဆင်းသွားပြီး အာဖဂန်နစ္စတန်ဟာ ယခင် ၂.၈၅ရှိခဲ့ရာမှ ၀.၃၂ သို့ကျဆင်းသွားရတာဖြစ်ပါတယ်။
“ အားကောင်းတဲ့ဒီမိုကရက်တစ်အဖွဲ့အစည်းတွေနှင့် တည်ငြိမ်တဲ့ လူမှုအခြေအနေ၊ ကျယ်ပြန့်စွာထောက်ခံမှုရတဲ့ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံရတဲ့ အစိုးရတစ်ရပ်တို့ ပျက်ကွက်နေခြင်းဟာ ရန်လိုတဲ့နိုင်ငံရေးအင်အားစုတွေနှင့် ရုတ်တရက်ပြောင်းပြန်လှန်မှုတွေဖြစ်စေခဲ့ပါတယ်” လို့ အစီရင်ခံစာမှာဖော်ပြထားတယ်လို့ သတင်းကဆိုပါတယ်။
တစ်ဖက်မှာ အင်ဒိုနီးရှားဟာ အဆင့်၅၂နေရာကနေ အဆင့်၁၂ကို ခုန်တက်သွားပါတယ်။ ဒါဟာ နိုင်ငံပေါင်း ၁၆၇နိုင်ငံမှာ ဒုတိယမြောက်အကြီးမားဆုံးတိုးတက်မှုဖြစ်ခဲ့ပါတယ်။
အာရှဒေသထဲက နိုင်ငံ၂၈နိုင်ငံအနက် ၈နိုင်ငံဟာ ညွှန်းမှတ်တွေစံချိန်တင်ကျဆင်းခဲ့ပြီး အဲဒီအထဲမှာ တရုတ်လည်းပါဝင်ခဲ့ပါတယ်။ တရုတ်ဟာ အဆင့် ၁၄၈နေရာရောက်သွားပါတယ်။ပုဂ္ဂလိကကော်ပိုရေးရှင်းတွေရဲ့ ဆုံးဖြတ်ချက်ချတဲ့လုပ်ငန်းတွေမှာ အစိုးရရဲ့ပါဝင်ပတ်သက်မှုတွေတိုးလာတာကြောင့် ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုအခွင့်အရေးတွေအားနည်းခဲ့ရပါတယ်။ အဲဒါကြောင့် ညွှန်းကိန်းကျဆင်းသွားတာလို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
Source NikkeiAsia
Published 10 Feb 2022
ဗုဒ္ဓဘာသာနာ စည်ပင်ပြန့်ပွားအကျိုးများစေရန် ရည်သန်၍ မကွေးတိုင်းဒေသကြီး ၊ပွင့်ဖြူမြို့နယ်၊လယ်ကိုင်းကျေးရွာအုပ်စု၊ သက်သာပန်းတောင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတိုက် ဝတ္ထုကံတော်အတွင်း စကြာပန်းတောင်းစေတီတော် ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေသ အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကို ယနေ့ ဖေဖော်ဝါရီ ၁၀ရက် မနက်က ကျင်းပခဲ့ပါတယ်လို့သိရပါတယ်။
အဲဒီအခမ်းအနားကို ဘုရားဒါယာကတွေဖြစ်ကြတဲ့ နစကဥက္ကဋ္ဌနှင့်ဇနီးမိသားစုနှင့် အခြားဘုရားဒါယကာများ၊ဒါယိကာမများ၊စေတနာရှင် အလှုရှင်များတက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မင်္ဂလာအခါတော်ကျရောက်တဲ့အခါ မြလေယာဉ် မင်္ဂလာရထားပျံဖြင့် ဆပ်သွားဖူးတော်နှင့် ရွှေဟင်္သာတို့ကို ပထမအကြိမ်အဖြစ်တင်လှုပူဇော်ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်မိသားစုတွေက ရွှေထီးတော်ဘုံဆင့်များနှင့်ရတနာငှက်မြတ်နားတော်တို့ကို တင်လှူပူဇော်ခဲ့ကြတယ်လို့သိရပါတယ်။
အဲဒီနောက် စကြာပန်းတောင်းစေတီတော်ကို ဗုဒ္ဓဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူခဲ့ကြပါတယ်။
အဆိုပါ စကြာပန်းတောင်းစေတီတော်ကို မူလပထမအနေဖြင့် ၂၀၀၄ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ပွင့်ဖြူမြို့နယ် အလှုရှင် ဦးစိုးမင်းနှင့်မိသားစုက ဉာဏ်တော် ၉တောင် အမြင့်ဖြင့်စတင်တည်ထားကိုးကွယ်ရန်ဆောင်ရွက်ခဲ့ပြီး ဧပြီ ၁၇ရက်တွင် တည်ထားပြီးစီးခဲ့ပါတယ်။
စကြာပန်းတောင်းစေတီကြီးဟာ ကြီးလေးကြီးဖြစ်တဲ့ ရွာသာကြီးကျေးရွာ လှည်းကြီးကျေးရွာ ကန်သာကြီးကျေးရွာ မောင်တောကြီးကျေးရွာတို့ရဲ့အလယ်မှာတည်ထားကိုးကွယ်တာဖြစ်ပါတယ်။
လယ်ကိုင်းကျေးရွာအုပ်စု နိဗ္ဇာန်တောင်ကျောင်းဆရာတော် ဘဒ္ဒန္တဝိသုန္တက “ ကြီးလေးကြီးအလယ်မှာ ကြက်ပျံမကျ စည်ကားကြ ပြည်ကြီးအေးချမ်းသာယာမည် လို့ တဘောင်မိန့်ဆိုခဲ့တယ်လို့အဆိုရှိကြပါတယ်။
မူလဉာဏ်တော်(၉)တောင်ရှိတဲ့စေတီကို ထပ်မံငုံပြီးဉာဏ်တော် ၄၅ ပေတိုးမြှင့်တည်ထားကိုးကွယ်ကာ စကြာပန်းတောင်ဘွဲ့အမည်သစ်ပေးခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်။
Page 1484 of 1499