သင်္ဘောလိုက်မယ့် မြန်မာအမျိုးသား၊ အမျိုးသမီးသင်္ဘောသားတွေအနေနဲ့ ရိုးရိုးအင်္ဂလိပ်စာမျိုးတတ်ကျွမ်းရုံမလုံလောက်ဘူး၊ လုပ်ငန်းသုံး အင်္ဂလိပ်စာတတ်ကျွမ်းဖို့လိုလို့ အခုလိုလုပ်ငန်းခွင်သုံးအင်္ဂလိပ်စာသင်တန်းကို MSF ကအခမဲ့ဖွင့်လှစ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
#Published_ 24 June 2024
#သင်္ဘောလုပ်ငန်းသုံး #အင်္ဂလိပ်စာသင်တန်းအခမဲ့
#tthl #Yangon_Times
#Local_News
Published_ 24 June 2024
▪️ မြန်မာပညာရေးလောကကို နှစ်လရှည်ကြာစွာဦးဆောင်ပဲ့ကိုင်သူခဲ့သူတစ်ဦးဖြစ်သလို တစ်သက်တာစာပေဆုရှင်လည်းဖြစ်သည့် ဝဏ္ဏကျော်ထင် ဆရာကြီး ပါရဂူဒေါက်တာသန်းဦး(ပြည်စိုးမင်း) ဇွန်လ၂၃ ရက်တွင် ကွယ်လွန်သွားကြောင်း သိရသည်။
▪️ ကွယ်လွန်ချိန်တွင် အသက်(၉၇)နှစ်ရှိပြီဖြစ်ပြီး ဇွန်(၂၅)ရက်မနက်၁၁နာရီအချိန်တွင် ရေဝေးသုဿန်၌သဂြိုဟ်သွားမည်ဖြစ်သည်ဟုဆိုသည်။
▪️ ဆရာကြီး ပါရဂူဒေါက်တာသန်းဦး(ပြည်စိုးမင်း)နှင့် ပတ်သက်၍ စာရေးဆရာဟိန်းလတ်က"ဆရာကြီးဦးသန်းဦးကိုပညာရေးလောကမှာမသိသူမရှိ။ မြန်မာပညာရေးလောကကိုနှစ်လရှည်ကြာစွာဦးဆောင်ပဲ့ကိုင်သူကြီး။ ကျွန်တော်မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့မှာ စတင်လုပ်ကိုင်တော့ဆရာကြီးကဥက္ကဌပါ။ ဆရာကြီးရဲ့ပညာရည်ပြည့်ဝမှု စိတ်ရင်းစေတနာကောင်းမှုနဲ့ခေါင်းဆောင်မှု အရည်အသွေးတွေအောက်မှာ လုပ်ကိုင်ခွင့်ရခဲ့တာ ကျွန်တော်ကံထူးတာပါပဲ။ ကျွန်တော့်ရဲ့စာပေဝါသနာကိုလည်းမြေတောင်မြှောက်ပေးသူကျေးဇူးရှင်ကြီးပါ။ သက်တော်ရှည်ပညာရေးပါရဂူစာရေးဆရာကြီးဒေါက်တာသန်းဦးကောင်းရာသုဂတိလားပါစေ"ဟုရေးသားဖော်ပြထားသည်။
▪️ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှလည်း ဝမ်းနည်းကြောင်းဖော်ပြထားသည်။
▪️ တောင်ဥက္ကလာပ မြို့နယ် စာရေးဆရာအသင်းမှလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာကို ယခုလိုဖော်ပြထားသည်။
▪️ တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းက လေးစားဂုဏ်ယူ တန်ဘိုးထားရပါသော ဆရာကြီး ဒေါက်တာ သန်းဦး(ပြည်စိုးမင်း)အသက် ၉၇ နှစ် သည် ယနေ့( ၂၃. ၆. ၂၀၂၄ )နေ့တွင် ကွယ်လွန်ကြောင်း ကြားသိရပါသဖြင့် မိသားစုနှင့်အတူ လွမ်းဆွတ် သတိရ ပူဆွေးသောက မျှဝေခံစားရပါကြောင်း။
▪️ တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း၏ ဥက္ကဋ္ဌ ဟောင်း (စာပေ ဗဟို တွဲမှူး ၃)ဦးအောင်ကြည်(အောင်ကြည်ညွန့်- တက္ကသိုလ်)၊ လက်ရှိဥက္ကဋ္ဌ ဦးမြတ်ကျော်(မောင်မြကျော်) တို့၏ လက်ဦးဆရာဖြစ်ပေသည်။
▪️ တောင်ဥက္ကလာပမြို့နယ်စာရေးဆရာအသင်းက ၂၀၂၃ ခုနှစ် အမျိုးသားစာပေတစ်သက်တာစာပေဆုရ ဆရာကြီး ဒေါက်တာသန်းဦး ကိုဂုဏ်ပြုငွေ ကျပ်တစ်သိန်း ဂုဏ်ပြုချီးမြင့်ခဲ့ပါသေးသည်။
▪️ ဆရာကြီး၏ ပညာရေးကဏ္ဍအပေါ် ထားရှိခဲ့သည့် ကျေးဇူးတရားများက ချီးကျူး၍ဂုဏ်ယူမဆုံးဖြစ်ရပါကြောင်းပါခင်ဗျာဟု ရေးသားဖော်ပြထားကြောင်း သိရသည်။
▪️ ဆရာကြီးသည်၁၉၇၆ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်အထိ မြန်မာနိုင်ငံ ပညာရေးသုတေသနဗျူရိုမှာ ဥက္ကဋ္ဌ၊ ၁၉၇၇ ခုနှစ်ကနေ ၁၉၈၅ ခုနှစ်အထိ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ၁၉၈၉ ခုနှစ်မှာ ပညာရေးဝန်ကြီးဌာနရဲ့အကြံပေးပုဂ္ဂိုလ်၊ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ နိုင်ငံတော်သမ္မတရဲ့ ပညာရေးအကြံပေးအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် တာဝန်များထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
▪️ ယင်းအပြင် မြန်မာနိုင်ငံစာတတ်မြောက်ရေး ဗဟိုကော်မတီတွင် အတွင်းရေးမှူးအဖြစ် ၁၉၄၆ ခုနှစ်မှ စတင်ထမ်းဆောင် ခဲ့ရာ မြန်မာနိုင်ငံစာတတ်မြောက်ရေးကြိုးစားလှုပ်ရှား မှုအတွက် ယူနက်စကိုအဖွဲ့ချုပ်က ဂုဏ်ပြုချီးမြှင့်သော ၁၉၇၁ခုနှစ် ယူနက်စကိုဆု(မိုဟာမက်ရီဇာဖာလာဗီဆု)ကို ပြင်သစ်နိုင်ငံ ပါရီမြို့တွင် နိုင်ငံ့ကိုယ်စား တက်ရောက် လက်ခံယူခဲ့သည်။
▪️ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံအလုပ်သမားအစည်း အရုံးဗဟိုအဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံသုတေသနအသင်း အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သည်။
▪️ ''မြန်မာနိုင်ငံပညာရေးဆိုင်ရာသမိုင်း''စာအုပ်ဖြင့် ၁၉၉၉ ခုနှစ်တွင် ''အမျိုးသားစာပေဆု'' ကိုရရှိခဲ့သည်။
▪️ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် ရန်ကုန် တက္ကသိုလ်အထူးဘွဲ့နှင်းသဘင်တွင်ချီးမြှင့်သော ''ဂုဏ်ထူး ဆောင် စာပေပါရဂူ'' ဘွဲ့ကို ရရှိခဲ့သည်။
▪️ ၂ဝ၁၅ ခုနှစ် မေ ၁၆ ရက်တွင် ဟာဝိုင်ရီတက္ကသိုလ် (၁ဝ၄)ကြိမ်မြောက်ဘွဲ့နှင်းသဘင်တွင်ချီးမြှင့်သော ''ဂုဏ်ထူး ဆောင်လူ ထုအကျိုးပြုစာပေပါရဂူ''ဘွဲ့ကိုလည်း ရရှိခဲ့သည်။
▪️ ယခုအခါ မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးသန်းဦးဖောင်ဒေးရှင်းအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
#tthl #Yangon_Times
#Local_News
Published_ 24 June 2024
▪️ ဂျပန်ကုမ္ပဏီ ၂၀၀ ကျော်က မြန်မာအလုပ်သမား ၇၀၀ ခန့်ကို ခေါ်ယူဖို့ အလုပ်ကမ်းလှမ်းစာပေးပိုထားတယ်လို့ တိုကျိုမြို့ရှိ မြန်မာသံရုံးက ဇွန် ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
▪️ မြန်မာသံရုံးအနေနဲ့ဂျပန်နိုင်ငံမှ ကုမ္ပဏီတွေက ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာ ၂၁၂ ခုရဲ့ အချက်အလက်တွေကို စိစစ်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
▪️ ထိုသို့စိစစ်ရာမှာ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနဲ့အလုပ်ခေါ်ယူတဲ့ စက်ရုံ/ကုမ္ပဏီတွေဟာဂျပန်နိုင်ငံမှာတရားဝင်တည်ထောင်ထားတာရှိ/မရှိ စာရွက်စာတမ်း အထောက်အထားတွေနဲ့ စစ်ဆေးနေတာ ဖြစ်တယ်လို့ဖော်ပြထားပါတယ်။
▪️ စိစစ်မှုအရ မြန်မာအလုပ်သမား အမျိုးသား ၂၈၀ ခန့်၊ အမျိုးသမီး အယောက် ၄၀၀ ကျော်၊ စုစုပေါင်း အလုပ်သမား ၇၀၀ ခန့် ခေါ်ယူဖို့ အလုပ်ကမ်းလှမ်းထားတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
▪️ ဇွန် ၁၄ ရက်ကလည်း ဂျပန်ကုမ္ပဏီ ၃၆၀ ကျော်က မြန်မာလုပ်သား ၁၅၀၀ ကျော် ခေါ်ယူသွားမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားပါသေးတယ်။
#Ymg_mnn #Yangon_Media_Group
#Local_News
Published_ 24 June 2024
▪️ လာမည့်ရက်ပိုင်းဇွန်လ(၂၅)ရက်နှင့်(၂၆)ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင်မိုးဆက်လက်ပိုမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ဇွန်(၂၅)ရက်မနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးတွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟုဆိုသည်။
▪️ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး မိုးတိမ်တောင်ဖြစ်ထွန်းမှုကြောင့်မိုးသည်လေပြင်းတိုက်ခတ်နိုင်သဖြင့် သတိပြုနေထိုင်ရန်လိုအပ်သည်။
▪️ ပြီးခဲ့သည့် ၂၄နာရီအတွင်း မိုးရေချိန်များခဲ့သော ဒေသများရှိပြီး မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ဘီးလင်းမြို့တွင် ၄.၂၅ လက်မ၊ ကိုကိုးကျွန်းမြို့တွင် ၃.၈၅ လက်မ၊ မြိတ်မြို့တွင် ၃.၇၁ လက်မ၊ ရွှေကူမြို့တွင် ၃.၃၉ လက်မ၊ မဒေါက်မြို့ တွင် ၃.၁၁ လက်မ၊ မိုးညှင်းမြို့တွင် ၂.၉၁ လက်မ၊ မိုးကုတ်မြို့တွင် ၂.၈၀ လက်မ၊ ကျောက်မဲမြို့တွင် ၂.၆၇ လက်မ၊ ရွှေကျင်မြို့တွင် ၂.၆၄ လက်မနှင့် ဘားအံမြို့တွင် ၂.၆၀ လက်မတို့ ရှိခဲ့သည်။
▪️ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 24 June 2024
▪️ ကျန်းမာရေးဝန်ကြီးဌာနသည် တိုင်းနှင့်ပြည်နယ်အသီးသီးသို့ ယခုနှစ်အတွင်း၁၃ ကြိမ်မြောက်အဖြစ် အထူးကု ဆေးကုသရေး ခရီးစဉ်များစေလွှတ်ကာဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
▪️ ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရေး ဆောင်ရွက်လျက်ရှိရာ အထူးကုသမှုများ (Super Speciality) လိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ ကုသမှုများရရှိနိုင်စေရေး ရည်ရွယ်၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှ အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၄ ခုနှစ် ဇွန် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင်လည်း မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးနှင့် ခုတင် (၅၅၀) ဆံ့ ကလေးဆေးရုံကြီး - ရန်ကုန်တို့မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့သို့ သွားရောက်ကာ ခရိုင်ပြည်သူ့ဆေးရုံ၊ ကော့သောင်းမြို့မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊
▪️ အဆိုပါ အထူးကုဆေးကုသရေးအစီအစဉ်တွင် ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ လာရောက်ပြသခဲ့ပြီး နှလုံးရောဂါဆိုင်ရာလူနာ ၁၁၇ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လူနာ ၅၆ ဦး၊ ကလေးနှလုံးဆေးကုသမှုဆိုင်ရာ ၁၇ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာ လူနာ ၁၁၈ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာ လူနာ ၁၂၇ ဦး၊ အထွေထွေရောဂါဆေးပညာလူနာ ၁၉၀ စုစုပေါင်း ဒေသခံပြည်သူ ၆၂၅ ဦးတို့ကို ကြည့်ရှုကုသမှုပေးနိုင်ခဲ့ပြီး နှလုံးရောဂါဆိုင်ရာလူနာ ခြောက်ဦး၊ ကလေးနှလုံးရောဂါလူနာ တစ်ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းလူနာ သုံးဦးတို့ကို လိုအပ်သော စစ်ဆေးကုသမှုများ ဆက်လက်ခံယူနိုင်ရန် ရန်ကုန်ရှိသက်ဆိုင်ရာဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ လူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) ၂၄ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၆၅ ဦး၊ ဓာတ်ခွဲစမ်းသပ်မှု ၆၄ ဦး၊ သွေးချိုဓာတ်(HbA1C) တိုင်းတာခြင်း ၁၀ ဦး၊ Ultrasound ရိုက်ကူးခြင်း ၃၄ ဦး၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) ၂၁၄ ဦး စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ကြောင်း၊ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 24 June 2024
▪️ ရုရှားအပေါ် ခြိမ်းခြောက်မှုတွေ တိုးများလာပြီလို့ ယူဆရပါက နျူကလီးယား လက်နက်များ အသုံးပြုရေးအတွက် တရားဝင်မူဝါဒချမှတ်မယ့် ဆုံးဖြတ်ချက်ချခြင်းကို အချိန်တိုအတွင်း ပြုလုပ်သွားမယ်လို့ ကမ္ဘာ့နျူကလီးယား အင်အားအကြီးဆုံး ရုရှားနိုင်ငံရဲ့ ပါလီမန် ကာကွယ်ရေးကော်မတီ ဥက္ကဌက ပြောကြားလိုက်ပါတယ်။
▪️ ယူကရိန်းစစ်ပွဲကြောင့် ရုရှားနဲ့ အနောက်တိုင်းတို့ကြား ထိပ်တိုက်ရင်ဆိုင်မှုကြီး ဖြစ်နေကြရာ နျူကလီးယားလက်နက် အသုံးပြုလာနိုင်တဲ့ အခြေအနေတွေ ပါဝင်တဲ့ တရားဝင် နျူကလီးယား လမ်းစဥ်ကို ပြောင်းလဲနိုင်ဖွယ်ရှိတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ယမန်လက ပြောခဲ့ပါတယ်။
▪️ ရုရှားအောက်လွှတ်တော် ကာကွယ်ရေးကော်မတီဥက္ကဌ အန်ဒရီကာတာပိုလော့ဗ်က RIA သတင်းဌာနနဲ့ ပြောကြားရာမှာ ရုရှားအပေါ် ခြိမ်းခြောက်မှုတွေ မြင့်တက်လာပါက နျူကလီးယားလက်နက်များ အသုံးပြုမယ့် အချိန်အခါနဲ့ အသုံးပြုရေး ဆုံးဖြတ်ချက်တို့နဲ့ ပတ်သက်ပြီး မူဝါဒလမ်းစဥ်များကို ပြင်ဆင်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
▪️ ဆီးရီးယားမှာတုန်းက ရုရှားတပ်တွေကို ကြီးကြပ်ခဲ့ပြီး ယခုအခါ အာဏာရ ယူနိုက်တက်ရုရှားပါတီမှာ ဥပဒေပြုအမတ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကာတာပိုလော့ဗ်က နျူကလီးယားလမ်းစဥ်ကို ဒီလိုမျိုး ပြောင်းလဲဖို့အကြောင်း အသေးစိတ်ကို ပြောဖို့စောလွန်းသေးတယ်လို့လည်း ဆိုပါတယ်။
▪️ ရုရှားနိုင်ငံတည်ရှိမှု ခြိမ်းခြောက်ခံလာရပါက ပြည်ပက တိုက်ခိုက်လာသမျှကို နျူကလီးယား ဒါမှမဟုတ် အပျက်အစီးများစေတဲ့ လက်နက်မျိုးဖြင့် တုန့်ပြန်ဖို့ကို သမ္မတက ဆုံးဖြတ်ဖို့လိုလာတဲ့အခါ ၂၀၂၀ နျူကလီးယား မူဝါဒလမ်းစဥ်ကို ကျင့်သုံးမှာ ဖြစ်ပါတယ်။
▪️ အမေရိကန်နဲ့ ရုရှားတို့ဟာ နျူကလီးယား လက်နက်များကို ခေတ်မီတိုးမြှင့်အောင် ပြုလုပ်နေသလို တရုတ်ကလည်း အလျင်အမြန် တိုးမြှင့်လာပါတယ်။
▪️ ယူကရိန်းကို အနိုင်ပိုင်းဖို့အတွက် နျူကလီးယားအသုံးပြုဖို့ မလိုဘူးလို့ ပူတင်ပြောခဲ့တာဟာ နျူကလီးယားစစ်ပွဲ ဖြစ်မလာဘူးဆိုတဲ့ သဘောမြင်နေရပါတယ်။
▪️ ဒါပေမဲ့လည်း ရုရှားရဲ့ နျူကလီးယား မူဝါဒလမ်းစဥ်ကို ပြောင်းလဲနိုင်ဖွယ်ရှိတယ်လို့လည်း ပြောကြားလာပါတယ်။
#Soure: Reuters
#Local_News
Published_ 24 June 2024
▪️ မကာအိုရှိ အဆောက်အအုံတည်ဆောက်မှုဆိုင်ရာနည်းပညာများကိုမြန်မာနိုင်ငံမှသွားရောက် လေ့လာခဲ့သလို မကာအို-မြန်မာနှစ်နိုင်ငံရင်းနှီးမြုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများကိုလည်းဆွေးနွေးခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှသိရသည်။
▪️ မကာအိုတွင်ကျင်းပသည့် (၁၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အခြေခံအဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ရေးဖိုရမ် (The 15th International Infrastructure Investment and Construction Forum – IIICF) သို့မြန်မာနိုင်ငံမှ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါဖိုရမ်ကို တရုတ်အပြည်ပြည်ဆိုင်ရာ ကန်ထရိုက်တာများအသင်းနှင့် မကာအိုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့အစည်းတို့မှ Green Innovation and Digital Connectivity (စိမ်းလန်းသော တီထွင်ဆန်းသစ်မှုနှင့် ဒစ်ဂျစ်တယ်ကူးလူးဆက်သွယ်မှု) ဆောင်ပုဒ်ဖြင့် ကျင်းပနေခြင်းဖြစ်သည်။
▪️ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကာအိုခရီးစဉ်၌ပတ်ဝန်းကျင်သဘာဝကိုမထိခိုက်စေဘဲ ကာဗွန်ဒိုင်အောက် ဆိုက်ကို လျှော့ချ၍ စိမ်းလန်းသော တိုးတက်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် မကာအိုမြို့အတွင်း ဆောင်ရွက်နေသော စွန့်ပစ်ပစ္စည်းများမှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရန် တည်ဆောက်နေသော အဆောက်အအုံကိုလည်းကောင်း၊
▪️ လူမှုပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်စေဘဲ လူမှုစီးပွားတိုးတက်အောင် ဖော်ဆောင်မှုအစီအစဉ်ဖြင့် ဆောင်ရွက်နေသော မကာအိုမြို့တွင်း လမ်းချဲ့ခြင်းလုပ်ငန်းခွင်သို့ သွားရောက်၍ ဆူညံသံနှင့် ဖုန်မှုန့်များ မပျံ့လွင့်စေရန် ထိန်းချုပ်ဆောင်ရွက်သည့်အခြေအနေနှင့် ကျောက်တောင်များကို ပတ်ဝန်းကျင် အနှောင့် အယှက်မရှိအောင် ဖယ်ရှားရှင်းလင်းဆောင်ရွက်သည့်အခြေအနေများကိုလည်းကောင်း လေ့လာ၍ သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါခရီးစဉ်အတွင်း မြန်မာနိုင်ငံ၌ အခြေခံအဆောက်အအုံဆိုင်ရာ တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ State Home Company များကို သီးခြားစီတွေ့ဆုံ၍ ဒေသအတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဖြင့် အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းများတွင် Green Innovation and Digital Connectivity များ ဖော်ဆောင်နိုင်မည့်အခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။
▪️ ဆွေးနွေးပွဲသို့ State Home Company များဘက်မှ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံအတွက် အခြေခံအဆောက်အအုံဆိုင်ရာ နည်းပညာနှင့် ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ကောင်း မွန်လာစေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ၏ Feasibility Study(FS) လေ့လာဆန်းစစ်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊
▪️ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရေးကဏ္ဍများအတွက် ထိရောက်သော ပူးပေါင်း ဆောင်ရွက်မှုများ၊ နည်းပညာမျှဝေပေးခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် (Human Resources) မြှင့်တင်ခြင်းဆိုင်ရာ ဆောင်ရွက်မှုများနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက် မှုကိစ္စရပ်များ၊ အခြေခံအဆောက်အအုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 24 June 2024
▪️ တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်တွင် ထမင်းပေါင်းအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
▪️ ဇွန်လ ၂၄ရက် မနက်၆နာရီခန့်ကမြို့သစ်(၇)ရပ်၊ ဦးမြတ်လေးလမ်းရှိ နေအိမ်၌ မီးဖိုခန်းတွင် ထမင်းပေါင်းအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုစတင်ဖြစ်ပွားကြောင်း သိရသည်။
▪️ မီးလောင်မှုကြောင့် အလျား(၁၅)ပေ၊ အနံ(၄၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ် လူနေအိမ်၏ အပေါ်ထပ်နှင့် အဝတ်အထည်များ၊ အသုံးအဆောင် ပစ္စည်းများ မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ မီးလောင်မှုကို မနက် ၆ နာရီ ၃ မိနစ်အချိန်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှ စကားပြောစက်ဖြင့် သတင်းပေးပို့သဖြင့် ၆ နာရီ ၄ မိနစ် အချိန်တွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးစန်းဦး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၂၁)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၆၀)ဦး၊ ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ် ယာဉ်(၂)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ် (၂)စီး၊ အရန်မီးသတ်စခန်းများမှမီးငြှိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၃)စီး၊ လူမှုရေးအသင်းများမှ လူနာတင်ယာဉ်(၅)စီး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်(၁ဝ)ဦး၊ ရဲတပ်ဖွဲ့ဝင်(၁၃)ဦးတို့ဖြင့် သွားရောက်၍ ပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၆ နာရီ၁၀ မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၆ နာရီ ၁၅ မိနစ် အချိန် တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published_ 24 June 2024
▪️ ရုပ်ရှင်အစည်းအရုံးဝင်မိသားစုများ၏ ကလေးငယ်(၁၇၈)ဦးအတွက် ပညာသင်စရိတ်နှင့်ကျောင်းသုံးပစ္စည်း(၁၀)မျိုးထောက်ပံ့ခဲ့ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(ဗဟို)မှ သိရသည်။
▪️ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာသင်စရိတ်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား၌ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
▪️ ပညာသင်စရိတ်လျှောက်ထားသူ(၁၇၈)ဦးကို တစ်ဦးလျှင်အစည်းအရုံးက(၂)သောင်းဦးဇော်မင်းမင်္ဂလာက ၁သောင်းနှင့်အတူ ကျောင်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်ကြောင်းနှင့်
▪️ ဂုဏ်ထူး ၆ ဆုရသူတစ်ဦးအား အစည်းအရုံးမှတစ်ဘာသာလျှင်၁ သိန်းနှင့်၆သိန်း၊ ဒေါက်တာအောင်မိုးနှင့်အဖွဲ့က ၁သိန်းထပ်ဆင့်ချီးမြှင့်ပြီး မမဆောင်းမှတစ်ဦးလျှင်၁သောင်း၊ ဒေါက်တာအောင်ကျော်မိုးမှ တစ်ဦးလျှင်၅ထောင်စီထပ်ဆင့်ပံ့ပိုးခဲ့ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဒုဥက္ကဌ ၏ဖော်ပြချက်အရ သိရသည်။
▪️ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲနှင့် ၂ဝ၂၄-၂ဝ၂၅ ပညာသင်ကြားရေး ပံ့ပိုးကူညီထောက်ပံ့ပွဲကို ဇွန်လ(၂၂)ရက်မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ကျင်းပခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published_ 24 June 2024
▪️ ယခုတစ်ပတ်တွင် စားအုန်းဆီရည်ညွှန်းဈေးတစ်ပိဿာကျပ် ၅၄၀၀ဖြင့် ရောင်းချရန်သတ်မှတ်ထားကြောင်း သိရသည်။
▪️ ပြီးခဲ့သည့်အပတ်က ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၅၃၇၀ကျပ်သတ်မှတ်ခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့မှ ၃၀ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅၄၀၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်ဟုဆိုသည်။
▪️ ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ စားအုန်းဆီဈေးနှုန်းများကို အပတ်စဉ်သတ်မှတ်ပေးခြင်းဖြစ်ပြီး ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။
▪️ လက်လီရောင်းချသူများအနေဖြင့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၅၄၀၀ ကျပ်ကို သယ်ယူပို့ဆောင်စရိတ်နှင့်အမြတ်(၂)ရာခိုင်နှုန်းတင်ပြီး ရောင်းချရန် သတ်မှတ်ထားကြောင်း သိရသည်။
#tthl #Yangon_Times
#World_Health
Published 24 June 2024
▪️ ဂျပန်မှာဖြစ်ပွားနေတဲ့ အသားစားပိုးကူးစက်မှုမျိုးကို အမေရိကန် ကွန်နက်တီကတ်မှ အမျိုးသမီးတစ်ဦးမှာလည်း တွေ့ရှိထားကာ ကုသနေရပါတယ်။
▪️ ထိုလူနာဟာ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အသက်ရှူကြပ်ခြင်း၊ နှလုံးခုန်နှုန်းမြင့်ခြင်း၊ သွေးပေါင်ချိန်ကျခြင်းတို့ ခံစားရပြီးနောက် ဆေးရုံတစ်ခုသို့ တက်ခဲ့ရပါတယ်။
▪️ ဓာတ်မှန်ရိုက်ရာမှာ လူနာရဲ့အဆုတ်မှာ အရည်တွေစုပြုံနေပြီး ကျောက်ကပ်လည်း ပျက်စီးနေပါတယ်။
▪️ ထိုအမျိုးသမီးရဲ့ရောဂါဟာ ဂျပန်မှာ လူ ၇၇ ဦးသေဆုံးစေခဲ့တဲ့ စထရပ်တိုကော့ကယ် အဆိပ်သင့်ရောဂါ (STSS) ဘက်တီးရီးယား ကူးစက်မှုဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။
▪️ အထူးကြပ်မတ်ဆောင်မှာ ၃ ရက်နေပြီးနောက် ဆီးမသွားတော့ဘဲ ခြေမတစ်ချောင်း ညိုမည်းပုပ်ဆွေးလာပါတယ်။
▪️ ဒီရောဂါမျိုးက လည်ပင်းမှ မျိုချင်း စထရပ်တိုကော့ကပ်စ်-အေ ဘက်တီးရီးယား ဝင်ရောက်တာ ဖြစ်ပါတယ်။
▪️ လည်ချောင်းမှာဖြစ်ရင် သာမန်သာဖြစ်တတ်ပေမယ့် သွေးထဲ တစ်ရှူးတွေထဲ ရောက်ရင်တော့ STSS ရောဂါဖြစ်နိုင်ကာ ၃၀ ရာခိုင်နှုန်းလောက် သေဆုံးနိုင်ချေရှိပါတယ်။
▪️ ပြင်ပဒဏ်ရာတစ်ခုကနေ ဘက်တီးရီးယား ဝင်ရောက်လာနိုင်ပြီး တစ်ရှူးအတွင်းသို့ ရောက်ရှိလာနိုင်ပါတယ်။
▪️ ရောဂါဆိုးရွားလာတဲ့အခါ သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကျဆင်းခြင်းတို့ ဖြစ်လာကာ အတွင်းအင်္ဂါများ ပျက်စီးလာပါတယ်။
▪️ ပဋိဇီဝဆေးများ ပေးထားပေမယ့် ခြေမဖြတ်ပစ်ဖို့ လိုအပ်လိမ့်မယ်လို့ ဆရာဝန်များ ယူဆနေကြပါတယ်။
▪️STSS ရောဂါက ဂျပန်မှာ အဖြစ်များနေပြီး ယခုနှစ်မှာပင် အယောက် ၁၀၀၀ ခန့်ကူးစက်ထားကာ ၇၇ ဦးသေဆုံးထားပါတယ်။
▪️ ဘက်တီးရီးယားနဲ့ အဆက်မပြတ်ထိတွေ့နေရင် ရောဂါခုခံနိုင်မှာဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ထိုသို့ မထိတွေ့တာကြောင့် အဖြစ်များလာရပါတယ်။
#Source: New York Post
#World_Health
Published 24June 2024
▪️ အင်တာနက် အလွန်အကျွံ သုံးစွဲခြင်းကြောင့် အင်တာနက်စွဲလမ်းခြင်းလို့ ခေါ်တဲ့ အပြုအမူပိုင်းမူမမှန်ခြင်းလက္ခဏာ ပေါ်ပေါက်လာကာ နေ့စဥ်ဘဝကို ထိခိုက်လာပါတယ်။
▪️ အင်တာနက်စွဲလမ်းနေတာကို ကိုယ့်ကိုယ်ကို သိရှိပြီး ဖြေရှင်းခြင်းက စိတ်ရောကိုယ်ပါ ကျန်းမာစေမှာ ဖြစ်ပါတယ်။
▪️ လူတစ်ယောက် အင်တာနက်စွဲလမ်းနေတာကို ညွှန်ပြနေတဲ့ လက္ခဏာရပ်များကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) အင်တာနက်ပေါ်မှာ နစ်မြောနေခြင်း
အွန်လိုင်းပေါ်မှာ ဘာလုပ်ပြီးရင် ဘာလုပ်ရမယ်ဆိုတာကိုပဲ စွဲလမ်းနေပြီး မသုံးတဲ့အချိန်မှာတောင် ဒါကိုပဲ တွေးတောနေတတ်ပါတယ်။
▪️ (၂) ကန့်သတ်သုံးစွဲဖို့ရာ မထိန်းချုပ်နိုင်ခြင်း
အင်တာနက်ကို ကန့်သတ်သုံးစွဲဖို့ ခက်ခဲနေခြင်း၊ မှန်းထားတာထက် အချိန်ပိုသုံးမိနေခြင်း၊ ဖြတ်ပစ်ရန် ကြိုးပမ်းရာမှာ အကြိမ်ကြိမ်ကျဆုံးနေခြင်းတို့က စွဲလမ်းနေတဲ့ လက္ခဏာဖြစ်ပါတယ်။
▪️ (၃) ကိုယ်ရေးကိစ္စများ ပျက်ကွက်ခြင်း
အင်တာနက် အသုံးများခြင်းကြောင့် အိမ်ကိစ္စ၊ အလုပ်ကိစ္စ၊ ကျောင်းကိစ္စများ ပျက်ကွက်လာတာဟာလည်း စွဲလမ်းတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။
▪️ (၄) အင်တာနက်မသုံးရင်လက္ခဏာပြခြင်း
အင်တာနက် မသုံးတဲ့အချိန်မှာ ကဏာမငြိမ်ဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ခံစားရတတ်ပါတယ်။
▪️ (၅) စိတ်ညစ်စရာဖျောက်ရန် အင်တာနက်သုံးခြင်း
ပြဿနာများ ဖိစီးမှုများကို မေ့ပျောက်ဖို့အတွက် အင်တာနက်အသုံးပြုတာဟာ စွဲလမ်းတဲ့လက္ခဏာ ဖြစ်ပါတယ်။
▪️ (၆) ဘယ်လောက်သုံးစွဲသည်ကို အခြားသူများအားလိမ်လည်ခြင်း
အင်တာနက် ဘယ်လောက်ကြာကြာသုံးလဲ၊ အင်တာနက်မှာ ဘာတွေလုပ်လဲဆိုတာကို အခြားသူများအပေါ် လိမ်လည်ပြောဆိုတာဟာလည်း လက္ခဏာတစ်ခုပါ။
▪️ (၇) မေတ္တာရေးတွင်ထိခိုက်လာခြင်း
အင်တာနက်အသုံးပြုခြင်းကြောင့် ချစ်ရသူတွေနဲ့ ပြဿနာဖြစ်ရတယ်ဆိုရင် အင်တာနက်စွဲလမ်းတဲ့ ပြဿနာပါပဲ။
▪️ (၈) ရုပ်ပိုင်းဆိုင်ရာ ထိခိုက်လာခြင်း
မျက်လုံးကိုက်ခြင်း၊ ကျောအောင့်ခြင်း၊ အိပ်ရေးပျက်ခြင်းတို့က အင်တာနက်အလွန်အကျွံ စွဲလမ်းတဲ့ လက္ခဏာပါ။
▪️ (၉) ပြင်ပကိစ္စရပ်များ စိတ်ဝင်စားမှုလျော့နည်းလာခြင်း
ပြင်ပလှုပ်ရှားမှုတွေ ဝါသနာတွေကို စိတ်မဝင်စားတော့တာဟာ စွဲလမ်းခြင်းလက္ခဏာပဲ ဖြစ်ပါတယ်။
▪️(၁၀) အင်တာနက်သုံးရမှ စိတ်ကျေနပ်ခြင်း
အင်တာနက်ပေါ်မှာရှိမှ စိတ်ကျေနပ်မှုရတာဟာ စွဲလမ်းမှုပဲ ဖြစ်ပါတယ်။
#Soure: DoctorNDTV
Page 138 of 1457