#WorldPolitics
Published- 25 February 2022
ရုရှားတို့ ကျူးကျော်တိုက်ခိုက်လာမှုကို အဆုံးသတ်နိုင်ရန် ရုရှားတို့ နဲ့တွေ့ဆုံညှိနှိုင်းသွားဖို့ ထိတ်လန့်နေမှာမဟုတ်ကြောင်း ယူကရိန်းသမ္မတ'ဇဲလန်စကီ'က သောကြာနေ့ကပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ ညှိနှိုင်းရာမှာ လုံခြုံရေးအာမခံချက်တွေရရှိဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့တဲ့အပြင် ယူကရိန်းတို့စစ်ရေးအကူအညီမရရှိဘဲ ရုရှားနဲ့ရင်ဆိုင်နေရတဲ့အခြေအနေအပေါ် အနောက်နိုင်ငံကိုလည်း အပြစ်တင်စွပ်စွဲလိုက်ပါတယ်။
ယခုနံနက်အစောပိုင်းမှာ မြို့တော်ကိဗ်ကနေ 'ဇဲလန်စကီ'က အနောက်နိုင်ငံရှိ နိုင်ငံရေးမိတ်ဖက်များနဲ့ ဆက်သွယ်ပြောကြားခဲ့ပြီး ယူကရိန်းနိုင်ငံအနေနဲ့ ကျဉ်းထဲကျပ်ထဲအန္တရာယ်ရောက်နေကြောင်း အသိပေးခဲ့ပါတယ်။
"ခင်ဗျားတို့က ကျွန်တော်တို့ဘက်မှာရှိမှာလားလို့ မေးခဲ့ပါတယ်။ ယူကရိန်းဘက်မှာရှိနေမယ်လို့ သူတို့ပြန်လည်ဖြေကြားခဲ့ကြပေမယ့် ယူကရိန်းကို မဟာမိတ်အဖွဲ့ထဲ မခေါ်ချင်ကြပါဘူး။ ယူကရိန်းကို နေတိုး(NATO)အဖွဲ့ထဲ ဝင်ခိုင်းမှာလားလို့ ၂၇ နိုင်ငံကခေါင်းဆောင်တွေကို တိုက်ရိုက်မေးကြည့်တဲ့အခါ အားလုံးကစိုးရွံနေကြတဲ့ပုံပါပဲ" လို့ 'ဇဲလန်စကီ'က ဖွင့်ဟလိုက်ပါတယ်။
"အခုဆိုရင် ကျွန်တော်နိုင်ငံပဲ ဒီအတိုင်းကျန်နေပါတော့တယ်။ ကျွန်တော်တို့အတွက် ဘယ်သူတွေကစစ်ဝင်တိုက်ခိုက်ပေးမှာလဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်သူမှမရှိပါဘူး။ ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ်သတ်မှတ်ဖို့ ဘယ်သူကအာမခံချက်ပေးမှာလဲ။ အားလုံးက စိုးရွံနေကြပါတယ်" လို့ 'ဇဲလန်စကီ'က ဖြည့်စွက်ပြောကြားသွားပါတယ်။
ကြာသပတေးနေ့က ယူကရိန်းနိုင်ငံထဲသို့ ရုရှားတပ်များဝင်ရောက်လာခဲ့ပြီး ရုရှားသမ္မတ'ဗလက်ဒီမီယာပူတင်'က ယူကရိန်းစစ်တပ်အချက်အခြာနေရာတွေနဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေကို ချေမှုန်းဖို့ စစ်ဆင်ရေးကြေညာခဲ့ပါတယ်။
ယူကရိန်းအစိုးရအနေနဲ့ ကြားနေရေးကိစ္စဆွေးနွေးဖို့သဘောတူမယ်ဆိုရင် ညှိနှိုင်းပြောဆိုဖို့ လက်ခံစဉ်းစားပေးမှာဖြစ်ကြောင်း ရုရှားက အသိပေးထားပါတယ်။
'ဇဲလန်စကီ'ကသောကြာနေ့မှာ တုန့်ပြန်ဖြေကြားရာ ယူကရိန်းရဲ့ကြားနေရေးအခြေအနေအကြောင်း ပြောဆိုဖို့အသင့်ရှိနေပြီး ပြင်ပအဖွဲအစည်းမှ လုံခြုံရေးအာမခံချက်ရရှိဖို့လည်း လိုအပ်ကြောင်းပြောဆိုလိုက်ပါတယ်။
"ကျွန်တော်တို့အတွက်လုံခြုံရေးအာမခံချက်တွေအကြောင်း၊ ကြားနေရေးကိစ္စအကြောင်းတွေကို ရုရှားနဲ့တွေ့ဆုံဆွေးနွေးဖို့ ကျွန်တော်တို့ကြောက်ရွံနေမှာမဟုတ်ပါဘူး။ ဒါပေမဲ့အခုကျွန်တော်တို့က နေတိုးအဖွဲ့ဝင်မဟုတ်တော့ ဘာလုံခြုံရေးအာမခံချက်ပေးနိုင်မှာလဲ။ ဘယ်နိုင်ငံက အာမခံပေးမှာလဲ" လို့ ဆိုလိုက်ကာ ရုရှားတို့စစ်ရေးတိုက်ခိုက်လာမှုကို ဆွေးနွေးညှိနှိုင်းပြီး အဆုံးသတ်ရမှာဖြစ်ကြာင်း ပြောကြားလိုက်ပါတယ်။
ယူကရိန်းတို့ရဲ့ကြားနေရေးအခြေအနေနဲ့ စစ်ရေးလက်နက်တပ်ဆင်ထားရှိဖို့ ငြင်းဆိုမှုတွေကို 'ပူတင်'ကသည်းမခံနိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင်ဆုံးဖြတ်ချက်က ယူကရိန်းတို့အပေါ်သာမူတည်ကြောင်း ရုရှားစစ်အစိုးရမှပြောရေးဆိုခွင့်ရှိသူ 'ဒီမစ်ထရီပက်စ်ကော့ဗ်'က ကြာသပတေးနေ့က အသိပေးပြောကြားလိုက်ပါတယ်။
Source: RT
#WorldHealth
Published- 25 February 2022
အက်စ်ထရာဇန်နီကာ(AstraZeneca)ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးတဲ့သူ ၁ သန်းမှာ လူ ၁ ယောက်မှ ၃ ယောက်အထိ ရှားရှားပါးပါးသွေးခဲခြင်းလက္ခဏာဖြစ်ပေါ်တတ်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
သုတေသီများက ကိုဗစ်ကာကွယ်ဆေးတွေနဲ့ ဦးနှောက်၊ သွေးလွှတ်ကြော၊ သွေးပြန်ကြောတိုမှာ ရှားပါးသွေးခဲခြင်းနဲ့ Platelet နည်းပါးခြင်းဖြစ်စဉ်တို့ အကြား ဆက်စပ်မှုတွေကို ဆန်းစစ်လေ့လာခဲ့ကြပါတယ်။
အဆိုပါလက္ခဏာဖြစ်စဉ်များပေါ်ပေါက်လာတာကြောင့် အောက်စ်ဖို့ဒ်တက္ကသိုလ်မှထုတ်လုပ်တဲ့ အက်စ်ထရာဇန်နီကာကာကွယ်ဆေးအသုံးပြုခြင်းကို နိုင်ငံအများအပြားမှာ ပြီးခဲ့တဲ့နှစ်က ရပ်ဆိုင်းခဲ့ရပါတယ်။
၂၀၂၀ ဒီဇင်ဘာလမှ ၂၀၂၁ မတ်လအတွင်း ဖိုင်ဇာ-ဘိုင်အိုတက်ခ် ဒါမှမဟုတ် အက်စ်ထရာဇန်နီကာ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ အင်္ဂလန်နိုင်ငံမှလူပေါင်း ၄၆ သန်းကို ကာကွယ်ဆေးမထိုးထားတဲ့သူတွေနဲ့ နှိုင်းယှဉ်ကာ သွေးခဲခြင်းဖြစ်ပေါ်နိုင်ချေကို လေ့လာခဲ့ကြပါတယ်။
အက်စ်ထရာဇန်နီကာထိုးနှံထားတဲ့ အသက် ၇၀ အောက်လူတွေမှာ ဦးခေါင်းအတွင်းသွေးပြန်ကြောသွေးခဲခြင်းဖြစ်စဉ်(ICVT) ဖြစ်နိုင်ချေက လူတစ်သန်းမှာ ၁ ယောက်မှ ၃ ယောက်အထိ ဖြစ်နိုင်ချေရှိပါတယ်။
ကိုဗစ်ရောဂါကူးစက်မှုနဲ့အသက်သေဆုံးနိုင်ချေကို ကာကွယ်ပေးနိုင်တဲ့ ကိုဗစ်ကာကွယ်ဆေးအကျိုးသက်ရောက်မှုက ICVT ဖြစ်ပွားနိုင်ချေနဲ့ သွေးကျဲခြင်းကြောင့်ဆေးရုံတက်ကုသခံယူရမှုတို့ ထက် ပိုများနေပါတယ်။
ဥရောပမှာ အက်စ်ထရာဇန်နီကာ-အောက်စ်ဖိုဒ် ကာကွယ်ဆေးစတင်တဲ့ထိုးနှံကြတဲ့အချိန် ပြီးခဲ့တဲ့နှစ်အစောပိုင်းက ရှားပါးသွေးခဲခြင်းဖြစ်စဉ်တွေ တွေ့ရှိခဲ့ပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကြောင့် အဆိုပါလက္ခဏာဖြစ်စဉ်များ ဆက်စပ်ဖြစ်ပေါ်နိုင်ကြောင်း ဥရောပသမဂ္ဂဆေးဝါးကွပ်ကဲရေးက အတည်ပြုပြီးနောက် အချို့ နိုင်ငံတွေမှာ ထိုကာကွယ်ဆေးအများအသုံးပြုခြင်းကို ဆိုင်းငံ့ထားခဲ့ပါတယ်။
နိုင်ငံတကာဆေးဝါးကွပ်ကဲရေးအဖွဲ့ ကတော့ ကာကွယ်ဆေးကြောင့်ရတဲ့ အကျိုးကျေးဇူးက ဖြစ်လာနိုင်တဲ့ဘေးထွက်အန္တရာယ်ထက် သာလွန်နေသေးကြောင်း ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း စမ်းသပ်မှုတစ်ခုမှာ အက်စ်ထရာဇန်နီကာကာကွယ်ဆေး ပထမအကြိမ်ထိုးအပြီး ရှားပါးသွေးခဲခြင်းဖြစ်ပေါ်တတ်ပေမယ့် ဒုတိယအကြိမ်ထိုးပြီးတဲ့အခါမှာတော့ မဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။
အက်စ်ထရာဇန်နီကာ-အောက်စ်ဖိုဒ်မှထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို Vaxzevria နဲ့ Covishield အမှတ်တံဆိပ်များဖြင့် ကမ္ဘာတစ်ဝန်းမှာ ဖေဖော်ဝါရီလအထိ ဆေးပေါင်း ၂.၆ သန်းကျော်ရောင်းချထားပြီဖြစ်ပြီး ဖွံ့ ဖြိုးဆဲနိုင်ငံများတွင် ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရာမှာ အဓိကအားထားနေရတဲ့ကာကွယ်ဆေးဖြစ်ပါတယ်။
Source: Reuters.
#WorldHealth
Published - 25 February 2022
ဆိုင်နိုဖမ်(Sinopharm)ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံတဲ့သူတွေမှာ ၆ လကြာသည့်အခါ ထွက်ရှိထားတဲ့ပဋိပစ္စည်း(antibody)တွေ သိသိသာသာလျော့နည်းလာတဲ့အပြင် စတုတ္ထအကြိမ်ထိုးနှံခြင်းဖြင့်လည်း အိုမီခရွန်ကာကွယ်နိုင်စွမ်း ထူးထူးခြားခြားကောင်းမွန်လာခြင်းမျိုးမတွေ့ရှိရကြောင်း တရုတ်နိုင်ငံမှလေ့လာချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။
အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှုကိုကာကွယ်နိုင်မယ့် ပဋိပစ္စည်းထွက်ရှိမှုမြင့်မားချင်တယ်ဆိုရင် ဆိုင်နိုဖမ်လိုမျိုး သက်မဲ့ဗိုင်းရပ်စ်ကာကွယ်ဆေးအမျိုးအစားတွေကို အားမြှင့်ကာကွယ်ဆေး(Booster)အဖြစ် မသုံးစွဲသင့်ဘူးလို့ တနင်္လာနေ့က ဖော်ပြခဲ့တာဖြစ်ပါတယ်။
အဲဒီအစား အားမြှင့်ကာကွယ်ဆေးအဖြစ်ထိုးနှံချင်တယ်ဆိုရင် ပရိုတိန်းအခြေပြုကာကွယ်ဆေးမျိုး ဒါမှမဟုတ် ဗိုင်းရပ်စ်မျိုးဗီဇကွဲတွေရဲ့ မျိုးရိုးဗီဇအချက်အလက်တွေအပေါ် အခြေပြုထုတ်လုပ်ထားတဲ့ mRNA ကာကွယ်ဆေးအမျိုးအစားတွေကို ရွေးချယ်သင့်ကြောင်းဖော်ပြထားပါတယ်။
အိုမီခရွန်ကူးစက်မှုကြောင့် ကိုဗစ်ရောဂါဖြစ်ပွားနိုင်ချေနဲ့ အသက်သေဆုံးနိုင်ချေတို့ ကို လျှော့ချတဲ့နေရာမှာ တတိယအကြိမ် ဒါမှမဟုတ် စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းမှရရှိတဲ့ ပဋိပစ္စည်းပမာဏက ဘယ်လောက်အထိသက်ရောက်မှုရှိသလဲဆိုတာကို သေချာမသိရှိရသေးပါဘူး။
ဆိုင်နိုဖမ်ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပြီး ၂၆ ပတ်ကြာတဲ့အခါ အိုမီခရွန်ကိုကာကွယ်နိုင်တဲ့ ပဋိပစ္စည်းပမာဏက ၅၃ ရာခိုင်နှုန်းအထိ လျော့နည်းသွားခဲ့ကြောင်း လေ့လာချက်မှာဖော်ပြထားပါတယ်။
လေ့လာချက်အရ တရုတ်မှကျန်းမာရေးဝန်ထမ်း ၃၈ ဦးကို ဆိုင်နိုဖမ်ကာကွယ်ဆေးပထမ ၂ ကြိမ်ထိုးပေးပြီး ၅ လအကြာမှာ အားမြှင့်ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။
နောက်ထပ် ၆ လအကြာမှာ စတုတ္ထအကြိမ်ထိုးပေးခဲ့ရာမှာတော့ အိုမီခရွန်ကိုကာကွယ်နိုင်မယ့် ပဋိပစ္စည်းပမာဏက သိသိသာသာမြင့်တက်လာခြင်းမရှိပေမယ့် တတိယအကြိမ်ထိုးနှံစဉ်ကအမြင့်ဆုံးရရှိခဲ့တဲ့ ပဋိပစ္စည်းပမာဏအတိုင်း ပြန်လည်ရောက်ရှိခဲ့တာကို တွေ့ရှိခဲ့ကြပါတယ်။
စွန်ယက်ဆန်တက္ကသိုလ်နဲ့ သုတေသနပညာရှင်များက ဆေးရုံတစ်ခုမှာ အဆိုပါလေ့လာချက်ကိုပြုလုပ်ခဲ့ရာ အသက်အရွယ်ကြီးသူတွေနဲ့ လေ့လာခဲ့ခြင်းမရှိသလို စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးခြင်းရဲ့ ဆဲလ်တုန့်ပြန်မှုအပေါ်သက်ရောက်မှုကိုလည်း မလေ့လာခဲ့ပါဘူး။
Source: Reuters
Published 24 February 2022
ယူကရိန်းမှာ လက်ရှိနေတိုးတပ်တွေမရှိသလို တပ်ချထားဖို့လည်းအစီအစဉ်မရှိဘူးလို့ နေတိုးအဖွဲ့ကြီးရဲ့ အတွင်းရေးမှူးချုပ် ယန်းစတော့တင်ဘတ်ကပြောလိုက်ပါတယ်။ သူက ဒါဟာ သွေးအေအေးနှင့် အချိန်ယူစီစဉ်ထားတဲ့ ကျူးကျော်မှုလို့လည်း ပြောလိုက်ပါတယ်။
Source AFP
Published 24 February 2022
ယူကရိန်းက ရုရှားနှင့်သံတမန်အဆက်အသွယ်ဖြတ်လိုက်ကြောင်း ကြေညာခဲ့ပြီးနောက် ထိုသို့သံတမန်ဆက်သွယ်မှု အားလုံးဖြတ်တောက်လိုက်ခြင်းအပေါ် အံအားတသင့်မဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
ရုရှားဟာ ဒီရွေးချယ်မှုကိုလုပ်ခဲ့တာမဟုတ်ဘဲ ယူကရိန်းခေါင်းဆောင်မှုရဲ့ “ရုရှားကြောက်စိတ်မူဝါဒ”အပေါ်ယုတ္တိတန်တဲ့ ကောက်ချက်ချမှုလို့ ရုရှားက သဘောထားပါတယ်လို့ပြောပါတယ်။
၂၀၁၄ခုနှစ်မှာ ရွေးကောက်ခံသမ္မတ ဗစ်တာယန်နူကိုဗစ်ကို ဖြုတ်ချပြီးကတည်းက ယူကရိန်းမှာနေထိုင်တဲ့ ရုရှားတိုင်းရင်းသားတွေကို ယူကရိန်းဟာ ခွဲခြားဆက်ဆံမှုတွေနှင့်လုပ်ပြီး ရုရှားနှင့်ဆက်ဆံရေးကိုချပစ်တယ်လို့ ဝန်ကြီးဌာနကပြောပါတယ်။
ကြာသပတေးနေ့မနက်မှာ မော်စကိုက စစ်ဆင်ရေးစတင်ပြုလုပ်ပြီးနောက် ယူကရိန်းသမ္မတက ရုရှားနှင့် သံတမန်အဆက်အသွယ်အားလုံးဖြတ်တောလိုက်တယ်လို့ ဒီမနက်မှာကြေညာခဲ့ပါတယ်။ရုရှားသမ္မတ ဗလက်ဒီမာပူတင်ကတော့ ရည်မှန်းချက်ဟာ ယူကရိန်းကို စစ်မဲ့နယ်မြေနှင့် နာဇီလွှမ်းမိုးမှုချုပ်ငြိမ်းဖို့ဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုဟာ ယူကရိန်းဟာ နောက်ဆုံးပေါ်လက်နက်တွေနှင့်အင်အားမြှင့်တင်ပေးပြီး နိုင်ငံအတွင်း နေတိုး တည်ရှိဖို့အရှိန်မြှင့် ကြိုးစားနေတယ်လလို့ ပူတင်ကစွပ်စွဲပြောဆိုလိုက်ပါတယ်။
စစ်ရေးတိုက်ခိုက်မှုဟာ အနာဂတ်မှာ သွေးချောင်းစီးမယ့်အရေးကာကွယ်ဖို့ လိုအပ်လို့လုပ်ရတာဖြစ်တယ်လို့ ရုရှား ခေါင်းဆောင်ကပြောပါတယ်။
Source RT
Published 24 February 2022
ရုရှားဟာ ယူကရိန်းနယ်စပ်ကျော်ပြီး စစ်ရေးတိုက်ခိုက်မှုတွေလုပ်ဆောင်လိုက်တဲ့အတွက်
ယူကရိန်းနိုင်ငံ ချုဟစ်မြို့ Chuhuivက လူနေအဆောက်အအုံတစ်ခု လက်နက်ကြီးတွေနှင့်အပစ်ခံရလို့
ဒေသခံတွေက စိတ်အားငယ်နေကြပါတယ်။
အိမ်တွေပျက်စီးသွားပြီး လမ်းပေါ်မှာ စောင်လွှမ်းခြုံထားတဲ့ အလောင်းတစ်လောင်းတွေ့ရပါတယ်။
Source AFP
#local_news
Published_ 24 Feb 2022
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ ၁၂ ခုတွင် လုပ်ငန်းပေါင်း ၄၄ ခု စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈၂၃ ဒသမ ၀၁၅ သန်း ခွင့်ပြုပေးခဲ့ကြောင်း နစကရဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြည်ပမီဒီယာများရဲ့မေးမြန်းမှုမှာ ဖြေကြားထားပါတယ်။
ယင်းတို့အနက် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၀၆၂ ဒသမ ၁၃၈ သန်းဖြင့် ပထမ၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၂၃၇ ဒသမ ၅၆၄ သန်းဖြင့် ဒုတိယ၊ စက်မှုကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၁၉၉ ဒသမ ၈၉၄ သန်းဖြင့် တတိယအများဆုံး ရင်းနှီးမြှုပ်နှံထားတယ်လို့ ဆိုပါတယ်။
နိုင်ငံအလိုက်အနေဖြင့် ယူနိုက်တက်ကင်းဒမ်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏ အမေ ရိကန်ဒေါ်လာ ၂၅၀၄ ဒသမ ၄၃၅ သန်းဖြင့်အများဆုံးဖြစ်ပြီး၊ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံ မှုပမာဏ အမေရိကန်ဒေါ်လာ ၅၁၆ ဒသမ ၄၂၉ သန်းဖြင့် ဒုတိယ၊ စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၄၂ ဒသမ ၂၀၂ သန်းဖြင့် တတိယ အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလမှစ၍ ပြန်ဝင်လာခဲ့ကြသည်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဌာနအနေဖြင့် Business visa ထောက်ခံဆောင်ရွက်ပေးပြီး Relief Flight များဆောင်ရွက်ပေးခဲ့သည့် ကုမ္ပဏီပေါင်း ၃၂၀၀ ကျော်ရှိကာ နိုင်ငံခြားသားအရေ အတွက်အားဖြင့် ၉၀၁၀ ရှိပြီး၊ ပြည်ပနိုင်ငံကြီးများ၏ ဖိအားပေးမှုကြောင့် ထွက်ခွာသွားသည့် ကုမ္ပဏီကြီးများရှိသကဲ့သို့ အသစ်ဝင်လာသည့် ကုမ္ပဏီများလည်း ရှိတယ်လို ပြည်ထောင်စုဝန်ကြီးက သတင်းထောက်ကို ဖြေကြားခဲ့ပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published -24 Feb 2022
ရန်ကုန်တိုင်းဒေသကြီးတာမွေနှင့်မြောက်ဥက္ကလာပမြို့နယ်တို့ တွင် ငွေကျပ်သိန်း၆၀၀ကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြားဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ကနေသိရပါတယ်။
ဖြစ်စဥ်မှာဖေဖော်ဝါရီလ ၂၃ ရက်နေ့ ၄နာရီ မိနစ်၃၀အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်နေ ခင်မောင်စိုး(ခ)အာဂျူမူလ္လာ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင်တွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၁၀)အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ခင်မောင်စိုး(ခ)အာဂျူမူလ္လာ(၂၇)နှစ်အား တာမွေမြို့ မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
ထို့အပြင်ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ကလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ(၁၄/၈)ရပ်ကွက်၊ ဟံသာ၀တီလမ်းနှင့် ရာဇဓိရာဇ်(၃)လမ်းထောင့်အနီးတွင် ကျော်ကျော်မင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် အားရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုး ငွေကျပ်သိန်း ၄၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွ ရူးသွပ်ဆေးပြားများအား အဆိုပါရပ်ကွက် ညောင်ဦးလမ်းနေ ကျော်လင်းခိုင် ထံမှ ၀ယ်ယူခဲ့ကြောင်း ပေါ်ပေါက်ကာကျော်လင်းခိုင် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ နေအိမ်အတွင်းမှ ICE (မက်သ်အဖက်တမင်း)အလေးချိန် ၃၅ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၂.၂၅ သိန်း)အား ထပ်မံ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်ကျော်မင်း(၄၂)နှစ် နှင့် ကျော်လင်းခိုင် တိုအား ရွှေပေါက်ကံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့သိရပါတယ်။
ymg/hm
#Yangon_Media_Group
Page 1464 of 1501