#LocalNews
Published - 19 Feb 2022
နိုင်ငံခြားရင်းနှီးမြှပ်နှံမှုပမာဏာအနေနဲ့ လုပ်ငန်းအရေအတွက်ပေါင်း ၁၂၈ ခုလျော့နည်းသွားပေမယ့် ရင်းနှီးမြှပ်နှံမှုပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၅၅၈ ဒဿမ ၃၃၉ သန်း တိုးမြှင့်ဝင်ရောက်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးက ဂျပန်နိုင်ငံ Mainichi သတင်းစာမှ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ရင်းနှီးမြှုပ်နှံကဏ္ဍ လုပ်ငန်းပေါင်း ၄၄ ခုတွင် အမေရိကန်ဒေါ်လာ ၃,၈၂၃ သန်းကျော်ကို ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ကန်ဒေါ်လာ ၃,၈၂၃ သန်းကျော်မှာ UK နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂,၅၀၄ သန်းနဲ့ ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၅၁၆ သန်း မြှုပ်နှံထားပြီး စင်ကာပူနိုင်ငံမှ အမေရိကန်ဒေါ်လာ ၄၄၂ သန်း ပါဝင်မြှုပ်နှံထားတယ်လို့ သိရပါတယ်။
ခွင့်ပြုပေးလိုက်တဲ့အထဲမှာ လျှပ်စစ်ကဏ္ဍတွင် ၃,၀၆၂ သန်းနဲ့ အများဆုံးရင်းနှီးမြှုပ်နှံခဲ့ပြီး အခြားဝန်ဆောင်မှုကဏ္ဍတွေမှာက ၂၃၇ သန်းကျော်နဲ့ စက်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၉၉ သန်းကျော် ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
ဒ့ါကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကနေ နိုင်ငံသားလုပ်သား ၂၄,၂၅၈ ဦး၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှ နိုင်ငံသားလုပ်သား ၁၁,၇၀၄ ဦး စုစုပေါင်း နိုင်ငံသား ၃၅,၉၆၂ ဦးအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့ပါတယ်။
သို့ပေမယ့်လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကို မပြုလုပ်တော့ဘဲ နိုင်ငံခြားကုမ္ပဏီတချို့ ပြန်လည်ထွက်ခွာမှုတွေလည်း ရှိနေခဲ့ပါတယ်။ အဲဒီလို ထွက်ခွာရတာဟာ မိခင်နိုင်ငံက ပြန်လည်ထွက်ခွာဖို့ တွန်အားပေးတာကြောင့်လို့ ပြန်ကြားရေးဝန်ကြီးက ဆိုပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published - 19 Feb 2022
ဥရောပတိုက် စပိန်နိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့(Caceres - ကပ်ဆီးရပ်)မြို့မှာ တည်ဆောက်မည့် ဗုဒ္ဓလုမ္ဗိနီဥယျာဉ်တော်ကြီးတွင် ရွှေတိဂုံစေတီတော် ပုံစံတူကိုပါ ထည့်သွင်းတည်ဆောက်သွားဖို့ စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အဆိုပါ ဗုဒ္ဓလုမ္ဗိနီဥယျာဉ်တော်ကြီး တည်ဆောက်ဖို့အတွက် ခွင့်ပြုချက်ကိုလည်း စပိန်နိုင်ငံအစိုးရထံမှ ရရှိခဲ့ပြီးဖြစ်ပါတယ်။
"ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းတဲ့အနေနဲ့ ယူနက်စကိုက မာတီကာချာစီးတီးအဖြစ်နဲ့ တည် ဆောက်နေတာဖြစ်ပါတယ်။
စပိန်နိုင်ငံသား၊ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သူများအဖွဲ့က ဦးဆောင်ပြီး လုမ္ဗိနီဥယျာဉ်တော်ကြီးကို တည် ဆောက်ဖို့ စီမံဆောင်ရွက်နေကြတာဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ ဖွားမြင်ရာနေရာ၊ တစ်နည်းအားဖြင့်ပြောရင်တော့ ဓမ္မတရားတွေကို ဥရောပမြေမှာ လွှမ်းခြုံလာမယ့် အနေအထားဖြစ်ပါတယ်။ ဒီနေရာရဲ့ အကျယ်အဝန်းဟာလည်း ဧက ပေါင်း ၂၇၀ ကျော်လောက် ကျယ်ဝန်းပါတယ်။ ဗုဒ္ဓလုမ္ဗိနီဥယျာဉ်တော်ကြီး တည်ဆောက်ဖို့အတွက် ကပ်ဆီးရပ်မြို့ တော်ဝန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြသလို ဒီပရောဂျက်ကိုဦးဆောင်တဲ့ အဖွဲ့တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီးဖြစ်ပါတယ်။"လို့ ဥရောပတိုက် Lumbini Garden Project ဒါရိုက်အဖွဲ့က IBEC ဆရာတော်က မိန့်ကြားခဲ့ပါတယ်။
အဆိုပါ ဗုဒ္ဓလုမ္ဗိနီဥယျာဉ်တော်ကြီးကို စပိန်နိုင်ငံ Caceres ကပ်ဆီးရပ် ယူနက်စကို ရှေးဟောင်းယဉ်ကျေးမူမြို့တော်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး ဘုရားရှင်၏ အငွေ့အသက်ဓမ္မတရားတွေမွမ်းထုံမည့် လုမ္ဗိနီဥယျာဉ်စီမံကိန်းအကောင်အထည်ဖေါ်ရန် ဥရောပတိုက် စပိန်နိုင်ငံ ကပ်ဆီးရပ်ခရိုင် အစိုးရအဖွဲ့အကြီးအကဲနှင့် lumbini Garden project တာဝန်ရှိသူများဆွေးနွေးညှိနှိုင်းပွဲကိုလည်း ယခု( ဖေဖော်ဝါရီလ ၁၆ ရက် )နေ့က ပြုလုပ်ခဲ့ပြီး အဆိုပါဆွေး နွေးပွဲသို့ မြန်မာနိုင်ငံ၊ စစ်ကိုင်းတောင်ရိုး International Buddhist Education Center တည်ထောင်သူ ကျွန်းလှဗုဒ္ဓတက္ကသိုလ်နှင့်နယ်သာလန် Stichting IBEC ဆရာတော်ဒေါက်တာ အရှင်သောဘိတ တို့ တက်ရောက်ခဲ့ကြတာပါ။
အဓိကဆွေးနွေးမှုမှာ ရွှေတိဂုံစေတီတော်တည်ဆောက်ရေးကိစ္စ မြန်မာပြည်မှ အဓိကပါဝင်ရန်ဖြစ်တယ်လို့လည်း သိရပါတယ်။
"ပြောရရင် ဒီတောင်တန်းတွေပေါ်မှာ ဗုဒ္ဓရုပ်ပွားတော်တွေ နီပေါနိုင်ငံမှာရှိတဲ့ လုမ္ဗိနီဥယျာဥ်တော်တွေနဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ အငွေ့အသက်တွေကို ဥရောပနိုင်ငံသားတွေ ခံစားကြရမှာဖြစ်ပါတယ်။ ဒီစီမံကိန်းပရောဂျက်အတွက် ဘူတန်နိုင်ငံ ဘုရင်နဲ့ မိသားစုတိုကလည်း ထောက်ပံ့လှူဒါန်းထားကြပြီး သဘောတူလက်မှတ်ရေးထိုးထားသလို ထိုင်းနိုင်ငံက ဘုရင့်သမီးတော်ကလည်း လှူဒါန်းထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကလည်း ယခုတည်ဆောက်မည့် ဗုဒ္ဓလုမ္ဗိနီဥယျာဉ်တော်ကြီးအတွင်းမှာ ရွှေတိဂုံစေတီတော် ပုံစံတူကိုတည်ဖို့အတွက် စီမံဆောင်ရွက်နေကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကိုယ်စား ဗုဒ္ဓဘာသာတွေကိုယ်စား ရွှေတိဂုံစေတီတော်ကို တည်ဆောက်နိုင်ဖို့ ဝိုင်းဝန်းဆောင်ရွက်ကြမှာဖြစ်ပါတယ်။ ပြောရရင် ဒီနေရာက ဥရောပတိုက်ရဲ့ ခေတ်သစ် ဗုဒ္ဓလုမ္ဗိနီဥယျာဉ်တော် မြတ်ဗုဒ္ဓရဲ့ တရားတော်တွေ ပြန့်ပွားလာတဲ့နေရာလည်းဖြစ်ပါတယ်။"လို့ IBEC ဆရာတော်က ဆက်လက်မိန့်ကြားခဲ့ပါတယ်။
IBEC ဆရာတော်သည် အဆိုပါစီမံကိန်း၏ တရားဝင်ပူးပေါင်းဆောင်ရွက်မည့် ဒါရိုက်တာအဖွဲ့ဝင် ရဟန်းတော်ဖြစ်လည်း ဖြစ်ပါတယ်။
အဆိုပါ The Second Birth Place of Lord Buddha Garden Project in Spain စီမံကိန်းသည်အထူးစိတ်ဝင်စားစရာကောင်းသလို မြို့တော်ဝန် His Excellency Luis Salaya နှင့် Lumbini Garden Project အဖွဲ့တို့သည် IBEC ဆရာတော်နှင့်သာသနာပြုအဖွဲ့အား ယဉ်ကျေးမှုမြို့တော်အကြောင်းရှင်းပြကာ အပြန်အလှန်မိတ်ဆက်ဆွေးနွေးခဲ့ကြတယ်လို့လည်း International Buddhist Education Center(သတင်းထုတ်ပြန်ရေးအဖွဲ့ )က သတင်းထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ - International Buddhist Education Center(သတင်းထုတ်ပြန်ရေးအဖွဲ့ )
ymg/kg
#Yangon_Media_Group
#DailyNews
Published - 19 Feb 2022
၁။ YPS ကတ်စနစ်ပြောင်းလဲပါကဝန်ဆောင်ခစရိတ်ကြောင့် မဖြစ်မနေ ယာဉ်စီးခပြောင်းလဲရန်လိုဟုဆို
၂။ ကာကွယ်ဆေး လွမ်းခြုံလာနိုင်တာကြောင့် ကိုဗစ်အတည်ပြုလူနာတွေကို နေအိမ်သီးခြားနေထိုင်ခြင်း (Home Isolation) ခွင့်ပြုရခြင်းဖြစ်ဟုဆို
၃။ မိုးလေဝသ သတင်း
၄။ ကာဘွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုလျှော့ချရန် ရဝမ်ဒါနိုင်ငံတွင် လျှပ်စစ်ဆိုင်ကယ်များ
ပြောင်းလဲမောင်းနှင်လာကြ.....အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 19 Feb 2022
မော်လမြိုင်မြို့၊ တောင်ရိုးတန်းရှိ နဂါးမောက်စေတီတော်တွင် ထားရှိကိုးကွယ်မည့် နဂါး(၃)ကောင် နဂါးရုံဘုရား
စကျင်ကျောက်တော်ကြီးသည် ( ဖေဖော်ဝါရီလ ၁၈ ရက်) နေ့က မော်လမြိုင်မြို့သို့ အဆင်ပြေချောမွေ့စွာဖြင့် ရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
နဂါးရုံဘုရား ထုဆစ်ပူဇော်မည့် စကျင်ကျောက်တုံးကြီးအား မြဆည်းဆာနှင့် နဂါးမောက်ဆရာတော်၊ အလှူရှင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးလှထွန်း (ကိုလှထွန်းငရုပ်သီးမှုန့်လုပ်ငန်း)သားသမီး မြေးများ၊ အကျိုးတော်ဆောင်များ၊ မွန်ပြည်နယ်ကြက်ခြေနီကော်မတီဝင်များ လူမှုရေးအသင်းအဖွဲ့များနှင့် ဒကာဒကာမများမှ မတ္တရာမြို့မှ မော်လမြိုင်မြို့သို့ ပင့်ဆောင်လာခဲ့ခြင်းဖြစ်ပါတယ်။
စကျင်ကျောက်တော်ကြီး ပင့်ဆောင်ရာလမ်းခရီးတစ်လျှောက်တွင် လမ်း၊ တံတား ခရီးစဉ်များအားလုံး လွယ်ကူချောမွေ့အဆင်ပြေအောင် ကူညီပေးသောသူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းကိုလည်း မော်လမြိုင်မြို့၊ တောင်ရိုးတန်းရှိ နဂါးမောက်စေတီတော် အကျိုးတော်ဆောင်များအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Photo - ZinMoe/CJ
ymg/kg
#Yangon_Media_Group
#WorldPolitics
Published - 19 February 2022
ရုရှားဘက်မှကျောထောက်နောက်ခံပြုထားတဲ့ ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းအုပ်ချုပ်မှုအောက်ကနေ ကင်းလွတ်နေတဲ့ဒေသများမှ အရပ်သားပြည်သူတွေကို ဘတ်စ်ကားများဖြင့်ထွက်ခွာသွားကြဖို့ လိုက်လံဆော်ဩနေခဲ့ရာ အနောက်နိုင်ငံတွေစိုးရိမ်တဲ့အတိုင်း ကျူးကျော်တိုက်ခိုက်ဖို့ အကြောင်းအရင်းတစ်ခုဖန်တီးလာကြတာကို တွေ့မြင်နေရပါတယ်။
ဒါကြောင့် ယူကရိန်းကို လာမယ့်ရက်ပိုင်းအတွင်းကျူးကျော်ဖို ရုရှားသမ္မတ'ဗလက်ဒီမီယာပူတင်'က ဆုံးဖြတ်ချက်ချလိုက်ပြီလို့ ခန့်မှန်းရကြောင်း အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က သောကြာနေ့က ပြောကြားလိုက်ပါတယ်။
ပုန်ကန်ရေးအဖွဲ့ခေါင်းဆောင်တွေက သိန်းပေါင်းများစွာသောအရပ်သားတွေကို ရုရှားနိုင်ငံဆီ ထွက်ပြေးကြဖို့ လိုက်လံကြေညာခဲ့ကြပြီး သောကြာနေ့မှာတော့ ဒိုနက်စ်နဲ့ လူဟန့်စ်က်မြို့တွေမှာ သတိပေးချက်ဥဩသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
စစ်အေးကာလအလွန် အဆိုးရွားဆုံးပြဿနာအကြပ်အတည်းဖြစ်စဉ်တွင် ရုရှားက ယူကရိန်းနိုင်ငံကို နေတိုး(NATO)အဖွဲ့ဝင်အဖြစ် မသတ်မှတ်စေလိုဘဲ ယူကရိန်းကိုကျူးကျော်ဖို့ အစီအစဉ်မရှိကြောင်း ငြင်းဆိုထားကာ အနောက်နိုင်ငံကို အပြင်းအထန်စွပ်စွဲပြောကြားထားပါတယ်။
အမေရိကန်နဲ့မဟာမိတ်အဖွဲ့တွေကလည်း ရုရှားတို့က ယူကရိန်းနယ်စပ်နားမှာ စစ်အင်အားတိုးချဲ့မှုတွေ ဆက်လက်ပြုလုပ်လာကြောင်း အခိုင်အမာယူဆနေကြပါတယ်။
"ရုရှားတပ်တွေ လာမယ့်ရက်ပိုင်းအတွင်း ယူကရိန်းကိုတိုက်ခိုက်ဖို့ စစ်ဆင်ရေးဆွဲနေကြတယ်လို့ ယူဆလိုရပါတယ်။ မြို့တော်ကိဗ်ကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်လာနိုင်ပါတယ်။
အခုအချိန်လောက်ဆိုရင် 'ပူတင်'ဆုံးဖြတ်ချက်ချပြီးလောက်ပြီလို စိတ်ထဲမှာယုံကြည်နေပါတယ်" လို့ 'ဘိုင်ဒန်'က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အိမ်ဖြူတော်မှ မီဒီယာရှင်းလင်းပွဲတာဝန်ခံ 'ယန်ဆာကီ'က "ကျွန်မတို့မျှော်မှန်းထားတဲ့အတိုင်း ရုရှားက မြေပြင်မှာသတင်းအမှားတွေလွှင့်မယ်၊ ရှုပ်ထွေးမှုတွေဖြစ်အောင်လုပ်မယ်၊ စစ်ပွဲဖြစ်ပွားလာအောင် အကြောင်းပြချက်တွေဖန်တီးမယ်။ ဒါဟာအမေရိကန်က စိုးရိမ်နေတဲ့အတိုင်း ဖြစ်လာတာပါပဲ" လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
သောကြောနေ့နှောင်းပိုင်းမှာ ယူကရိန်းစစ်တပ်ထောက်လှမ်းရေးရဲ့ ပြောကြားချက်အရ ရုရှားအထူးတပ်ဖွဲ့တွေဟာ ဒိုနက်စ်မြို့ရှိ လူမှုအချက်အခြာအဆောက်အအုံတွေမှာ ဗုံးထောင်ခြင်းတွေပြုလုပ်ပြီး ပြည်သူတွေကို အိမ်ထဲမှာပဲနေဖို့ တိုက်တွန်းနေကြပါတယ်။
ရုရှားပြည်ထောင်စုလုံခြုံရေးအဖွဲ့အစည်းကတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။
မြေပြင်မှသတင်းထောက်တွေရဲ့တင်ပြချက်အရ ယူကရိန်းမှခွဲထွက်ထားတဲ့ လူဟန့်စ်က်မြို့မှာ ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ထိုဒေသရှိ ဂတ်စ်ပိုက်လိုင်းတစ်နေရာကိုပါထိခိုက်ခဲ့ကြောင်း သိရှိရပါတယ်။
ဒီမတိုင်ခင်မှာ ဒိုနက်စ်နဲ့ လူဟန့်စ်က်မြို့တွေမှာရှိတဲ့ ခွဲထွက်ရေးအဖွဲ့ခေါင်းဆောင်တွေက ဗီဒီယိုထုတ်လွှင့်မှုတွေပြုလုပ်ခဲ့ရာ ပြည်သူတွေကို နေရပ်စွန့်ခွာထွက်ပြေးကြဖို့ ကြေညာကြပြီး ဒိုနက်စ်နဲ့လူဟန့်စ်က်မြို့တွေကို ယူကရိန်းကတိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ စွပ်စွဲပြောကြားထားပါတယ်။
ဒါပေမဲ့ဗီဒီယိုတစ်ခုက နောက်ဆုံးပေါက်ကွဲပစ်ခတ်မှုမဖြစ်ခင် ဗုဒ္ဓဟူးနေ့မှာ ရိုက်ကူးဖန်တီးထားကြောင်း အဆိုပါဗီဒီယိုထဲမှာ တွေ့မြင်နိုင်ပါတယ်။
ဗီဒီယိုရိုက်ကူးရက်စွဲကို အပေါ်ကထပ်ရေးလို့ရတာကြောင့် အနောက်နိုင်ငံမှ သုံးသပ်သူတွေကြား သံသယဖြစ်ပွားစရာတွေ ဖြစ်လာပါတယ်။
နေရပ်စွန့်ခွာဖို့မကြေညာခင်က ဒိုနက်စ်မြို့ ပုန်ကန်ရေးအစိုးရအဖွဲ့အဆောက်အအုံအပြင်ဘက်မှာ ဂျစ်ကားတစ်စီးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ဂျစ်ကားပေါက်ကွဲမှုကို ရိုက်တာမှဂျာနယ်လစ်များ မြင်တွေ့ခဲ့ကြပြီး ဒီကားဟာ ခွဲထွက်ရေးအဖွဲ့မှ အရာရှိတစ်ဦးရဲ့ကားဖြစ်ကြောင်း ရုရှားမီဒီယာများက ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားဘာသာစကားအများစုပြောကြတဲ့ မိသားစုတွေကို ရုရှားဘက်က နိုင်ငံသားခံယူခွင့်ပေးအပ်ခဲ့ပြီးဖြစ်ကာ နာရီပိုင်းအကြာ၌ပင် ဒိုနက်စ်မြို့ရှိ ထွက်ခွာရာစုရပ်ကနေ ဘတ်စ်ကားများဖြင့် ထွက်ခွာသွားကြပါတယ်။
၁၉၉၁ ခုနှစ်ဆိုဗီယက်ပြည်ထောင်စုပြိုကွဲရာမှာ ယူကရိန်းနိုင်ငံခွဲထွက်သွားခြင်းက ရုရှားတို့အတွက် အကြီးမားဆုံးနစ်နာမှုဖြစ်ခဲ့ရပါတယ်။
Source: Reuters
Published - 19 Feb 2022
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းဟာ အကျိုးအမြတ်ကောင်းစွာရနိုင်တဲ့ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းကြီးတစ်ခုဖြစ်လာဖို့ သက်ဆိုင်သူတွေက အာရုံစိုက်ဆောင်ရွက်နေကြောင်းသိရပါတယ်။
ဖေဖော်ဝါရီ၁၈ရက် ယမန်နေ့က နေပြည်တော်မှာ ဖွင့်လှစ်ခဲ့တဲ့ မျိုးစေ့ပြပွဲဟာ လုပ်ငန်းရှင်တွေနှင့် စိုက်ပျိုးရေးပညာရှင်တွေအနေနှင့် မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းကို အာရုံစိုက်လုပ်ဆောင်လာစေဖို့ ဆွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းဟာ ပြည်တွင်းလိုအပ်ချက်အတွက်သာမက ပြည်ပ သို့တင်ပို့မှုအတွက်ပါ ဆောင်ရွက်နိုင်တဲ့ အကျိုးအမြတ်ကောင်းတဲ့ရင်းနှီးမြှပ်နှံမှုတစ်ခုဖြစ်တယ်လို့ အဆိုပါပွဲကိုတက်ရောက်ဖွင့်လှစ်ခဲ့တဲ့ နစကဥက္ကဋ္ဌက ပြောပါတယ်။
မြန်မာနိုင်ငံဟာ ကွဲပြားခြားနားတဲ့ ရေမြေ ရာသီဥတုတွေရှိနေတဲ့အတွက် မျိုးစေ့ထုတ်လုပ်ဖို့အခြေအနေကောင်းတွေရှိနေတယ်လို့ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။
ဒါပေမယ့် အဲဒီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေ၊ဖြေလျော့မှုတွေနှင့်ပံ့ပိုးကူညီမှုတွေဖန်တီးပေးဖို့လိုအပ်တယ် ဆိုတဲ့အကြောင်းကိုလည်း သူက ထောက်ပြပြောဆိုသွားပါသေးတယ်။
မြန်မာနိုင်ငံမှာ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားကုမ္ပဏီတွေသာမကဘဲ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကို ရာနှုန်းပြည့် ရင်းနှီးမြှပ်နှံခွင့်ပြုထားကြောင်းသိရပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုတွေဟာ စိုက်ပျိုးရေးကဏ္ဍမှာ ဒုတိယမြောက်အနည်းဆုံးဖြစ်တာကို ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရသိရပါတယ်။ ၂၀၂၂ ဇန်နဝါရီ ၃၁ရက်အထိ စိုက်ပျိုးရေးကဏ္ဍ လက်ရှိ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၄၁၈.၂သန်းရှိပြီး အဲဒါဟာတစ်နိုင်ငံလုံးနိုင်ငံခြား ရင်းနှီးမြှပ်နှံမှုပမာဏရဲ့ ၀.၅၇ ရာခိုင်နှုန်းရှိနေတာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၂ ရက်ထိ ပျဉ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ပြုလုပ်နေသော မျိုးစေ့ပြပွဲ ၂၀၂၂ (Seed Fair 2022) တွင် သုတေသနခြံများ၊ မျိုးသန့်မျိုးပွားခြံများမှ ထုတ်လုပ်ထားသော ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံ မျိုးစေ့၊ ပျိုးပင်၊ ပြခန်း ပြကွက်များနှင့် စိုက်ခင်းများ၊ ပုဂ္ဂလိက ပြခန်းများ စုံလင်စွာ ခင်းကျင်းပြသထားကြောင်းလည်း သိရပါတယ်။
အဆိုပါ မျိုးစေ့ ပြပွဲကို၂၀၁၈ ခုနှစ် မတ် ၅ ရက်မှ ၉ ရက်ထိ ပထမအကြိမ်အဖြစ်လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၅ ရက်ထိ ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၈ ရက်မှ ၃၀ ရက်ထိ လည်းကောင်း ပြုလုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ်က ပြုလုပ်ခဲ့ခြင်း မရှိခဲပါဘူး။
"ပြပွဲတွေမှာတော့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနတွေမှာ ရှိတဲ့ သုတေသနခြံတွေ ၊ မျိုးသန့်မျိုးပွားခြံတွေကနေ ထုတ်လုပ်ထားတဲ့ ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံမျိုးစေ့ ပျိုးပင် ပြခန်း ပြကွက်တွေ ၊ စိုက်ခင်းတွေ ၊ ပုဂ္ဂလိက ပြခန်းတွေကို ပြသထားမယ်။ပြပွဲရက်တွေမှာ စကားဝိုင်းဆွေးနွေးပွဲတွေကိုလည်း ထည့်သွင်းပေးမှာပါ"ဟု စိုက်ပျိုးရေးဦးစီးဌာန ၏ တာဝန်ရှိသူတစ်ဦးက YMG ကို ပြောပါတယ်။
မြန်မာတစ်နိုင်ငံလုံးတွင် မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်ဒဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊နေပြည်တော်တို့၌ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ မျိုးစေ့ထုတ်စိုက်ဧကပေါင်း ၄၅၅၂ ဧက ၊ စပါးသီးနှံအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မျိုးစေ့ထုတ်စိုက်ဧကပေါင်း ၈၀၄၈ ဧက စိုက်ပျိုး ထုတ်လုပ်နိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ စာရင်းများ အရ သိရပါတယ်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 19 Feb 2022
တပ်ကုန်းမြို့နယ်တွင် စစ်ကိုင်းတိုင်းဒေသကြီးကိုပို့ဆောင်ရန်အတွက် သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၈ သိန်းကျော် ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် တပ်ကုန်းမြို့နယ်၊ ပင်လောင်း-တပ်ကုန်းသွားကားလမ်း၊ ကင်းသာ ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ပင်လောင်းမှ တပ်ကုန်းဘက်သို့ ထိန်လင်းအောင်(၂၄)နှစ် မောင်းနှင်ပြီး မောင်မောင်(၆၅)နှစ် လိုက်ပါလာတဲ့ GRAND MARK II မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၂,၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁.၈ သိန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း၊ ညနေ ၄ နာရီအချိန် ပင်လောင်းမြို့နယ်၊ ရေဆိုးကျေးရွာဘုရားအနီးတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကျော်လှ(၅၆)နှစ်အား ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့(၃)ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့သိရပါတယ်။
ymg/hm
#Yangon_Media_Group
#Local_News
Published_ 19 Feb 2022
ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ (၁၀) ကြိမ်မြောက် အထူးအစည်းအဝေးနှင့် အကြိမ် (၃၀) မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးမှ ဒါရိုက်တာအဖွဲ့ဝင်သစ် ၁၃ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဒါရိုက်တာအဖွဲ့နှင့် ဘဏ်ဥက္ကဌအဖြစ် ရန်ကုန်စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာတင်ဝင်းကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရပါတယ်။
ဘဏ်၏ (၁/၂၀၂၂) အထူးအစည်းအဝေးမှ ဒါရိုက်တာအဖွဲ့ ဥက္ကဌအဖြစ် ဒေါက်တာတင်ဝင်း၊ အမှုဆောင်ဒါရိုက်တာအဖြစ် ဒေါ်လှလှဝင်းတို့အား ရွေးချယ်ခဲ့ကြောင်း ဘဏ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဘဏ်ဥက္ကဌဖြစ်လာသည့် ဒေါက်တာတင်ဝင်းသည် ၂၀၁၄ မှ ၂၀၁၈ ခုနှစ်အထိ မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ပါမောက္ခချုပ်၊ ၂၀၁၈ မှ ၂၀၂၁ ခုနှစ်အထိ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရပါတယ်။
ပထမပုဂ္ဂလိကဘဏ်သည် မြန်မာနိုင်ငံတွင် ပထမဆုံး စတင်တည်ထောင်ဖွဲ့စည်းခဲ့တဲ့ဘဏ်ဖြစ်ပြီး နှစ်ပေါင်း ၃၀ သက်တမ်းရှိကာ ဒေါက်တာတင်ဝင်းမှာ ဒုတိယမြောက် ဥက္ကဌဖြစ်လာခြင်းဖြစ်ပါတယ်။
ဘဏ်အား အများပြည်သူယုံကြည်အားထားမှုရှိသော နိုင်ငံတကာအဆင့်မီ ဘဏ်ကြီးတစ်ခုဖြစ်လာရန် ဒါရိုက်တာအဖွဲ့က အစွမ်းကုန်ဆောင်ရွက်သွားမည်ဟု ဒေါက်တာတင်ဝင်းက ပြောကြားထားပါတယ်။
ဒေါက်တာတင်ဝင်းသည် မဟာဝါဏိဇ္ဇဘွဲ့ကို ၁၉၉၂ ခုနှစ်တွင် ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ရရှိခဲ့ပြီး၊ Ph. D (Management and Accounting) ကို ဂျပန်နိုင်ငံ Keio တက္ကသိုလ်မှ ၂၀၀၀ ပြည့်နှစ်တွင် ရရှိခဲ့ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#WorldHealth
Published - 19 February 2022
ယခုဆောင်းရာသီကာလအတွင်း အမေရိကန်မှာ အိုမီခရွန်ကူးစက်မှုအများအပြားဖြစ်ခဲ့ပြီးနောက် အမေရိကန်ရှိလူတွေမှာ ကိုရိုနာဗိုင်းရပ်စ်ခုခံနိုင်စွမ်း မြင့်မားလာပြီဖြစ်ပြီဖြစ်ပါတယ်။
အမေရိကန်ရှိ သန်းပေါင်းများစွာသောလူတွေရဲ့ ခန္ဓာကိုယ်ဟာ အခုအခါကိုရိုနာဗိုင်းရပ်စ်ကို သိရှိမှတ်မိနေပြီဖြစ်ကာ အိုမီခရွန်မျိုးဗီဇကွဲ ဒါမှမဟုတ် အခြားမျိုးဗီဇကွဲတစ်ခုခု ဝင်ရောက်လာတဲ့အခါ တိုက်ထုတ်နိုင်မှာဖြစ်ပါတယ်။
အမေရိကန်လူမျိုးတဝက်ခန့်ဟာ booster ကိုဗစ်အားမြှင့်ကာကွယ်ဆေးထိုးပြီးသားဖြစ်ပြီး သန်း ၈၀ နီးပါး ကိုဗစ်ရောဂါကူးစက်ဖူးထားပြီဖြစ်ပါတယ်။လေ့လာတွက်ချက်မှုအရ အမေရိကန်ရှိလူပေါင်း ၇၃ ရာခိုင်နှုန်းဟာ အိုမီခရွန်ကိုခုခံနိုင်ပြီဖြစ်ကာ မတ်လလယ်လောက်ရောက်ရင် ၈၀ ရာခိုင်နှုန်းအထိ ရှိလာနိုင်ပါတယ်။
ထိုကြောင့် အဆိုပါခုခံအားရရှိသူတွေမှာ ရောဂါလက္ခဏာမဖြစ်စေဘဲ ခန္ဓာကိုယ်ထဲ ဗိုင်းရပ်စ်လှည့်လည်ရှင်သန်နိုင်ချိန် နည်းပါးသွားမှာဖြစ်ပြီး ဆေးရုံတွေရှိ အထူးကြပ်မတ်ကုသရမှုတွေ လျော့နည်းလာနိုင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်တွေထဲက လက်ရှိမျိုးဗီဇကွဲနဲ့ နောင်ထွက်ပေါ်လာနိုင်မယ့်မျိုးဗီဇကွဲတွေက အန္တရာယ်ပေးနိုင်ဆဲဖြစ်ပါတယ်။အမေရိကန်မှာ နေ့စဉ် လူပေါင်း ၁၃၀,၀၀၀ ကျော်ကူးစက်လျက်ရှိပြီး ၂ ထောင်ကျော်သေဆုံးနေဆဲဖြစ်ပါတယ်။
ဗိုင်းရပ်စ်ကိုဟန့်တားနိုင်ဖို့ တစ်ကမ္ဘာလုံးမှာ ခုခံအားရရှိအောင်ဆောင်ရွက်ရာမှာ မျိုးဗီဇကွဲအသစ်များထွက်ပေါ်လာခြင်း၊ ကာကွယ်ဆေးခုခံအားစွမ်းရည်ကျဆင်းလာခြင်း၊ အချို့ လူတွေက ကာကွယ်ဆေးထိုးရန်ငြင်းဆန်ခြင်းတို့ကြောင့် အခက်အခဲတွေ ကြုံနေရပါသေးတယ်။
"လာမယ့်နွေရာသီမှာ ထပ်မံကူးစက်မှုတွေဖြစ်ပွားလာခဲ့ရင်တောင် ဆေးရုံတက်ကုသခံယူရမှုနဲ့ အသက်သေဆုံးမှုတွေ များလာတော့မှာမဟုတ်ပါဘူး" လို့ ကျန်းမာရေးမက်ထရစ်အဖွဲ့အစည်းမှ 'မော့ခ်ဒက်'က ပြောကြားလိုက်ပါတယ်။
အခုဆိုရင် အမေရိကန်လူမျိုးအများစုဟာ ကပ်ရောဂါမတိုင်ခင်အခြေအနေအတိုင်း သွားလာလှုပ်ရှားနေကြပြီဖြစ်ပါတယ်။နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရခြင်းကို လျှော့ချလာကာ အလုပ်သမားဝန်ထမ်းတွေ အလုပ်ခွင်ပြန်ဝင်နေကြပြီး လေကြောင်းလိုင်းတွေမှာလည်း ခရီးသည်တွေ ပြန်လည်သွားလာနေကြပြီဖြစ်ပါတယ်။
ယခုလို ပုံမှန်အတိုင်းပြန်လည်လည်ပတ်ခြင်းက ဘယ်လောက်အထိ ကြာရှည်ခံမလဲဆိုတာနဲ့ နောက်ထပ်ကူးစက်မှု ထပ်ရောက်လာဦးမလားဆိုတာကို ကျွမ်းကျင်သူတွေက ကြိုးစားခန့်မှန်းနေကြပါတယ်။
Source: AP News
#WorldHealth
Published- 19 February 2022
ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းမရှိဘဲ ကိုဗစ်ရောဂါအပျော့စားမှ အလယ်အလတ်အဆင့်ခံစားရတဲ့ လူလတ်ပိုင်းတွေကို အစာအိမ်အက်ဆစ်ဓာတ်ထိန်းညှိပေးတဲ့ အန်တဆစ်(Antacid)ဆေးဝါးအမျိုးအစား ဖာမိုတဒင်း(Famotidine)ဖြင့် ကုသကြည့်ရာမှာ ရောင်ရမ်းခြင်းနဲ့ ရောဂါလက္ခဏာတွေ အလျင်အမြန်သက်သာလာကြောင်း စမ်းသပ်ချက်တစ်ခုမှာ တွေ့ရှိရပါတယ်။
Pepcid အမှတ်တံဆိပ်ဖြင့် ဖာမိုတဒင်းဆေးတွေဟာ အစာအိမ်အချဉ်တက်ခြင်းဝေဒနာကို သက်သာစေဖို့ အသုံးပြုလေ့ရှိတဲ့ဆေးဖြစ်ပြီး တစ်နေ့သုံးကြိမ်ဖြင့် ၂ ပတ်တာ သောက်သုံးရလေ့ရှိပါတယ်။
ဖာမိုတဒင်းကို Johnson & Johnson ကိုဗစ်ကာကွယ်ဆေးမှာလည်း တွေ့ရှိရပြီး စမ်းသပ်လေ့လာမယ့် လူနာ ၅၅ ဦးရဲ့တဝက်နီးပါးခန့်ကို အသုံးပြုစေခဲ့ပါတယ်။
ကျန်တဲ့လူနာတွေကို အာနိသင်မပါဝင်တဲ့ဆေးများ အသုံးပြုစေခဲ့ပါတယ်။
ဖာမိုတဒင်းအသုံးပြုတဲ့လူနာတွေမှာ ရောဂါလက္ခဏာ ၁၆ မျိုးထဲက ၁၄ မျိုးလောက် အလျင်အမြန်သက်သာလာခဲ့ပြီး အနံ့အရသာပျောက်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ဝမ်းဗိုက်အောင့်ခြင်းတို့ ပါဝင်ပါတယ်။
ဒါ့အပြင် လူနာရဲ့ခန္ဓာကိုယ်ခုခံအားစနစ်အပေါ် ဆိုးကျိုးသက်ရောက်ခြင်းမရှိဘဲ ရောင်ရမ်းခြင်းလက္ခဏာတွေကို လျင်မြန်စွာသက်သာလာစေကြောင်း Gut ဂျာနယ်မှာ ဖော်ပြထားပါတယ်။
လေ့လာခဲ့တဲ့လူနာတွေရဲ့ ၃ ပုံ ၁ ပုံက လူမည်းလူမျိုးတွေဖြစ်ပြီး ၄ ပုံ ၁ ပုံက အမေရိကအလယ်ပိုင်းနဲ့တောင်ပိုင်းမှ လူမျိုးများဖြစ်ပါတယ်။
"ကျွန်တော်တို့ မျှဝေခဲ့တဲ့ လေ့လာမှုအချက်အလက်များဖြင့် ကိုဗစ်ရောဂါလူနာတွေမှာ ဖာမိုတဒင်းဆေးဝါးများ အသုံးပြုနိုင်ကြောင်း အနာဂတ်မှာစမ်းသပ်ချက်တွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်" လို့ နော့သ်ဝဲလ်ကျန်းမာရေးနှင့် Cold Spring Harbor ဓာတ်ခွဲခန်းမှ ဦးဆောင်လေ့လာသူ ဒေါက်တာ'တိုဘီယပ်စ်ဂျန်နိုဝစ်ဇ်'က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Source: Reuters.
#LocalNews
Published - 18 Feb 2022
မြန်မာနိုင်ငံမှာ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် ကူးစက်ခံရသူ စတင်တွေ့ရှိခဲ့တယ်လို့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှာ ကျန်းမာ ရေးဝန်ကြီးဌာနက ကြေညာခဲ့ပြီး ငါးလအတွင်း ကိုဗစ်ကူးစက်ခံရမှုဟာ အမြင့်ဆုံးသို့ ပြန်ရောက်လာတယ်လို့ ISP Myanmar ၏ သုတေသနစစ်တမ်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက အိုမီခရွန်တွေ့ရှိမှုနဲ့ပတ်သက်ပြီး (၁၅)ကြိမ် သတင်းထုတ်ပြန်ထားပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်အထိ နောက်ဆုံးထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ ၃၄၈ ဦးရှိခဲ့တယ်လို့ သိရပါတယ်။
သို့သော်လည်း ဖေဖော်ဝါရီ ပထမပတ်နဲ့ ဒုတိယပတ်အတွင်းမှာပဲ အိုမီခရွန် ကူးစက်ခံရတဲ့ လက္ခဏာရှိသူ လူအများစုမှာ ဖြစ်လာတာကြောင့် အိုမီခရွန်ကူးစက်ခံရမှုဟာ နစကရဲ့ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်တဲ့ပမာဏထက် အဆမတန်များပြားပြီး အလျင်အမြန် ကူးစက်ပြန့်နှံ့နေတယ်လို့ ယူဆနိုင်ကြောင်းကိုလည်း ISP Myanmar က ဆိုပါတယ်။
ISP Myanmar ၏ ထုတ်ပြန်ချက်အရ ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်ကိန်းဂဏန်းတွေကို ဆန်းစစ်ကြည့်ပါက ကိုဗစ်ကူးစက်မှုဟာ ငါးလအတွင်း အမြင့်ဆုံးပြန်ရောက်လာတဲ့အပြင် နောက်ထပ် လှိုင်းတခုဖြစ်မယ့် အသွင်ဆောင်လာတာကို တွေ့ရကြောင်း၊ ဒါ့အပြင် ဒီကူးစက်မှုတွေထဲမှာလည်း ရန်ကုန်တိုင်းအတွင်း ကူးစက်မှုက အများဆုံးဖြစ်လာပြီး ဖေဖော်ဝါရီလ ၁၅ ရက်တာကာလ အတွင်း လူပေါင်း ၆,၉၀၀ နီးပါး ကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။
တစ်နိုင်ငံလုံးကို ခြုံကြည့်ရင်တော့ ဖေဖော်ဝါရီလ ၁၄ ရက်တာ ကာလအတွင်း ကိုးဗစ်ကူးစက်မှုအားလုံးရဲ့ ၅၄ ရာခိုင်နှုန်းဟာ လူနေထူထပ်တဲ့ ရန်ကုန်တိုင်းအတွင်းမှာဖြစ်တယ်လို့လည်း ISP Myanmar က ဖော်ပြပါတယ်။
ထို့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ကတော့ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ဟာ မျိုးကွဲတွေထက် ကူးစက်နိုင်ခြေမြင့်မားပြီး ရောဂါလက္ခဏာမပြဘဲ (မပြင်းထန်တဲ့)ကူးစက်ခံရမှု အခြေအနေကတဆင့် အပြင်းအထန် ဖျားနာမှု၊ သေဆုံးမှုအခြေအနေ ကြုံရနိုင်ခြေလည်းရှိကြောင်း သတိပေးထားပါတယ်။
ဒါကြောင့်လည်း အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါအခံရှိသူတွေနဲ့ ကာကွယ်ဆေး မထိုးထားသူတွေ သတိပြုဖို့ အထူးလိုအပ်နေတယ်လို့လည်း ကျန်းမာရေးပညာရှင်တွေက အသိပေးနှိုးဆော်ထားတယ်လို့ ISP Myanmar က ဆိုပါတယ်။
ဒါ့အပြင် ယခုလက်ရှိကာလမှာ ကိုဗစ်အတည်ပြုလူနာသစ်တွေလည်း နေ့စဉ်တိုးမြင့်လာနေတာပါ။ ဖေဖော်ဝါရီ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့ နှစ်ရက်ဆက်တိုက် တစ်နေ့ကို လူဦးရေ နှစ်ထောင်ကျော်နှုန်းနဲ့ တွေ့ရှိခဲ့ပြီး လွန်ခဲ့တဲ့ တစ်ပတ်တိတိမှာလည်း တစ်နေ့ကို လူဦးရေ တစ်ထောင်ကျော်နှုန်းနဲ့ လူနာသစ်တွေ့ရှိမှုတွေ တိုးမြင့်လာတာ ဖြစ်ပါတယ်။
အခုလက်ရှိ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာလည်း မူလ ၁ ရာခိုင်နှုန်းကနေ ၈ ဒသမ ၉၈ ရာခိုင်နှုန်းအထိ မြင့်တက်လာတာတွေ့ရပါတယ်။
ဒါ့အပြင့် ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ထားသော အချက်အလက်များအရ ပြည်တွင်းမှာ
ကိုဗစ်ရောဂါပိုးကူးစက်ခံသူ ၅၅၆, ၂၅၆ ဦးအထိ ရှိနေပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
#WorldTech
Published 18 February 2022
ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တဲ့နေရာမှာ ပထမဦးဆုံး mRNA အမျိုးအစားကိုဗစ်ကာကွယ်ဆေးကို 'ဖိုင်ဇာ'ကုမ္ပဏီနဲ့ပူးပေါင်းကာ ထုတ်လုပ်နိုင်ခဲ့တဲ့ ဂျာမနီကုမ္ပဏီ'ဘိုင်အိုတက်ခ်'ဟာ အာဖရိကတိုက်မှာ သွားရောက်ပြီး ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးရည်ရွယ်ချက်ဖြင့် သင်္ဘောကွန်တိန်နာများထဲတွင် ကာကွယ်ဆေးထုတ်လုပ်ရေး ရွှေ့ပြောင်းဓာတ်ခွဲခန်းတွေကို ပြင်ဆင်လျက်ရှိကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြသလိုက်ပါတယ်။
#Yangon_Media_Group
Page 1472 of 1500