#LocalNews
Published_ 9 March 2022
KNU အပါအဝင် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တော်တော်များများရဲ့ ခေါင်းဆောင်ပိုင်းတွေက အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်း( Prak Sokhonn) မြန်မာနိုင်ငံကိုလာရင် တွေ့ဆုံကြဖို့ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 9 March 2022
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(စစ်ကိုင်း)၏ စတုတ္ထအကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ မတ်လ ၉ ရက်၊ နံနက်ပိုင်းက ကျင်းခဲ့ပြီး သီတဂူဆရာတော်ကြီး တက်ရောက်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
စတုတ္ထအကြိမ်မြောက်မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)မဟာဘွဲ့နှင်းသဘင်ခန်းမဆောင်တွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ သီတဂူအဓိပတိ ဆရာတော်ကြီးအမှူးပြုသော ပါမောက္ခ၊ ကထိက၊ ဘွဲခံကျောင်းသား ၄၀၀ နီးပါး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ အခမ်းအနားတွင် ဒေါက်တာ Ph.D ဘွဲရ (၃) ပါး၊ မဟာဝိဇ္ဇာ M.A ဘွဲရ (၁၀၁)ပါး၊ ဝိဇ္ဇာ B.A ဘွဲရ (၂၆၂)ပါး စုစုပေါင်း ဘွဲ့ခံကျောင်းသား (၃၆၆) ပါးအား သီတဂူဆရာတော်ဘုရားကြီးမှ ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့လည်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(စစ်ကိုင်း)မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဓါတ်ပုံ - သီတဂူစတား
ymg/kg
#Yangon_Media_Group
#LocalNews
Published - 9 March 2022
ကချင်ပြည်နယ်၊ ပန်နန်းဒင်မြို့ မှ (၆)ရက် ခရီးရှိခါကာဘိုရာဇီ တောင်ခြေရွာဖြစ်တဲ့ ထာလာထုရွာတွင်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရွာလုံးကျွတ်ပြာကျသည်အထိ မီးလောင်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံများထံမှသိရပါတယ်။
မီးလောင်မှုကြောင့် လက်ရှိတွင် ထာလာထုရွာ အတွက် အရေးပေါ် အကူအညီများလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။အဆိုပါ ထာလာထုရွာတွင် အိမ်ခြေ ၁၁ အိမ် ရှိပြီး
လူဦးရေ ၇၀ ကျော်ရှိကာ မသန်းစွမ်းသူ ၃ ဦး နေထိုင်တဲ့ ရွာလေးဖြစ်တယ်လို့ လည်း သိရပါတယ်။
"ဘာကြောင့် မီးလောင်မှုဖြစ်ခဲ့တယ်ဆိုတာ တော့ တိတိကျကျ မသိရ သေးပါဘူး။ ရွာလုံးကျွတ်မီးဘေးသင့်ခဲ့ပါတယ်။ ရွာကလည်း အတော်လေးဝေးလံခေါင်ဖျားတဲ့ ဒေသမှာရှိပါတယ်။"လို့ ပူတာအိုမြို့ ရှိ လူမှု ကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။
အဆိုပါ ထာလာထုရွာဟာ ဆင်းရဲခေါင်ပါးလွန်းတဲ့အတွက် သွပ်မိုးပျဉ်အိမ် မဆောက်လုပ်နိုင်တဲ့အတွက်အိမ်တိုင်းက ဝါးအိမ်နှင့် သစ်လုံးလေးတွေနဲ့စီထားတဲ့ အိမ်တွေသာဆောက်လုပ်ပြီး အကုန်လုံးကို သက်ကယ်ရွက်နဲ့ပဲမိုးထားတဲ့ ခါကာဘိုရာဇီ တောင်ခြေက ရွာ လေးတစ်ရွာဖြစ်တယ်လို့ လည်း ဒေသခံတွေကပြောပါတယ်။
"ရွာနယ်မြေကျဉ်းမြောင်းတဲ့အတွက် တစ်အိမ်နဲ့တစ်အိမ်ကြား ၂ ပေ လောက်သာကွာခြားတယ်။ အမိုးချင်းထိ အောင် သက်ကယ်မိုးမိုးထားတယ်။ တစ်အိမ်မီးကူးရင် တစ်ရွာလုံးပြာကျဖို့သာ ကျန်တယ်။ စပါးကျီးတွေ အပါအဝင် ရှိသမျှ အကုန် မီးထဲပါသွားပါတယ်တဲ့။
အ ရေးပေါ် အတွက် စားဝတ်နေရေး အိုးခွက် ပန်းကန်း တွေ စောင်တွေ ယာယီထိုးဖို့ တဲမိုးကာဖြူတွေ လိုအပ်ပါမယ်။"လို့ ၎င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
ထာလာထုရွာကို သွား ရောက်ဖို ဆိုပါက ကားဖြင့် ၁ ရက် ဆိုင်ကယ်နဲ့ ၁ ရက်၊ ခြေလျင် လမ်းလျောက် ၆ ရက်စုစုပေါင်း ၈ ရက် သွားရောက်ပို့ဆောင်ရတာဖြစ်ပြီး
အသွားအပြန်ဆိုပါက ၁၅ ရက်က နေ ၁၇ ရက် အထိ ကြာမြင့်တဲ့ ခရီးဖြစ်တယ်လို့ ဒေသခံ တွေက ဆိုပါတယ်။
"အစိုးရစာသင်ကျောင်းကလေးတော့ ရွာမှ ဘေးလွတ်ရာမှာ တည်ဆောက်ထားတဲ့အတွက် လွတ်မြောက်သွားတာ တွေ့ရပါတယ်။ ကျန်တဲ့ရွာက အိမ်တွေကတော့ မီးဘေးကြောင့် အကုန်ကုန်တာ ပေါ့ နော်။"လို့ ပူတာအိုမြို့ ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။
Photo - CJ
ပုံစာ - မီး လောင်မှုမဖြစ်ပွားခင်နှင့် မီးလောင်မှုဖြစ်ပွားပြီးထာလာထုရွာကိုတွေ့ မြင်ရစဉ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published - 9 March 2022
ဒီကနေ့ မတ်လ ၉ ရက်၊ နံနက်(၁၀)နာရီ အချိန်တွင် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးအား မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H.E Mr.Christian Lechervy က ရန်ကုန်မြို့ရှိ ပြည်သူ့ပါတီ(ဗဟိုဌာနချုပ်)တွင် လာရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတွေ့ဆုံမှုတွင် လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေများအပေါ် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့လည်း ပြည်သူ့ပါတီက သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါတွေ့ဆုံမှုတွင် ပြည်သူ့ပါတီ အတွင်းရေးမှူး (၁) ဦးကျော်ကျော်ထွေးနှင့် အတွင်းရေးမှူး (၂) ဦးကျော်ကျော်စိုးတို့ တက်ရောက်ခဲ့ကြပါတယ်။
ယင်းတွေ့ဆုံမှုအပေါ် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးက "နိုင်ငံရေးနည်းလမ်း ပြန်လည်အသက်ဝင်လာစေဖို့ပြည်တွင်း၊ ပြည်ပကြိုးစားကြရမှာပါ။"လို့ လည်း သူ၏ လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။
ဓါတ်ပုံ - ပြည်သူ့ပါတီ
ymg/kg
#Yangon_Media_Group
#DailyNews
Published - 9 Mar 2022
၁။ မျိုးသုဉ်းနိုင်သည့်ကြယ်လိပ်များကို မူရင်းဒေသများသို့ ပို့လွှတ်မည်
၂။ NCA ထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစု အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံနိုင်ရန်ရှိနေ
၃။ မိုးလဝေသ သတင်း
၄။ ကလေးစစ်သားဖြစ်ခဲ့ဖူးသည့် နီပေါမာရသွန်အပြေးမယ် ဆင်းရဲနွမ်းပါးမှုနှင့်လူတန်းစားခွဲခြားမှုကို အားကစားဖြင့်တိုက်ဖျက်ရန် လူငယ်မျိုးဆက်သစ်အပြေးသမားများလေ့ကျင့်ပေးနေ.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 9 Mar 2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိမြို့နယ်အချို့တွင်ကိုဗစ်ကူးစက်မှုနှုန်း အခြေအနေဆိုးရွားနေတာကြောင့် ခရိုင်နဲ့မြို့နယ်အချို့ကိုဖြတ်သန်းသွားလာခြင်းနဲ့ ယင်းမြို့နယ်တွေကိုဖြတ်သန်းကာ ပန်ခမ်းမြို့ကိုမလာဖို့ ပန်ခမ်းမြို့ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါထုတ်ပြန်ချက်တွင် လတ်တလောတွင် မိုင်းပေါက်ခရိုင်၊ပန်ခမ်းအထူးမြို့နယ်နှင့် မိုင်းလင်းခရိုင်တွင် ကိုဗစ်ရောဂါကူးစက်မှု အခြေအနေဆိုးရွားနေပြီး လူသွားလူလာထိန်းချုပ်ခြင်းနဲ့ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကိုဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ဒါ့ကြောင့် ပန်ခမ်းမြို့နေပြည်သူတွေအနေနဲ့ မိုင်းပေါက်ခရိုင် ၊မိုင်းလင်းခရိုင်၊မိုင်းမောခရိုင်နဲ့နန်းတစ်အထူးမြို့နယ်တို့ကိုဖြတ်သန်းသွားလာခြင်းမပြုရန်နဲ့ ယင်းမြို့နယ်တွေကိုဖြတ်သန်းပြီး ပန်ခမ်းဒေသကိုလာရောက်ခြင်းမပြုရန် ယနေ့မှာထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ပန်ခမ်းမြို့မှာကိုဗစ်အတည်ပြုလူနာ ၂ ဦးတွေ့ရှိခဲ့ပြီး ထိတွေကူးစက်မှုခန့်မှန်းမရတာကြောင့် တစ်မြိုလုံးကို Lockdown ချကာ အာခေါင်တို့ပတ် စစ်ဆေးခဲ့ပါသေးတယ်။
ကိုဗစ်တတိယလှိုင်းကာလမှာ"ဝ"ဒေသအနေနဲ့ ကူးစက်မှုမရှိအောင် တင်းကြပ်စွာဆောင်ရွက်ခဲ့ပြီး ပန်ခမ်းမြို့မှာ ဒုတိယအကြိမ်တမြို့လုံး အာခေါင်တို့ဖတ်စစ်ဆေးမှုလုပ်ငန်းသြဂုတ်လ ၂၁ ရက်နေ့က ဆောင်ရွက်ခဲ့သလို စုစုပေါင်းစစ်ဆေးသူ ၅၂,၉၂၂ ဦးနှင့် စစ်ဆေးမှုရလဒ်အားလုံးမှာ negative ထွက်ရှိခဲ့ပါတယ်။
ymg/hm
#Yangon_Media_Group
#Local_News
Published_ 9 March 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ဈေးကားများနဲ့ စားအုန်းဆီများကို သက်သာတဲ့ဈေးနှုန်း တစ်ပိဿာလျှင် ၅,၉၀၀ ကျပ်နှုန်းဖြင့် လိုက်လံရောင်းချပေးနေတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
၂၀၂၂ ခုနှစ်၊ မတ် ၇ ရက်မှ ၁၃ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် အနိမ့်ဆုံး ငွေကျပ် ၅,၉၄၀ မှ အမြင့်ဆုံး ၆,၅၇၅ ကျပ် ဖြစ်တယ်လို့သိရပါတယ်။
စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေနဲ့ စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းလျက်ရှိတယ်လို့ ဆိုပါတယ်။
စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှာဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် ထုတ်ပြန်ပေးနေပါတယ်။
နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် စားအုန်းဆီထုတ်လုပ်တင်ပို့တဲ့နိုင်ငံတွေမှာ စားအုန်းဆီဈေးနှုန်းများ မြင့်တက်လျက်ရှိနေပြီး ပြင်ပဈေးကွက်မှာလည်း စားအုန်းဆီတစ်ပိဿာကို ကျပ် ၈,၀၀၀ ခန့်အထိရှိနေတယ်လို့ သိရပါတယ်။
#ymg_mnn
#Yangon_Media_Group
#Local_News
Published_ 9 March 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အောင်မြင့်မိုရ်အိမ်ရာစီမံကိန်းရှိ အိမ်ခန်းများကို CHID ဘဏ်ချေးငွေ အစီအစဉ်ဖြင့် ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ စုဆောင်းငွေအနည်းဆုံး ကျပ်သိန်း ၃၀ ရှိသူများ၏ အမည်စာရင်းကို DUHD Sale Housing နှင့် CHIDB တို့ရဲ့ Facebook Page များ၌ ၂၀၂၂ ခုနှစ် မတ် ၁၀ ရက်တွင် ကြေညာသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ငွေကျပ် သိန်း ၃၀ စုဆောင်းငွေပြည့်မီတဲ့ အိမ်ခန်းဝယ်ယူလိုသူများမှာ မတ်လ ၁၀ ရက်မှ ၁၈ ရက်အတွင်း DUHD Sale Housing Facebook Page ရဲ့ Messenger မှတစ်ဆင့် စာရင်းပေးသွင်း လျှောက်ထားနိုင်ကြောင်း သိရပါတယ်။
ထိုသို့လျှောက်ထားရာတွင် လျှောက်ထားသူရဲ့ အမည်၊ မှတ်ပုံတင်အမှတ်၊ အဖအမည်၊ အဆောက်အုံအမျိုးအစား၊ CHID ဘဏ်၏ Down Payment Serial No. နှင့် ဆက်သွယ်နိုင်သည့် ဖုန်းနံပတ်တို့ကို ပေးသွင်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အောင်မြင့်မိုရ်အိမ်ရာစီမံကိန်း၏ တည်နေရာ၊ အဆောက်အအုံအမျိုးအစား၊ အကျယ်အဝန်းနှင့် ဈေးနှုန်းများကို မတ် ၁၀ ရက်တွင် ကြေညာပေးမှာဖြစ်ပြီး၊ မဲနှိုက်ရောင်းချမယ့်အစီအစဉ်ကိုလည်း ထပ်မံအသိပေးသွားမှာဖြစ်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
#ymg_mnn
#Yangon_Media_Group
#WorldPolitics
Published - 09 March 2022
ယူကရိန်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲကိစ္စတွေကို ညှိနှိုင်းဖြေရှင်းပေးဖို့ အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး တက်တက်ကြွကြွလုပ်ဆောင်သွားဖို့ တရုတ်တို့ ဆန္ဒရှိကြောင်း တရုတ်သမ္မတ'ရှီကျင်ဖင်'က အသိပေးပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာကို တိတိကျကျဖော်ပြသွားခြင်းမရှိသလို ရုရှားနိုင်ငံအပေါ် အနောက်အုပ်စုရဲ့ဒဏ်ခတ်ပိတ်ဆို့ မှုတွေကိုလည်း ထပ်ခါထပ်ခါ ဆန့်ကျင်ရှုတ်ချသွားပါတယ်။
ဂျာမနီအကြီးအကဲအဓိပတိ'အိုလက်ဖ်ရှော့လ်ဇ်'၊ ပြင်သစ်သမ္မတ'အီမန်နျူရယ်မက်ခရွန်'တို့နဲ့ အွန်လိုင်းကနေပြောဆိုခဲ့ရာ ယူကရိန်းအခြေအနေက စိုးရိမ်ပူပန်နေရကြောင်း၊ ဥရောပတိုက်မှာ စစ်ပွဲထပ်မံဖြစ်ပေါ်လာတဲ့အတွက် အလွန်ဝမ်းနည်းပူဆွေးရကြောင်း 'ရှီ'ကပြောကြားခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
"တရုတ်အနေနဲ့ ပြင်သစ်၊ ဂျာမနီ၊ အီးယူတို့နဲ့ အဆက်အသွယ်မပြတ်ရှိနေမှာဖြစ်ပါတယ်။ ပါဝင်ဖွဲစည်းထားတဲ့နိုင်ငံတွေရဲ့လိုအပ်ချက်အတိုင်း နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အတူတကွလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ စစ်ရေးပြဿနာဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမှုအားလုံးမှန်သမျှကို ကူညီထောက်ပံ့ပေးသွားပါမယ်" လို့ 'ရှီ'ရဲ့ပြောကြားချက်ကို ဖော်ပြထားတာဖြစ်ပါတယ်။
တရုတ်နဲ့ရုရှားတို့ဟာ အနောက်နိုင်ငံကိုစိန်ခေါ်ရာမှာ အကြံတူပူးပေါင်းခဲ့ကြပေမယ့် ယူကရိန်းကိုကျူးကျော်မှုကတော့ သူတို့နှစ်နိုင်ငံရဲ့ဆက်ဆံရေးသဘောထားအစစ်အမှန်ကို စမ်းသပ်ရာရောက်နေပါတယ်။
တရုတ်တို့က ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုနဲ့ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တိုက်ရိုက်အပြစ်တင်ဝေဖန်ခြင်းတော့ မရှိသေးပါဘူး။တစ်ကမ္ဘာလုံးက စီးပွားရေးပိတ်ဆို့အရေးယူမှုတွေပြုလုပ်ထားတာကြောင့် ရုရှားတို့ရဲ့စီးပွားရေးထိခိုက်လာချိန်မှာ တရုတ်တို့ကအလျင်စလို ကူညီတာမျိုး မတွေ့ရသေးပါဘူး။
တရုတ်ဘဏ်တွေနဲ့ကုမ္ပဏီတွေက ရုရှားတို့နဲ့ပူးပေါင်းဆောင်ရွက်လိုက်ပါက သူတို့ကိုလည်းဒဏ်ခတ်ပိတ်ဆို့ မှုတွေ ပြုလုပ်လာမှာကို စိုးရိမ်နေကြတယ်လို့ သုံးသပ်မှုတွေထွက်ပေါ်လာပါတယ်။
ယူကရိန်းမှာတိုက်ပွဲတွေဖြစ်ပွားရခြင်းက ရုရှားတို့ကျူးကျော်ခြင်းကြောင့်ဖြစ်တယ်ဆိုတာကို တရုတ်တို့က ဆက်တိုက်ငြင်းချက်ထုတ်ထားပြီး ဒါဟာ နေတိုး(NATO)တပ်ဖွဲ့ တွေ ဥရောပအရှေ့ဘက်သို့ ချဲ့ထွင်လာခြင်းက ဒီပဋိပက္ခကြီးဖြစ်ရခြင်းရဲ့အဓိကအကြောင်းအရင်းဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက ရုရှားတို့ ရဲ့အဆိုအတိုင်း ပြောကြားခဲ့ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြုလုပ်ဖို့ ထောက်ပံ့ကူညီသင့်ကြောင်း၊ စစ်ပြေငြိမ်းရေးရရှိဖို့ နှစ်ဦးနှစ်ဘက်စလုံးဆွေးနွေးပြောကြားကြဖို့ တိုက်တွန်းသင့်ကြောင်း 'ရှီ'ကအလေးထားပြောဆိုခဲ့ပါတယ်။
စစ်ဘေးဒုက္ခသည်များအခက်အခဲမဖြစ်စေရေးအတွက် အင်တိုက်အားတိုက်ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တောင်းဆိုလိုက်ပြီး ယူကရိန်းကို လူသားချင်းစာနာမှုဖြင့် ထောက်ပံ့ကူညီသွားဖို့ အဆင်သင့်ရှိနေကြောင်း တရုတ်တို့က အသိပေးလိုက်ပါတယ်။
ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေက ကိုဗစ်ကပ်ရောဂါကြောင့် ပျက်စီးနေပြီးသားဖြစ်နေတဲ့ ကမ္ဘာ့စီးပွားရေးကို ထပ်မံနှောင့်နှေးစေမှာဖြစ်ကြောင်း ရှုတ်ချလိုက်ပါတယ်။
"ဒီလိုတွေလုပ်နေလို့ ဘယ်သူမှအကျိုးအမြတ်ရှိမှာမဟုတ်ပါဘူး။ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးနဲ့ ကမ္ဘာ့လုံခြုံရေးတည်တံ့ခိုင်မြဲဖို့ အတွက် တက်တက်ကြွကြွထောက်ပံ့ဆောင်ရွက်ပေးကြဖို့ လိုအပ်ပါတယ်" လို့ ဖော်ပြထားပါတယ်။
Source: CNN
#WorldHealth
Published 09 March 2022
ကိုဗစ်ရောဂါကို ကုသကာကွယ်နိုင်မယ့် ပဋိပစ္စည်း(antibody)ကုသနည်းကို တီထွင်ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း တရုတ်သိပ္ပံပညာရှင်များပြောကြားခဲ့ပြီး တိရိစ္ဆာန်တွေနဲ့စမ်းသပ်ရာမှာ ထိရောက်မှုရှိခဲ့ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဒီသုတေသနအဖွဲ့မှာ တရုတ်သိပ္ပံပညာအကယ်ဒမီ၊ မြို့တော်ဆေးဘက်ဆိုင်ရာတက္ကသိုလ်၊ တရုတ်ရောဂါထိန်းချုပ်ရေးစင်တာတို့မှ အဖွဲ့အစည်းများပါဝင်ပြီး Nature Immunology ဂျာနယ်မှာ အင်္ဂါနေ့က ဖော်ပြခဲ့ကြပါတယ်။
ဒီကုသနည်းက SARS-CoV-2 မျိုးဗီဇကွဲအများစုကို ချေဖျက်နိုင်တဲ့စွမ်းရည်ရှိကာ အထူးသဖြင့်ဒယ်လ်တာမျိုးဗီဇကွဲအား ချေဖျက်နိုင်တဲ့စွမ်းရည်ပိုအားကောင်းကြောင်း ပြောဆိုခဲ့ပါတယ်။
ကိုဗစ်ရောဂါမှပြန်လည်သက်သာလာတဲ့ လူနာထံမှ ပဋိပစ္စည်း(antibody)အစုံလိုက်ကိုရယူကာ ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။
အဆိုပါပဋိပစ္စည်းတွေက ကိုရိုနာဗိုင်းရပ်စ်ကို လူသားဆဲလ်တွေနဲ့မပေါင်းစပ်နိုင်အောင် တားဆီးလိုက်တာကြောင့် ဗိုင်းရပ်စ်မဝင်ရောက်နိုင်တဲ့အပြင် ဗိုင်းရပ်စ်မပွားနိုင်တော့ပါဘူး။
ကင်ဆာရောဂါ၊ ရောင်ရမ်းခြင်းလက္ခဏာတွေနဲ့ ဗိုင်းရပ်စ်ကူးစက်ခြင်းရောဂါတွေ ကုသတဲ့နေရာမှာ အသုံးပြုသလိုမျိုး အန်တီဂျင်ပေါင်းစည်းရာနေရာနှစ်ခုကို မော်လီကျူးတစ်ခုတည်းဖြင့် တားဆီးလိုက်တဲ့ပုံစံမျိုးဖြစ်ပါတယ်။
စမ်းသပ်ချက်တွေပြုလုပ်ရာမှာတော့ ကြွက်တွေနဲ့မျောက်တွေမှာ ရောဂါကူးစက်မှုကို ထိရောက်စွာကာကွယ်နိုင်ပြီး လည်ချောင်းနဲ့နှာခေါင်းတို့ဖတ်စစ်ဆေးရာမှာ ဗိုင်းရပ်စ်ပမာဏအနည်းငယ်သာရှိကြောင်း တွေ့ရှိခဲ့ကြပါတယ်။
အခြားပဋိပစ္စည်းတစ်မျိုးတည်းဖြင့်ကုသနည်း သို့မဟုတ် ပဋိပစ္စည်းရောစပ်ထုတ်လုပ်ခြင်းတွေနဲ့ နှိုင်းယှဉ်ပါက ဗိုင်းရပ်စ်သန္ဓေပြောင်းလဲပြီး ခုခံအားရှောင်ရှားခြင်းမျိုး အဖြစ်နည်းသွားမှာဖြစ်ကြောင်း ဆိုပါတယ်။
ဒီကုသနည်းရဲ့ထိရောက်မှုကိုသိရှိဖို့ လူသားတွေနဲ့စမ်းသပ်မှုပြုလုပ်သင့်ကြောင်း အင်္ဂလန် လက်စ်တာတက္ကသိုလ်မှ ဗိုင်းရပ်စ်ရောဂါပညာရှင်'ဂျူလီယန်တန်'က ပြောကြားခဲ့ပါတယ်။
ကမ္ဘာတဝန်းက သိပ္ပံပညာရှင်တွေက ပဋိပစ္စည်းကုသနည်းတွေ စမ်းသပ်ထုတ်လုပ်နေကြပါတယ်။
ဒါပေမဲ့ ပဋိပစ္စည်းတစ်မျိုးတည်းဖြင့် ထုတ်လုပ်ခြင်းက ဗိုင်းရပ်စ်ဆင့်ကဲပြောင်းလဲတဲ့အခါ အသုံးမဝင်တာမျိုးဖြစ်သွားတတ်ပါတယ်။
Source: South China Morning Post.
#Yangon_Media_Group
#LocalNews
Published -9 Mar 2022
မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၆ ရက်နေ့ မွန်းလွဲ ၁၂ ခွဲအချိန် သတင်းအရ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်းနှင့် ၆၂ ကြား၊ ၁၃၄ လမ်းတွင် တင်ဝင်း(၅၅)နှစ် မောင်းနှင် သည့် NISSAN ၁၂ ဘီး မော်တော်ယာဉ်အား စောင့်ကြည့်နေစဉ် အိုက်စံ(ခ)၀င်းဆိုင်(ခ)အားရှန်(၃၃)နှစ် နှင့် ရော်ကျိန်းရန်(ခ)အားခွိက်(၃၂)နှစ်တို့ မော်တော်ဆိုင်ကယ်ဖြင့် ထပ်မံရောက်ရှိလာသဖြင့် ၎င်းတို့အား ထိန်းသိမ်းပြီး ၁၂ ဘီးမော်တော်ယာဉ်အား ရှာဖွေခဲ့ရာ မော်တော်ယာဉ်အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၃ သိန်း၊ ဘိန်းဖြူ ၆ ဒသမ ၆ ကီလို နှင့် ဘိန်းဆီခဲ ၆၂ ဒသမ ၄ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ပြီး အိုက်စံ(ခ)၀င်းဆိုင်(ခ)အားရှန် နှင့် ရော်ကျိန်းရန် (ခ)အားခွိက် တိုသည် မန္တလေးတွင် လက်ခံသူများဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့သိရပါတယ်။
ymg/hm
#Yangon_Media_Group
#WorldHealth
Published 09 March 2022
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း တိုင်းပြည်ဝင်ခွင့်ပိတ်ပင်ခြင်းတွေ၊ သီးသန့်ခွဲနေထိုင်ခြင်းတွေ၊ စီးပွားရေးအခြေအနေဖိအားတိုးလာခြင်းတွေ၊ စိုးရိမ်ပူပန်ရခြင်းတွေနဲ့ ရှေ့ရေးမသေချာမရေရာခြင်းတွေ ကြုံတွေ့ခဲ့ရတာကြောင့် လူတိုင်းရဲ့ဘဝကို အပြောင်းအလဲဖြစ်စေခဲ့ပါတယ်။
ပြီးခဲ့တဲ့ကာလများအတွင်း လူအများစုဟာ သွားလာလှုပ်ရှားမှုနည်းပါးပြီး အစားပိုစားဖြစ်ခဲ့ကြပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ကလေးတွေနဲ့ လူငယ်လူလတ်တွေကြား အဝလွန်ရောဂါအဖြစ်များလာကြောင်း အများအပြားရေးသားဖော်ပြခဲ့ကြပါတယ်။
ကိုယ်အလေးချိန်ဘယ်လောက်အထိ မြင့်တက်လာလဲ၊ ဘယ်အရာတွေကြောင့် မြင့်တက်လာရလဲဆိုတာ အခုတော့ရှင်းလင်းသိရှိလာရပြီဖြစ်ပါတယ်။
ကပ်ရောဂါမတိုင်ခင်ကာလ၊ ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလနဲ့ ကပ်ရောဂါအပြီးကာလတွေမှာ အမေရိကန်မှလူပေါင်း ၁ သိန်းခွဲကို ကျန်းမာရေးအခြေအနေဆန်းစစ်မှုများပြုလုပ်ကာ လေ့လာခဲ့ကြပါတယ်။
၂၀၂၀ မတ်လကစပြီး ကမ္ဘာတဝန်းကလူတွေမှာ ပျမ်းမျှခြင်းအားဖြင့် ကိုယ်အလေးချိန် ၁၂ ကီလိုဂရမ်တက်လာခဲ့ကြောင်း ဟားဗတ်က ဖော်ပြခဲ့ပါတယ်။
စမ်းသပ်ခံသူ ၃၉ ရာခိုင်နှုန်းက ၁ ကီလိုဂရမ်နဲ့အထက်၊ လူပေါင်း ၂၅ ရာခိုင်နှုန်းက ၅ ကီလိုဂရမ်၊ ၁၀ ရာခိုင်နှုန်းက ၅ ကီလိုဂရမ်နဲ့အထက်၊ ၂ ရာခိုင်နှုန်းက ၁၂ ကီလိုဂရမ်နဲ့အထက် ကိုယ်အလေးချိန်မြင့်တက်လာခဲ့ပါတယ်။
ကိုယ်အလေးချိန်တက်လာချင်တဲ့သူတွေပဲ ဝိတ်တက်လာတာမဟုတ်ဘဲ လူဦးရေအတော်များများမှာပါ ကိုယ်အလေးချိန်တက်လာခဲ့တာဖြစ်ပါတယ်။
အဝလွန်ခြင်းဖြစ်လာရတဲ့အဓိကအကြောင်းအရင်းတွေထဲမှာ စိတ်ဖိစီးမှုအပါအဝင်ဖြစ်ပြီး ဦးနှောက်ထဲမှာ ကော်တီစောလ်ဟော်မုန်းထွက်လာစေပါတယ်။
ကော်တီစောလ်ဟော်မုန်းကြောင့် ကာဗိုဟိုက်ဒရိတ်၊ သကြားဓာတ်၊ အဆီဓာတ်၊ ဆားဓာတ်တို ပိုမိုစုဝေးလာစေပါတယ်။
ဒီအချက်တွေအပြင် လှုပ်ရှားလေ့ကျင့်မှုပြုလုပ်ခြင်းနည်းပါးသွားတဲ့အခါ ကိုယ်အလေးချိန်မြင့်တက်လာစေတာပဲဖြစ်ပါတယ်။
ဒီလိုကိုယ်အလေးချိန်တက်လာခြင်းက နှလုံးရောဂါနဲ့ ကြွက်သားထိခိုက်ခြင်းတို့ဖြစ်လာနိုင်စေတဲ့ ဆီးချိုရောဂါဒုတိယအမျိုးအစားဖြစ်လာဖို့ အခွင့်အလမ်းများနေပါတယ်။
အဝလွန်ခြင်းက ရောဂါလက္ခဏာအမျိုးမျိုးဖြစ်ပေါ်လာစေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း တဲလ်အဗစ်မြို့ အဝလွန်ရောဂါကုသရေးစင်တာမှ ညွှန်ကြားရေးမှူး ဒေါက်တာ'ရှိင်းအယ်လ်ဒါ'က ရှင်းပြပါတယ်။
"ဒီရောဂါဟာ ဇီဝကမ္မမျိုးရိုးလိုက်ခြင်းမျိုးဖြစ်ပါတယ်။ အစားအသောက် နေထိုင်မှုပုံစံများဖြင့် ထိန်းချုပ်လိုရပေမယ့် ဝိတ်ချဖို့ကြိုးစားပြီးနောက် အရင်လိုပြန်ဝလာတတ်တဲ့အပြင် အရင်ကထက် နှစ်ဆလောက်ပိုဝလာတာမျိုးလည်း ရှိတတ်ပါတယ်" လို့ ပြောပြသွားပါတယ်။
ဒီအတွက် ကိုယ်အလေးချိန်လျော့ကျစေရန်ခွဲစိတ်မှုလိုမျိုးအပြင် အခြားကုသနည်းများများစားစားရှိမနေပါဘူး။
အသက်အန္တရာယ်ကိုပါထိခိုက်လာစေတဲ့ အဝလွန်ရောဂါမျိုးမှာ အခြားကုသနည်းတွေနဲ့မကုသနိုင်ရင်တော့ ဒီလိုခွဲစိတ်မှုမျိုးတွေ ပြုလုပ်နိုင်ပါတယ်။
Source: The Jerusalem Post.
#Yangon_Media_Group
Page 1344 of 1403